No Complain, Follow His Will


စောဒကတက်ခြင်းဆို​သောအရာကို လူတိုင်းလုပ်ဖူးကြမည်ထင်ပါသည်။ "ငါ့ကို အထွန့်မတက်နဲ့"ဟုလည်း​ပြောဖူး ကြားဖူးကြဦးမည်။ အလုပ်တခုခုကိုဖြစ်​စေ၊ အ​ကြောင်းတခုခုကိုဖြစ်​စေ လုပ်​​​ဆောင်ရာတွင် တဦးတ​ယောက်က ပြန်လည်၍ စောဒကတက်ခြင်းမျိုး၊ အထွန့်တက်ခြင်းမျိုး​များကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ ... မိခင်လုပ်သူက ထမင်းအိုးတည်ခိုင်းရာတွင် သားသမီးဖြစ်သူက ထမင်းအိုးမတည်ချင်၍ ​စောဒတက်ခြင်း၊ သို့တည်းမဟုတ် ထမင်းအိုးသည် တည်ရန်အဆင်​ပြေ​နေ​သော်လည်း မိခင်၏ထမင်းအိုးက ​သေး​နေ၍ ပိုကြီးသော ထမင်းအိုးနှင့်သာ အဆင်​ပြေမည်ဟူ၍ အထွန့်တက်ခြင်းမျိုးဖြစ်​ပေသည်။ 

စာရေးသူတို့ ယုံကြည်သူများသည်လည်း အင်မတန် ​စောဒကတက်ကြသူများဖြစ်ကြသည်ကို မမေ့အပ်ပေ။ တခုခုဆိုလျှင် ​စောဒက,က​လေးတက်လိုက်ရမှ၊ တခုခုဆိုလျှင် အထွန့်​ကလေး​​တော့ တက်လိုက်ရမှ ​နေသာထိုင်သာရှိတတ်ကြသူများဟု ယိုးမယ်ဖွဲ့ရပါဦး​တော့မည် မဟုတ်လေလော။ အဆိုပါကိစ္စများအား ဆင်ခြင်ကြည့်ရှုရာတွင် အထွန့်တက်ခြင်း ​စောဒကတက်ခြင်းဆိုသောအရာသည် မိမိတို့၏ ဇာတိသ​ဘောအလိုဆန္ဒ​ကြောင့်သာ ဖြစ်သည်ဟု ဆိုရပေမည်။ မယုတ်တမ်းသာ အလို​​တော်ဝန်ခံနိုင်ခြင်း ရှိလျှင်​တော့ "ဒီလိုဆိုရင်ကောင်းမယ်တို့၊ ဟိုလိုမှဖြစ်မယ်တို့" စသဖြင့် အထွန့်​​အတက်​​၊ အကိုင်း​အခက်​တွေ ​စောဒ​က​​တွေ တက်​နေကြမည်မဟုတ်ပေ။ 

တမန်​တော်ဝတ္ထု အခန်းကြီး (၉)ကိုဖတ်ရှုကြည့်သောအခါတွင် ​ရှင်ပေါလု (ရှောလု)၏အဖြစ်ကို မြင်​တွေ့ရပါမည်ဖြစ်သည်။ ၎င်းသည် ခရစ်ယာန်​များကို နှိပ်စက်ညှင်းဆဲ​သောသူ၊ အကျဥ်းချဖမ်းဆီးတတ်​သောသူ၊ အသက် အန္တရာယ်ကို ရန်ရှာခြိမ်း​ခြောက်တတ်သူ၊ ခရစ်ယာန်​များကို သတ်ရ​သည်အထိ စိတ်ခွန်အားကြီးသူတ​ယောက်ဖြစ်သည်။ ဒမာသတ်သွားရာလမ်းတွင် မမျှော်လင့်ထားသော အလင်းတန်းကိုမြင်ရှုရပြီးသည့်​နောက်တွင် "ရှောလု ​ရှောလု အဘယ်​ကြောင့်ငါ့ကို ညှဥ်းဆဲသနည်း"ဆို​သော အသံကိုကြားကာ မျက်စိမမြင်​ရတော့​ပေ။ 

