လောကမှာ လူသားများစွာ အသက်ရှင်နေထိုင်ကြတယ်။ ဒီအထဲမှာမှ ခရစ်တော်ကို မသိတဲ့သူတွေ ဘယ်လောက်ရှိမလဲ၊ သိတော့သိတယ် ကယ်တင်ခြင်းမရသေးတဲ့သူတွေရော ဘယ်လောက်ရှိမလဲ၊ စဥ်းစားစရာဖြစ်ပါတယ်။ တချို့ကလည်း ငါက အပြစ်များလွန်းတယ်၊ ငါ့ကို ဘာမှမကယ်နိုင်တော့ဘူး၊ ခေတ်စကားနဲ့ပြောရရင် ဆေးမမှီတော့ဘူးလို့ ဆိုကောင်းဆိုချင်စရာ ဖြစ်ကောင်းဖြစ်နေမယ်။ တမလွန်အတွက် အဖြေမရှိတော့ဘူးလို့ ထင်ပြီးတော့ ပျောက်နေတဲ့လမ်းကို စမ်းတဝါးဝါး လျှောက်ရင်း၊ တိုးရင်း သွားရင်း၊ ပြေးရင်းနဲ့ ပျောက်မှန်းမသိ ပျောက်ဆုံးလာကာ လောကထဲက စကားများနောက်ကိုပဲလိုက်မှီရင်း လိုက်ရင်းနှင့် အဖြေအတိအကျမရှိတဲ့တမလွန်ရဲ့ ဝင်္ကပါထဲ တဝဲလည်လည် ရောက်ရှိရမဲ့အရေးကို ရောက်လို့လာတတ်ကြပါတယ်။
နို့ပေတဲ့ မိတ်ဆွေ ... သင်ဘယ်တော့မှ နောက်မကျပါဘူး။ ယေရှုခရစ်တော်က ပျောက်သောသူတွေကို ကယ်တင်ဖို့အတွက် ကြွလာတယ်လို့ ဆိုရရင်လည်း မမှားပါဘူး။ မိတ်တွေရဲ့ အခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ၊ မိတ်တွေကိုရှာနေတဲ့ သခင်က သင့်ကို လက်ခံတယ်ဆိုတာကို သိစေချင်ပါတယ်။
"ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။"
(ရှင်မဿဲခရစ်ဝင် ၁၈:၁၁)
အခန်းငယ် (၁၂-၁၃)ကိုကြည့်မယ်ဆိုရင် သိုးတရာရှိတဲ့ ပိုင်ရှင်တယောက်က တကောင်ပျောက်သွားရင် (၉၉)ကောင်ကို ထားခဲ့ပြီးတော့ လမ်းလွဲ လမ်းပျောက်သွားတဲ့ တကောင်နောက်ကိုသာ လိုက်ရှာတတ်တယ်မဟုတ်လားလို့ ဆိုသလို၊ ပြန်တွေ့တဲ့အခါမှာလည်း လမ်းမလွဲတဲ့ (၉၉)ကောင်ထက် လမ်းလွဲပြီးပျောက်သွားတဲ့ တကောင်အပေါ်မှာ ပိုပြီးတော့ ဝမ်းမြောက်တယ်လို့ ဆိုတာကို မြင်ရပါတယ်။
ဒီလိုပါပဲ ပျောက်ဆုံးနေတဲ့ သိုးတကောင်က မိတ်ဆွေ (ဝါ) သင်လည်း ဖြစ်နိုင်ပါတယ်။ မိတ်တွေရဲ့ မဖြစ်နိုင်ဘူးလို့ထင်နေတဲ့ တမလွန်အတွက် မိတ်ဆွေမလုပ်နိုင်တဲ့လမ်းအတွက် သူ (တနည်း)သခင်ယေရှုခရစ်တော်က ပေးဆပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် တမလွန်အရေး ဘယ်လိုရှေ့ဆက်ရမလဲ မသိဘဲ လမ်းလွဲပြီး ပျောက်နေသလား၊ ဒါမှမဟုတ် အပြစ်တွေများလွန်းလို့ဆိုပြီး ဆေးမမီနိုင်ဘူးလို့ ယူဆနေပါသလား။ မိဆွေရဲ့စစ်မှန်တဲ့ နောင်တကို သခင်အလိုရှိပါတယ်။ ပျောက်ရာမှ ပြန်တွေ့သော သိုးဟာ မိတ်ဆွေလည်းဖြစ်နိုင်ပါတယ်။ စစ်မှန်တဲ့နောင်တရတဲ့ မိတ်တွေကို ပြန်တွေ့ရတဲ့အခါမှာ သခင်က ဝမ်းမြောက်နေတယ်ဆိုတာကို နားလည်စေချင်ပါတယ်။
ဒါ့ကြောင့် ကယ်တင်ရာနေ့ရက်ဟာ ဒီနေ့ပဲဖြစ်တာကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
"ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက် လက်ဝါးကားတိုင်ပေါ်မှာ အသေခံအသွေးသွန်းပြီး သင်္ဂြုဟ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း ၃ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်"
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi
(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)