ဖာရောဘုရင်၏ ခိုင်မာသောစိတ်နှလုံး

ရှင်သန်နေထိုင်ရာ လူမှုပတ်ဝန်းကျင်တွင် လူအမျိုးမျိုးအဖုံဖုံနှင့် တွေ့ကြုံရသည်။ မြန်မာဆိုရိုးစကားတခုတွင်လည်း "လူအမျိုးမျိုး စိတ်အထွေထွေ"ဟု ကြားဖူးနားဝရှိသည်။ လူများသည် တယောက်နှင့်တယောက် ရုပ်ဆင်နာမည်တူသော်ငြား စိတ်ဓာတ်မှာမှု ကွဲပြားလှသည်။ ရုပ်ရည်ကြမ်းတမ်းသည့်တိုင် စိတ်ဓာတ်မကြမ်းသလို၊ ရုပ်ရည်နုပျိုချောမောသည်တိုင်း စိတ်ဓာတ်နူးညံ့လှသည်မဟုတ်။ 

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဗွီဒီယိုအတိုအထွာလေးတခု ကြည့်ရသည်။ ရုပ်သံဖျော်ဖြေတင်ဆက်သည့် အစီအစဉ်တခုဖြစ်သည်။ ဖျော်ဖြေတင်ဆက်ရာ စင်မြင့်ထက်သို့ မည်သူထွက်ပေါ်လာမည်နည်းဟု ပရိတ်သတ်များ စောင့်မျှော်နေစဉ် ကန့်လန့်ကာ နောက်ကွယ်မှ အသံတခုကြားရသည်။ ထိုအသံသည် အရာဝတ္ထုတခုလိုမ့်လာသည့်အသံဖြစ်သည်။ ထင်မှတ်ထားသည့်အတိုင်းပင် အလွန်ဝပြီး ခွန်အားတောင့်တင်းသည့် လူသန်ကြီး တယောက်မှ အလွန်ကြီးမားပြီး အလေးချိန် (၁၅၀) ကီလိုဂရမ်ထိတိုင်အောင်လေးသည့် ကျောက်တုံးတခုကို လှိမ့်လာခြင်းဖြစ်သည်။ အခြားသောအကူများက ကားတာယာနှစ်ခုကို စင်မြင့်ပေါ်တွင် အကွာအဝေးတခုခြား၍ ကြိုအား တင်ကြိုတင်ထားပေးထားသည်။ လူသန်ကြီးသည် ကားတာယာတခုအနီးသို့ ရောက်သောအခါအလွန်လေးလံသည့် ကျောက်တုံးကြီးကို မ,ကာ တာယာတခုထက်သို့ တင်လိုက်သည်။ အမှတ်ပေးအကဲဖြတ်သည့် ဒိုင်လူကြီးများလည်း အံ့သြမှင်သက်သော အကြည့်များဖြင့် ကြည့်နေကြသည်။ ထိုသို့ကြည့်နေစဉ်အချိန်၌ပင် လူသန်ကြီးသည် ထွက်ခွာလာရာ ကန့်လန့်ကာနောက်ကွယ်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အခြားတဖက်ရှိ ကန့်လန့်ကာနောက်သို့ ပြန်ဝင်သွားသည်။ ထို့နောက် အသံတခုနှင့်အတူ ပြန်ထွက်လာသည်။ ပထမနည်းတူ အခြားကျောက်တုံးကြီးတခုကို လှိမ့်ယူလာခြင်း ဖြစ်သည်။ ယခုတခါ ယူလာသည့် ကျောက်တုံးသည် ပထမကျောက်တုံးကြီးနှင့် အရွယ်အစားချင်းတူညီသော်လည်း အလေးချိန်မှာမူ မတူညီတော့ပေ။ ယခင်ကျောက်တုံးထက် အနည်းအလေးချိန် (၁၅) ကီလိုဂရမ် ပိုလာသည်။ (၁၆၅)ကီလိုဂရမ်လေးသော ဒုတိယကျောက်တုံးကြီးအား ကျန်ရှိသော တာယာပေါ်သို့ မတင်လိုက်ပြန်သည်။ ပရိတ်သတ်မှာလည်း အလွန်ပင် စိတ်ဝင်စားလျက်ရှိနေကြသည်။ သူသည် တခုခုလိုသေးဟန်ပြပြီး ကန့်လန့်ကာနောက်ကွယ် တဖန်ဝင်သွားပြန်သည်။ ယခုတခါတွင်မူ လူသန်ကြီးသည် (၆)ပေခန့်အရှည်ရှိပြီး (၁)ပေခန့်ထူသည့် သံကြိုးများဖြင့်ချည်နှောင်ထားသည့် ပျဉ်ပြားတခုကို ယူလာသည်။ ထိုပျဉ်ပြားကို အကွာအဝေးတခုခြားနေသည့် ကျောက်တုံးကြီးနှစ်ခုပေါ်သို့ တင်လိုက်ပြီးနောက် သူကိုယ်တိုင် တက်ထိုင်လိုက်ပြီး ခဏအနားယူနေသည်။ သူလက်တွင်လည်း မိုက်ခရိုဖုန်းတခုကို ကိုင်ထားသေးသည်။ ပရိတ်သတ်နှင့် အမှတ်ပေးဒိုင်လူကြီးများမှ ဘာဆက်လုပ်မည်လဲ၊ ဘာဆက်လုပ်ပြမှာလဲ” ဆိုသော အတွေးများနှင့်အတူ သူ့ကိုကြည့်ရှုနေကြစဉ်အချိန်၌ပင် နောက်ခံတီးလုံးသံတခုတွက်လာပြီးနောက် လူသန်ကြီးကလည်း မိုက်ခရိုဖုန်းကိုင်ပြီး သီချင်းဆိုအခါတွင်မူ နာကြားရသူ ပရိသတ်များအားလုံးမှာ “ဟင်...ခနဲ...ဟာ...ခနဲ" ဖြစ်သွားကြသည်။ သီချင်းဆိုခြင်းသည် ထူးဆန်းသည့် အမှုအရာ မဟုတ်လင့်ကစား ထွက်ပေါ်လာသည့်အသံမှာမူ ဆန်းကျယ်လှသည်။ အကြောင်းမှာ သူ့အသံသည် လူကောင်ကြီးနဲ့ မလိုက်အောင် အရမ်းနူးညံ့ပြီး ချိုသာလွန်းသောကြောင့်ပင်ဖြစ်သည်။ သို့ကြောင့် လူ့လောကတွင်နေစဉ်အခါ လူမျာကြား၌ ထူးဆန်းသော အဖြစ်အပျက်များသည် အမြဲတမ်းလိုလို ဖြစ်နေတတ်သည်ကို စာဖတ်သူများလည်း လက်မခံချင်၍မရတော့ပေ။