အဆိုပါ အဖြစ်​ကြောင့် ​ရှောလု​ပေါ်သို့ လက်တင်၍ ဆု​တောင်း​ပေးရန် ​အာနနိသည် စေလွှတ်ခြင်းကိုခံရသည်။ အာနနိကလည်း "ကိုယ်​တော် ဒီလူက ​ယေရုရှလင်မြို့က သန့်ရှင်းသူ​တွေကို ညှဥ်းဆဲတဲ့သူလို့ ကြားဖူးတယ်​နော်၊ ကျွန်​တော်တို့ခရစ်ယာန်​တွေကို နှိပ်စက်​တဲ့သူ​လေ၊ ခရစ်ယာန်​တွေကိုဖမ်းတာလည်းသူ​ပေါ့၊ သတ်ပစ်​တာလည်းသူပဲ၊ ဒီကိုလာတာလည်း အကြံနဲ့လာတာ ဖမ်းဆီးဖို့ပဲ​လေကိုယ်​တော်၊ ယဇ်ပ​ရောဟိတ်ရဲ့ အခွင့်နဲ့​တောင် လာတာဆိုတဲ့ ​စောဒက​လေးကို မြင်ရပါတယ်" 

သူ့​နေရာတွင် ကြည့်လျှင်​တော့ ဟုတ်နိုင်ပါသည်။ စိုးရိမ်ဖွယ်ရာ​ကောင်းပါသည်။ ​ကြောက်စရာဖြစ်နေသည်။ မိမိအား ဒုက္ခ​ပေးသောသူပဲ၊ ကန်းပါ​စေ၊ ကန်းလဲ​​အေး​ရော၊ ကန်းရုံမျှသာမက နားပါမကြားရလျှင် ပို​၍ပင်ကောင်ပေး​သေးသည် မဟုတ်ပေလော။ သို့ရာတွင် အာနနိ၏ ဥာဏ်​တထွာတမိုက်​သည် ဘုရားသခင်၏ အကြံအစည်​တော်အား မည်၍မည်ပုံ မှီနိင်ပါမည်နည်း။ 

အတုယူရန်မှာ ... အာနနိစိုးရိမ်သည်၊ ​ကြောက်ရွံ့မိနိုင်သည်၊ အဆိုပါလူကို မ​ကောင်းသောသူဟု သိသည်။ သို့​ရာတွင် အလို​​တော်အတိုင်း ဆက်သွားသည်ကိုတော့ မြင်​တွေ့ရလေသည်။ ထို့​ကြောင့်လည်း ရှင်​ပေါလုအားဘုရားသခင် မည်၍မည်ပုံ အသုံးပြုမည်ဆိုသည်ကို သူသိခဲ့ရသည်။ အမှန်တကယ်တွင်လည်း ရှင်​ပေါလု၏ အသက်တာသည် လုံးဝခြားနာသွားသည်မှာ အားလုံးအသိပင် မဟုတ်ပါလော။ 

သခင်ဘုရားကလည်း၊ ထိုသူကားတပါး အမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ်၏။ 
(တမန်တော်ဝထ္ထု ၉:၁၅)

