အခုဆိုရင် ၂၀၂၀ ခုနှစ် နိုဝင်ဘာရဲ့ ၃ရက်နေ့ မနက်ပိုင်းကို ရောက်ရှိလို့လာပါပြီ။ ဒီလိုနေ့ရက်ကို မရောက်ရှိလိုက်ရတဲ့ လူတွေများစွာလည်း ရှိနေနိုင်ပါတယ်။ ဒါဟာ တကယ့်ကို ကြုံရနိုင်တဲ့ကိစ္စပါ။ မနက်ဖြန်ဆိုတာကို လူတိုင်းရောက်ချင်ကြပါတယ်၊ တချို့ကလည်း မနက်ထဖို့ နှိုးစက်တွေ ပေးထားကြမယ်၊ အချိန်းအချက်တွေလည်း ရှိကြမယ်။ ဒီလူတွေထဲကမှ တချို့ကတော့ မနက်ဖြန်ရဲ့ လေကို ရှူရှိုက်ခွင့်ရခဲ့ကြပေမယ့်၊ တချို့ကတော့ မရောက်ရှိလိုက်ကြဘူးဆိုတာကို ငြင်းနိုင်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။
တချို့က မနေ့ကအထိ အတူရှိခဲ့ကြတယ်၊ မနက်ဖြန်မှာတော့ ပျောက်ကွယ်သွားကြတယ်။ တချို့က ထမင်းအတူတူစားခဲ့တုန်းက အကောင်းကြီးပဲ၊ မနက်ရောက်မှ လောကကို နှုတ်ဆက်သွားတယ်။ ကိုလေးဖြူ ကိုအယ်ဖြူတို့ရဲ့ "သတိ" ဆိုတဲ့သီချင်းလေးလို "လက်ပြပြီးတော့ ကားပေါ်တက်သွား ... ဆေးလိပ်ဖြတ်ဦးတဲ့ ... ကျန်းမာရေးက သိပ်ချူချာတာ ... ငါ့ကိုသတိပေးသွား ... နောက်ဆုံးတွေ့လိုက်တဲ့ နေ့တုန်းက ....." ဟုတ်ပါတယ် ဒီလို အဖြစ်အပျက်မျိုး ဘယ်လောက်ရှိကြမယ်လို့ ထင်ကြပါသလဲ။
ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုအဖြစ်ကို ကြုံခဲ့ဖူးပါတယ်။ အဖိုးခေါ်တော်မူခြင်း မခံရခင် ညမှာ မြန်မာဘောလုံးအသင်းရဲ့ ပြိုင်ပွဲတစ်ခုရှိနေခဲ့တယ်။ အဖိုးနေမကောင်းဖြစ်နေတဲ့အချိန်ပေမယ့် သူအဲ့နေ့ည အဲ့ဒီအချိန်မှာ သူနေကောင်းပါတယ်။ သူလန်းဆန်းစွာ ထလာတယ်၊ ဘောလုံးပွဲကို အတူတူကြည့်တယ်၊ မြန်မာအသင်းကို အားမလို အားမရဖြစ်ကာ ပြောဆိုလိုက်သေးလေရဲ့။ နောက်ဖေးသွားတော့ ကျွန်တော့်ဖိနပ်ကို ဝတ်သွားလိုက်သေးတယ်လေ။ ပြောနိုင်ဆိုနိုင်၊ အားလဲရှိ၊ ပြန်ကောင်းပြီထင်နေသော်လည်း မနက်ရောက်တော့ ခေါ်တော်မူခြင်းခံရပါတယ်။ လူ့ဘဝက တကယ့်ကို အခိုးအငွေ့တစ်ခုပါ။ ညကမြင်ခဲ့တယ်၊ စကားတွေပြောရင်း၊ ဘောလုံးပွဲကို အတူတူကြည့်ခဲ့ကြရပေမယ့် မနက်ဖြန်ကို မသိနိုင်ဘူးလေ။
ရှင်ယာကုပ်ဩဝါဒစာ ၄:၁၄
နက်ဖြန်နေ့၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။
ဒီလိုပါပဲ နက်ဖြန်ဆိုတာကို မသိနိုင်ကြတာကြောင့်၊ မနက်ဖြန်ဆိုတဲ့ နေ့ရက်ကို ဝင်စားကြရမလား၊ ဒီနေ့ည ၁၂နာရီကို ရောက်ပါ့မလားဆိုတာ မည်သူမျှမသိနိုင်တာကိုတော့ လက်ခံကြမယ်ထင်ပါတယ်။ သီချင်းလေးထဲကအတိုင်း တကယ်ကို လက်ပြပြီးကားပေါ်တက်သွားတဲ့ သူငယ်ချင်းကို နောက်တစ်ကြိမ်မမြင်ကြတော့သလို၊ ကျွန်တော်နဲ့နောက်ဆုံး ဘောလုံးပွဲအတူတူကြည့်ခဲ့တဲ့ အဖိုးကို နောက်တစ်ခါဒီလောကမှာတော့ မမြင်တော့ပါဘူး။
မနက်ဖြန်ကို ကိုယ်ဘာဖြစ်မယ် မသိပေမယ့် ကျေးဇူးတော်ကြောင့် အဖိုးကတော့ ကယ်တင်ခြင်းစိတ်ချမှုရှိခဲ့ပါတယ်။ သူအေးချမ်းစွာ ဖြတ်သန်းသွားခဲ့သလို၊ ကျန်ရစ်သူ မိသားစုမှာလည်း အေးချမ်းစွာ ချီးမွမ်းနိုင်ခဲ့တယ်။ ချစ်ရတဲ့သူတစ်ယောက် ထွက်ခွာထားတာ ဝမ်းနည်းစရာမှန်သော်လည်း တမလွန်မှာ ပြန်တွေ့မယ်ဆိုတဲ့ ယုံကြည်ခြင်းကြောင့် ဝမ်းမြောက်ခြင်းသည် ငိုကြွေးဝမ်းနည်းခြင်းထက် သာ၍ ကြီးခဲ့လေရဲ့။
ဒီလိုမျိုး မနက်ဖြန်အတွက် နှုတ်ဆက်ချိန်ကို စိတ်ချနေဖို့ ကယ်တင်ရှင်ဖြစ်တဲ့ သခင်ယေရှုခရစ်တော်တစ်ပါးတည်းသာ တတ်နိုင်တယ်ဆိုတာကဟာ ငြင်းဆန်လို့မရတဲ့ သမ္မာတရားပင်ဖြစ်ပါတယ်။ ဘယ်ဘုရားမှ အာမ မခံတဲ့ တမလွန်ရဲ့ စိတ်ချမှု၊ ကယ်တင်ခြင်းကို ထိုသခင်သည် အာမခံပေးလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေရဲ့ တမလွန်အရေး စိတ်အေးစေဖို့၊ မနက်ဖြန်မှာ မိမိရဲ့ အသက်အခိုးအငွေ့လေး ထွက်သွားစေဦးတော့ စိတ်ချစွာနဲ့ဝမ်းမြောက်စေဖို့ရာ မြည်းစမ်းကြည့်ပါလို့သာ ပြောရင်း ထိုသခင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် မိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
"ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်"
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi
(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)