ယနေ့ ကျွန်တော်တို့ သမ္မာကျမ်းစာထဲတွင် လူသန်ကြီးကဲ့သို့ထူးဆန်း၍ အင်မတန် လက်ပေါက်ကပ်သူ တယောက်အကြောင်း ဖော်ပြထားတာ ရှိပါသည်။ သူကတော့ အခြားသူမဟုတ် ထွက်မြောက်ရာကျမ်းတွင် ဖော်ပြပါရှိသည့် ဖာရောဘုရင် ဖြစ်သည်။ 

သမိုင်းကြောင်းအချို့ကို မြေလှန်ရလျှင်ကြည့်တော့ ဣသရေလလူမျိုးတွေကို နှိပ်စက်ညှင်းပန်းသော ဖာရောဘုရင်သည် Thutmose il (1490-1436 B.C.) ဖြစ်နိုင်ပြီး ထွက်မြောက်ခြင်းကိုဖြစ်စေသော ဖာရောဘုရင်သည် Amenhotep 1 (1436-1407 B.C.) ဟုဆိုကြသည်။ (ဤအရာသည် တိကျသေချာသည်ဟု စာရေးသူမဆိုလို။ သမိုင်းကြောင်းလေ့လာတွေ့ရှိချက်ကိုသာ ဗဟုသုတအဖြစ် ဖော်ပြပေးခြင်းဖြစ်သည်) ထိုဖာရောဘုရင်ကို ပြောရဆိုရ လက်ပေါက်ကပ်လွန်းလှသည်ဟု စာရေးသူဆိုရာဝယ် သမ္မာကျမ်းဖော်ပြချက်များတွင် ဖာရောဘုရင်သည် မိမိ၏တိုင်းပြည်၌ ကပ်ဘေးဆိုးများ ဆိုက်ကပ်သည့်တိုင်အောင် တဖက်လူတောင်းဆိုသည့် အချက်ကို မလိုက်လျောသောကြောင့်ဖြစ်သည်။ သာမာန်အခြေအနေအားဖြင့်ဆိုလျှင် လူတို့သည် မိမိအား တစုံတဦးမှ ၄င်းတို့အလိုရှိသည်များကို တောင်းဆိုလာသည့်အခါ ချက်ချင်းမပေးသော်လည်း မိမိအား ထိခိုက်ကာဘေးဖြစ်စေသည့်အရာတခု (သို့) နှစ်ခုထက်ပို၍ကြုံရပါက လိုက်လျောကြသည်ချည်းသာပင် ဖြစ်သည်။ သို့ရာတွင် ဖာရောဘုရင်မင်းကြီးသည် ကြီးမားသောကပ်ဘေးတခုမက နှစ်ခုလည်းမဟုတ် သုံးခုလောက် ကျော်လွန်သည်အထိတိုင်အောင် တဖက်မှတောင်းဆိုချက်ဖြစ်သည့် မိမိလူတို့အား လွှတ်ပေးရန်တောင်းဆိုချက်ကို ငြင်းဆန်နေခဲ့ကာ သမ္မာကျမ်းစာတွင် စိတ်နှလုံးခိုင်မာ မာကျောသည်ကို တွေ့ရလေသည်။