ဆက်လက်၍ တမန်​တော်ဝတ္ထု အခန်းကြီး (၁၆)ကို ဖတ်ရှုရလျှင် ဝိညာဥ်​​တော်မြစ်တားခြင်းကို တွေ့မြင်ရပါသည်။ အာရှရိပြည်တွင် နှုတ်ကပတ်​တော်​ဝေငှရန်နှင့် ဧဝံ​​ဂေလိ​ဟောကြားရန် မြစ်တားခြင်းခံရပါသည်။ ​ပြောမယ်ဆိုလျှင် ဧဝံ​ဂေလိတရား​ဟောကြားခြင်း​သည် အင်မတန်မွန်မြတ်သောအရာဖြစ်​သော်လည်း ဘုရားသခင်ပြင်ဆင်သော အခြားအချင်းအရာများလည်း ရှိသေးသည်​ကြောင့် ထိုအချိန်အား တားမြစ်၍ တပါးအခြားတိုင်းပြည်သို့ သွား​စေရန် ဖြစ်​စေခဲ့သည်။ လူ့အ​နေနှင့်ကြည့်လျှင် "ဧဝံ​ဂေလိတရားကို မြစ်တားတယ် ရှင်​ပေါလုကို မသွားဖို့တားမြစ်တယ် ဒါ့​ကြောင့် ဒီအရပ်က အ​မှောင်​လောကသား​တွေ၊ မိစ္ဆာ​​ကောင်တွေ၊ လူမိုက်​တွေ၊ ပညာမဲ့​တွေ၊ ဘုရားသခင်​၏ ကျေးဇူး​တော်မရှိတဲ့အရပ်၊ ​ရှင်​ပေါလုကို မြစ်တားလို့ ဒီအရပ်မှာ ​ကျေးဇူး​တော်ကာလကုန်ပြီ"ဟု လူ့သ​ဘောနှင့် ​ပေါက်ကရမှတ်ထင်နိုင်​သော်လည်း ရှင်​ပေါလုသည် မထင်မှတ်ခဲ့သလို အခြားသူများလည်း မထင်ခဲ့ကြပါချေ။ 

ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်သည်မြစ်တားတော်မူသဖြင့်၊ 
(တမန်တော်ဝထ္ထု ၁၆:၆)

မုသိပြည်သို့ရောက်ရှိ​သော်လည်း ဗိသုန်ပြည်သို့သွားခြင်းငှာ အခွင့်မ​ပေးခဲ့ပြန်။ ဤသို့နှင့် တ​ရောမြို့သို့ရောက်သောအခါတွင်​တော့ မာ​ကေ​​ဒေါနိပြည်သို့သွား၍ ထိုသူ​များအား မစ​စေရန် ဗျာဒိတ်​တော်ကိုရခဲ့သည်မဟုတ်ပါလား။ အဆိုပါအရာများအား ကြည့်ရှုဆင်ခြင်ရမည်ဆိုလျှင် ဘုရားသခင် မြစ်တား​သောအရာများတွင်ဘုရားသခင်၏ အကြံအစည်​တော်ရှိသည်။ ​ဧဝံ​ဂေလိတရားအား​ အာရှိပြည်တွင် ​ဟောကြားသည်မှာ "မကောင်းဘူးလားဟု ​မေးလျှင် ​ကောင်းတယ်​ဟု ဖြေကြမှာပါ" သို့​ရာတွင် လျှာမရှည်ရန်နှင့် အလို​​တော်က မာ​ကေ​ဒေါနိသို့သွားဟု ​ပြောလျှင် သွားရမည်မှာ ရှင်​ပေါလု၏အလုပ်ပင်။ တခါတခါတွင် ကျွန်ုပ်တို့ ခရစ်ယာန်များက လျှာရှည် အာချောင်တတ်ကြသည်မဟုတ်ပါလား။ 

ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကို ခေါ်တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။ 
(တမန်တော်ဝထ္ထု ၁၆:၁၀)

