သိစေရန်

 

အခုမှ အမှုတော်ဆောင်မဲ့သူတွေအတွက် မဖြစ်မနေ သိထားရမဲ့အချက် အနည်းငယ်ပြောပြချင်ပါတယ်


၁။ ကိုယ်ပိုင်နိုင်တဲ့ အကြောင်းအရာပဲ ဝေမျှပါ

ဘယ်ကစမ်းစမ်း ညာကစမ်းစမ်း ဟာကွက်ထောက်ကွက်မရှိ စေ့စုံစွာ တင်ဆက်ဟောပြောနိုင်ဖို့ 

အရေးကြီးပါတယ် 

ဘာကြောင့် ကိုယ်ပိုင်နိုင်တာပဲ ပြောခိုင်းတာလဲဆိုရင် 

ကိုယ့်ဝေငှမှုသွန်သင်မှုထဲကနေ နားထောင်တဲ့သင်တန်းသား၊ ပရိသတ်က 

မေးခွန်းမေးချင်တာတွေ မေးလာတဲ့အခါ

ဖြေစရာ အဖြေရှိအောင်ပါ။

၃၀ရာခိုင်နှုန်းလောက်ပဲ ကိုယ်ရှင်းပြနိုင်တဲ့အရာကို စိတ်လော ပြောချင်အားကြီးပြီး မသင်ပါနဲ့ 

ကိုယ်မရှင်းနိုင်တဲ့ ၇၀ရာခိုင်နှုန်းထဲကနေ မေးလာလို့ မ​ဖြေနိုင်ရင် 

အရှက်ကွဲတတ်လို့ပါ


၂။ ကြိုတင်ပြင်ဆင်ပါ

ကိုယ်ဝေငှမဲ့အရာက ခေါင်းစဉ်အပေါ်တည်ပြီး 

ဝေငှမဲ့အရာလား အဖြစ်အပျက်အပေါ်မူတည်ပြီး ဝေငှမဲ့အရာလား 

ကျမ်းပိုဒ် တခန်း (သို့) ကျမ်းတပိုဒ်အပေါ်တည်ပြီး 

ဝေငှမဲ့အရာလားဆိုတာ သေချာရွေးချယ်ပါ 

ဆက်စပ်တဲ့ ကျမ်းပြိုင်ရွေးပါ 

ဘာပြီးရင် ဘာပြောမယ်ဆိုတာ Outlineအနေနဲ့  

မှတ်စုစာရွက်အပေါ်မှာ သေချာချရေးထားပါ 

ငါသိပြီးသား ကျမ်းပိုဒ်တွေ အဖြစ်အပျက်တွေဆိုပြီး 

လက်တန်းမပြောပါနဲ့ အလွဲလွဲအမှားမှား ဖြစ်တတ်တယ်။


၃။ ပရိသတ်အကြိုက်မလိုက်ပါနဲ့ ဘုရားပြောခိုင်းတာပဲပြောပါ 

ပုံတိုပတ်စတွေ ဟိုဆရာမဆီက ဒီဆရာမဆီက 

ဝေငှချက်တွေယူ ရောသမမွှေပြီး မပြောပါနဲ့ 

နာမည်ကြီးတရားဟောချက်တွေ လူကြိုက်မယ်ထင်တဲ့အရာတွေကိုပြောခြင်းမဟုတ်ပဲ 

ကိုယ့်ကိုဘုရားသွန်သင်တဲ့အရာ ဘုရားရှေ့မှာ ကိုယ်ပြုပြင်ခဲ့တဲ့အရာကိုပဲ ဝေငှပါ 

လူတွေလိုအပ်နေတာ အသိမဟုတ်ပါဘူး

အသက်ပါ။


၄။ ပရိသတ်အပေါ်  ရိုးသားပါ

ဆိုလိုတာက ခံယူနားထောင်နေသူဘက်က မေးလာတဲ့အခါ 

သိရင်သိတယ် မသိရင်မသိဘူး မှန်ကန်စွာ ဖြေဖို့လိုပါတယ် 

မသိတာကိုမသိဘူးဖြေရင် ရှက်စရာ ဖြစ်မယ်အထင်နဲ့ ဖြီးဖြန်းတာမလုပ်ပါနဲ့ 

အာရွှီးတာက သင့်ကို SMART မဖြစ်စေပါဘူး 

သူ့မေးခွန်းရဲ့အဖြေ ကိုယ့်မှာမရှိရင် 

ဖြေပေးနိုင်မဲ့ ဆရာတစ်ယောက်,ယောက်ကို လမ်းညွန်ပေးလိုက်ပါ 

ဒါမှမဟုတ် သေချာလေ့လာပြီးမှ အဖြေပြန်ပေးမဲ့အကြောင်း ပြောပြပါ 

သမ္မာကျမ်းစာ (၆၆)စောင်ထဲက 

ဝိညာဉ်ရေးရာအနက်အဓိပ္ပါယ်တွေအကုန် လုံးကို 

နှိုက်နှိုက်ချွတ်ချွတ်သိပြီးသားလူ မရှိလို့ပါ။


၅။ အမြဲ ဘုရားနဲ့အချိန်ယူပါ

တရားဟောချက် လေးငါးပုဒ်နဲ့ ပတ်လည်ရိုက်,ဟောနေတဲ့ အမှုတော်ဆောင်မျိုးမဖြစ်စေနဲ့ 

ဖန်တရာတေ အပ်ကြောင်းထပ်နေတဲ့ တရားဟောချက်တွေကို ပြောနေတာမျိုးကြာလာတဲ့အခါ 

ပရိသတ်ရဲ့ လေးစားမှု လျော့ပါတယ်

ဘုရားနဲ့မွေ့ လျော်ခြင်းထဲကနေ ကောင်းကင်ဘဏ္ဍာအသစ်အသစ်တွေကို 

အမြဲတူးဖော်စီးဆင်းသူဖြစ်စေပါ 

အတွင်းလူကို အားနဲ့ဖြည့်ဖို့ ဘုရားစကားကိုခံယူတဲ့အခါ 

ကိုယ်တိုင် လုံလောက်ရုံမက 

သူတပါးကို လျှံထွက်စီးဆင်းတဲ့ အသက်တာ ဖြစ်လာတယ် 


ဒီအချက်(၅)ချက်နဲ့ ပြင်ဆင်တည်ဆောက်ပြီး 

ပြောင်မြောက်တဲ့ ဝေငှဟောပြောသူအဖြစ် ဘုရားအသုံးပြုပါစေ 

God Bless You


"သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေ ခြင်းငှာ။ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့" (၁တိ ၄:၁၅)


Saw Winner


(စာရေးသူ Saw Winnerသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)