သမ္မာကျမ်းစာကို အနုစိတ်ဖတ်ရှုဆင်ခြင်သောအခါတွင် ဖာရောဘုရင်သည် မိမိဘာသာ စိတ်၊ ခန္ဓာနှင့် စိတ်နှလုံး ခိုင်မာနေသည်မဟုတ်ပါဘဲ ဘုရားသခင်သည် သူ၏စိတ်နှလုံးကို ခိုင်မာစေတော်မူကြောင်းကို တွေ့ရသည်။ ဖာရောဘုရင်သည် စိတ်နှလုံးခိုင်မာမည့်အကြောင်းကို မောရှေကိုယ်တိုင် ကြိုတင်ကာသိရှိနှင့်ပြီးဖြစ်သည်မှာ ဖာရောဘုရင်ထံသို့ မောရှေမဝင်မှီကတည်းကပင် ဘုရားသခင်သည် မောရှေအားကြိုတင်ပြောနှင့်ထားပြီးသောကြောင့် ဖြစ်သည်။

(ထွက် ၃-၅)။ မောရှနှင့် အာရုန်တို့သည် ဘုရားသခင်စေခိုင်းသည့်အတိုင်းသာပြုကြသည်။ ဤသို့ဆိုလျှင် “ဘုရားသခင်သည် ဖာရောဘုရင်၏ စိတ်နှလုံးကို အဘယ့်ကြောင့် ခိုင်မာစေသနည်း။ ဘုရားသခင်သည် ဖာရောဘုရင်၏စိတ်နှလုံးကို ခိုင်မာစေခြင်းအကြောင်းရင်း၏အဖြေမှာ မည်သည့်အရာဖြစ်မည်နည်း" ဟူသော မေးခွန်းများ မေးစရာရှိလေတော့ မေးကြည့်လေမိသည်။ အဖြေသည် (ထွက် ၇း၃) နှင့် (ထွက်၁၂း၁၂ (ခ)) တို့တွင် အဖြေပါရှိသည်။ အဘယ်မည်သော အကြောင်းတရားများကြောင့် ဖာရောဘုရင်က စိတ်နှလုံးခိုင်သနည်းဟူမူကား အဲဂုတ္တုပြည်၏ ဘုရားများကို တရားစီရင်ကာ ဘုရားသခင်သာလျှင် ကြီးမြတ်သောဘုရား ဖြစ်ကြောင်းကို အပြောမဟုတ် လက်တွေ့ကျကျ ဖော်ပြလိုသောကြောင့်ဖြစ်သည်။ ထိုအခါ ဘုရားသခင် စီရင်သော အဲဂုတ္တုပြည်၏ဘုရားများသည် စီရင်သောပြစ်ဒဏ်များနှင့် ဆက်စပ်နေသည့်အကြောင်းတရားကို စူးစမ်းရှာဖွေရာ “ရှာသောသူတွေ့၏" ဆိုသည်အတိုင်း ရှင်းလင်းသောအဖြေကို တွေ့သည်။

ဘုရားသခင်သည် အဲဂုတ္တုပြည်အား ကပ်ဘေး (၁၀) ခုဖြင့် စီရင်ခြင်းအမှုပြုခဲ့သည်။ အတိုချုံးရေးသားဖော်ပြလိုသည်။