ကျွန်ုပ်တို့ယုံကြည်သူများသည် အင်မတန်လျှာရှည်တတ်​သော မျိုးနွယ်များဖြစ်သည်ဟု ထပ်လောင်းဆိုချင်ပါသေးသည်။ ဘုရားသခင်​ပေးသည်ကို မလိုချင်၊ ထားရာတွင် မ​နေချင်၊ စေခိုင်းသည်ကို မလုပ်ချင်၊ ​ပြောသည်ကို နားမ​ထောင်ချင်​သော အဖြစ်များလည်း ဖြစ်​နေကြမှန်းမသိ ဖြစ်​နေတတ်ကြပါသည်။ မိမိတို့၏ ဇာတိသ​ဘော၊ မိမိတို့၏ပညာဥာဏ်​မျက်စိ တထွာတမိုက်​လောက်ဖြင့် မိမိ​ကောင်းသည်ထင်ရာကိုသာ ဇွတ်​အတင်း တောင်းဆိုတတ်ကြသည်။ ​ကောင်းသည်ဟုထင်ရာသာ ဇွတ်လုပ်တတ်ကြသည်။ ဘုရားသခင်ထက်သာ၍ သိကြတတ်ကြသ​ယောင်ယောင်လည်း လုပ်မိကြသေးသည်။ အလို​​တော်က ဘာမှန်းမသိကြကာ မိမိတို့၏ ဇာတိပကတိ သ​ဘောတွင်သာ ​ကောင်းမည်ဟုထင်ရာကိုသာ စောဒကတတ်ကြသူများ ဖြစ်​နေတတ်ကြသည်။ ဘုရားသခင်က အ​ဖြေတခု​ပေးထားလျှင် လက်မခံနိုင်၊ ဝန်မခံနိုင်ကြ​ပေ။ "ဒါ​လေးက ဘယ်လို၊ ဒါ​လေးက​တော့ ​ဒီလိုမှ​ကောင်းတာ​ပေါ့၊ ဒါကြီးဆို ဘယ်​ကောင်းမလဲ" စသဖြင့် ​စောဒကလေး​များ အထွန့်​ကလေး​များတက်ရင်း တမန်တော်ကြီး ရှင်​ပေါလုအား မျက်စိကန်း​စေချင်သူနှင့် အာရှိပြည်၌သာ နှုတ်ကပတ်​တရား​ဟောကြားချင်​နေကြသူ​များ ဖြစ်​​နေသည်လားဆိုသည်ကို ဆင်ခြင်ကြည့်ရန်လိုအပ်ပါသည်။ 

သို့ပါသောကြောင့် ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ အလို​တော်ကို ဝန်ခံနိုင်ရန်လိုအပ်ပါသည်။ မိမိ၏ ပုဂ္ဂလအမြင်တွင် ​ကောင်းမည်ဟု မှတ်ထင်​ရနိုင်ချေရှိသော်လည်း အဆိုပါအရာအား သန့်ရှင်းသောဝိညာဥ်​​တော်က မြစ်တားခြင်းဖြစ်သောအခါတွင် ဝန်ခံနိုင်ခြင်း လက်ခံနိုင်ခြင်းရှိတတ်ရမည်ဖြစ်သည်။ တခါတရံ မိမိအမြင် တွင် လူတ​ယောက်သည် "မ​ကောင်းဘူး၊ ခရစ်ယာန်​များကို ထိခိုက်စေသူ"ဟု ထင်ရနိုင်ချေရှိ​သော်လည်း ဘုရားသခင်၏ ဆု​တောင်း​ပေးပါဟုဆို​သော အရာ​ပေါ်တွင် နာခံသူဖြစ်ရပါမည်။ အသင်း​တော်အား ညှဥ်းဆဲသူ၊ ခရစ်ယာန်​များအား ဖမ်းဆီးသူဟု ထင်ရ​သောသူကို ဘုရားသခင်​ရွေး​ကောက်သောအခါတွင်လည်း အလို​​တော်ကို ဝန်ခံနိုင်သောသူ ဖြစ်ရပါမည်။ အဘယ့်ကြောင့်ဆို​သော် ယုံကြည်သူတို့၏ဥာဏ်​မျက်စိ တထွာတမိုက်​လောက်ဖြင့် ဘုရားသခင်၏ အကြံအစည်​တော်ကို သူ့ထက်သာ၍ သိသ​ယောင်​ယောင် မဖြစ်​စေဖို့ရန်မှာ အင်မတန် အ​ရေးကြီး​သော​ကြောင့်ပင် ဖြစ်သည်။ 

ထို့ကြောင့် ယုံကြည်သူများသည် ဘုရားသခင်၏ အလို​တော်ကို ဝန်ခံနိုင်သောသူ ဖြစ်ကြရမည်ဖြစ်ပြီး အထွန့်၊ ​စောဒက​ မတတ်ကြ​သောသူများ ဖြစ်နိုင်ကြပါစေဟု တိုက်တွန်းခွန်အားပေးရင်း အနည်းငယ် ​ဝေမျှလိုက်ရပါသည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 


Titus Kyaw Nyi 


(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)