၁) ရေကို သွေးဖြစ်စေခြင်း ကပ်ဘေး - နိုင်းမြစ်ကို နတ်အနေဖြင့် ကိုးကွယ်ခြင်း

၂) ဖား ကပ်ဘေး - ဖားသည် ကြွယ်ဝခြင်းနှင့် ကလေးများမွေးပေးသော နတ်အဖြစ် ယုံကြည်ကိုးကွယ်ခြင်း

၃) ခြင် ကပ်ဘေး - မြေနတ်ဖြစ်သော Sebကို ကိုးကွယ်ခြင်းကို တားမြစ်ခြင်း

၄) ယင် ကပ်ဘေး - ယင်ကောင်နတ် goatကို ကိုးကွယ်ခြင်းအား တားမြစ်ခြင်း

၅) ရောဂါဆိုး ကပ်ဘေး - အိမ်မွေးတိရိစ္ဆာန်နတ် အားဖိစ်နှင့် Hatherအား ကိုးကွယ်ခြင်းကို တားမြစ်ခြင်း

၆) အနာဆိုး ကပ်ဘေး - ဆေးပညာနတ် Imhotep၏ မတတ်စွမ်းခြင်းကို ပြသခြင်း

၇) မိုးသီး ကပ်ဘေး - မိုးကောင်းကင်နတ် Nutကို ကိုးကွယ်ခြင်းအား တားမြစ်ခြင်း

၈) ကျိုင်းကောင် ကပ်ဘေး - Serpiaနတ်၏ မတတ်နိုင်စွမ်းကို ပြခြင်း

၉) မှောင်မိုက်ခြင်း ကပ်ဘေး - နေမင်းနတ်ဖြစ်သော Ra ၏ မတတ်နိုင်စွမ်းကို ပြခြင်း။

၁၀) သားဦး ကပ်ဘေး - မိမိစိတ်အလိုရှိသည်အတိုင်း အသက်ကိုရသည်ဟု တွေးထင်စေသောနတ် Osiris နှင့် Isis ၏ မတတ်နိုင်စွမ်းကို ပြသခြင်း

ဤကဲ့သို့ အဲဂုတ္တုနတ်ဘုရား၏ မတတ်နိုင်စွမ်းကိုပြသပြီး ဘုရားသာလျှင် ကြီးမြတ်သောဘုရားရှင်ဖြစ်ကြောင်းကို အဲဂုတ္တုလူများသာမက ဣသရေလလူမျိုးများကို သိရှိစေခဲ့သည်။ အထူးသဖြင့် ဣသရေလ လူမျိုးများကို သိရှိစေလိုခြင်းဖြစ်သည်။ အကြောင်း ဘုရားသခင်သည် လူသားတို့ကိုးကွယ်ဖို့ရာ ဘုရားသည် မိမိတပါးတည်းသာရှိပြီး မိမိသည် ကိုးကွယ်ထိုက်သော တန်ခိုးကြီးသော ဘုရားသခင်ဖြစ်ကြောင်းကို မိမိလူမျိုးတော်များသိစေရန် ဤကဲ့သို့သော ဘေးဒဏ်များဖြင့် စီရင်ခြင်းဖြစ်သည်။ ဤကဲ့သို့ ပြသရခြင်း၏နောက်ကွယ်မှ အကြောင်းတရားတခုမှာ အဲဂုတ္တုပြည်တွင် နှစ်ပေါင်း (၄၃၀) တိုင်တိုင် အဲဂုတ္တုပြည်တွင် ကျွန်အဖြစ်လုပ်ကိုင် နေထိုင်ကြသော ဣသရေလလူမျိုးတို့သည် မိမိဘုရားမည်သူဖြစ်ကြောင်းကို သိသော်ငြား နှစ်ကာလကြာရှည် အဲဂုတ္တုနတ်ဘုရားများ၏ ရိုးရာပွဲများနှင့် သူတို့၏ကိုးကွယ်ယုံကြည်မှုသည် သူတို့၏ အတွင်းစိတ်နှလုံးသားထဲတွင် မသိမသာ စွဲကပ်နေကြသောကြောင့် ထိုနတ်ဘုရားများမှ မိမိတို့ကိုးကွယ်သော အနန္တတန်ခိုးရှင် ဘုရားသခင်ထက် သာလွန်သည့် တန်ခိုးဣတ္ထိပတ်များ ပိုင်ဆိုင်ထားခြင်းမရှိကြောင်းကို ပြသလိုသော ရည်ရွယ်ချက်ဖြစ်သည်။ 

နောက်ဆုံးသော သားဦးကပ်ဘေးတွင် တံခါးဝ၌ အသွေးသုတ်ထားသည့် အိမ်အားလုံးလွှတ်ခြင်းအခွင့်ကို ရယူပြီး ဣသရေလလူမျိုးတို့အားလုံး လွတ်ခြင်းအခွင့်ကို ရရှိခဲ့သည်။ ကပ်ဘေးများအဆုံးတွင် ပဿခါပွဲကို ကျင်းပကြသည်။ ဘုရားသခင်၏ စနစ်တကျစီစဉ်ထားသည့် အစီအစဉ်များသည့် အလွန်စနစ်ကျလှသည်။ပဿခါပွဲကို ကျင်းပရချိန်တွင် ဣသရေလလူတို့သည် “ငါတို့သည် ကျေးကျွန်တွေဖြစ်ခဲ့တယ်။ သို့သော်လည်းအခုတော့ လွတ်မြောက်ပြီ" ဟူသော သီချင်းကိုလည်း သီဆိုခဲ့ကြသေးသည်။ ဘုရားသခင်သည် ဣသရေလလူမျိုးများအား ဘုရားသခင်၏ကြီးမြတ်ကြောင်းကို သိရှိစေရန်အလို့ငှါ ဖာရောဘုရင်မင်း၏ စိတ်ဓာတ်ကိုခိုင်မာစေခဲ့သည်။

စာရေးသူ, ကျွန်တော်ချစ်သောယုံကြည်သူ ညီအစ်ကိုမောင်နှမများကို ခွန်အားပေးတိုက်တွန်းလိုသည်မှာကျွန်တော်တို့ဘဝအသက်တာမှာ တခါတရံ မိသားစုတွင်း၌ဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်း၌ ဖြစ်စေ၊ အဖွဲ့အစည်းတခု၌ ဖြစ်စေ ခေါင်းဆောင်သော တယောက်သောသူ၏ ခေါင်းမာခြင်းကြောင့် ပြဿနာအခက်အခဲများ ကြုံရတတ်ပေမည်။ ထိုသူ၏ စိတ်ဓာတ်ခိုင်မာခြင်းကြောင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်၌သော်လည်းကောင်း အဆင်မပြေ ပြဿနာများနှင့် ကြုံလာရသည့်အခါ ထိုသူ၏ ခေါင်းမာခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်းကို ကျွန်တော်တို့ အလွန်အံ့သြကြရမည်ဖြစ်သည်။ သို့သော် ဤအရာကို ဘုရားသခင်သည်လုပ်ဆောင်တော်မူတတ်ကြောင်းကို သတိပြုပြီးဆင်ခြင်ပါ။ သတိမရှိတော့ မသိနိုင်ပါ။ သူ၏ စိတ်ဓာတ်ခိုင်မာနေခြင်းသည် ဘုရားသခင် ဣသရေလလူမျိုးတို့အား အဲဂုတ္တုနတ်ဘုရားများ၏ မတတ်နိုင်စွမ်းခြင်းကို စီရင်ပြီး ၄င်းတို့အတွင်းစိတ်တွင်းငြိနေသော ဣသရေလနတ်ဘုရားများ အယူဝါဒများကို ရှင်းထုတ်ကာ မိမိ၏ ကြီးမြတ်ကြောင်းကို ဖော်ထုတ်ပြသကဲ့သို့ မိမိတို့အသက်တာကိုလည်း ပြသသွန်သင်လိုသည်မှာရှိနေမည်မှာ ဧကန်မုချဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော် အကောင်းဆုံးသင်ယူရင်း အသက်တာကို တည်ဆောက်ကြပါစို့ဟု ခွန်အားပေးတိုက်တွန်းလိုက်ပါတယ်။ 

အယောက်စီတိုင်း ဘုရားသခင် ကောင်းချီးနဲ့ ကြွယ်ဝပြည့်စုံကြပါစေ။


ဖေတာခင်မြင့်


(ဆောင်းပါးရှင် ဖေတာခင်မြင့်သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် Theologian ပညာရပ်အား လေ့လာဆည်းပူးနေသူ တယောက်လည်း ဖြစ်သည်)