ကျွန်ုပ်နှလုံးသားထဲရှိ ခရစ်တော်၏တန်ခိုး (The Power of Christ in My heart)


 

အောက်တိုဘာ ၂၃ရက်နေ့က အဆက်

သော့ခတ်ထားသော အခန်း (Locked Room)


          တနေ့ ကျွန်တော့်အိမ်သို့အရောက် ခရစ်တော်က “အိမ်ထဲမှာ အနံ့ဆိုးတခုရတယ်။ တခုခု ပုပ်သိုးနေလို့ ဖြစ်မယ်။ ဒီအနံ့ဆိုးကလည်း သော့ခတ်ပိတ်ထားတဲ့အခန်းက လာတာဖြစ်မယ်”လို့ ပြောသည်။

          ခရစ်တော်ဘာကို ဆိုလိုနေသည်ကို ကျွန်တော်ကောင်းစွာ သိသည်။ ကျွန်ုပ်အိမ်ရှိ အခန်းတခန်းကို ကျွန်တော် အမြဲတမ်း သော့ခတ်ပိတ်ထားသည်။ ထိုအခန်းတွင် ကျွန်တော် ခါးခါးသီးသီး မုန်းတီးနေသော လူနှစ်ဦးကို လျှို့ဝှက်စွာ သော့ခတ်ပိတ်ထားခြင်းဖြစ်သည်။ ထိုအခန်းဆီသို့ ခရစ်တော် တည့်တည့် လျှောက်သွားသည့်နောက် ကျွန်တော်လိုက်ခဲ့သည်။ “ဒီအနံ့ဆိုးက ဒီကပဲ။ ငါ့ကို ကျေးဇူးပြုပြီး သော့ ပေးပါလား”ဟု မေးသည်။

          ယခု၌မူ ကျွန်တော်စိတ်တိုလာပြီး “သူ တောင်းဆိုတာ များလွန်းတယ်”ဟု မိမိကိုယ်ကို ပြန်ပြောမိနေခဲ့သည်။ “ကျွန်ုပ် စာကြည့်ခန်း၊ အိပ်ခန်း၊ ဧည့်ခန်းနှင့် အလုပ်ခန်းသို့ ၀င်ခွင့်ကို ပေးခဲ့ပြီးဖြစ်သည်။ ယခုတွင်လည်း ကျန်သည့် ကျွန်ုပ်အခန်းကို သူလိုချင်ပြန်ပြီ။ သူက ဒီအိမ်၏ ဧည့်သည်ပဲ။ အိမ်ရှင်က ငါပဲဆိုတာကို သူ သိသင့်တယ်… ဒီတခါ မရတော့ဘူး”ဟု စိတ်ကို တင်းထားခဲ့သည်။

          ကျွန်တော် ဘာတွေးနေလဲဆိုတာကို ခရစ်တော်သိသည်။ ဤအတွေးသည် ခရစ်တော်ကို ၀မ်းနည်းစေကြောင်းကိုလည်း ကျွန်တော်သိသည်။ ကျွန်တော် ဒေါသငြိမ်းသွားခဲ့သည်။ ခရစ်တော် ၀မ်းနည်းအောင် ကျွန်တော် မလုပ်ချင်တော့ပါ။ သူတောင်းခံသည့် အရာအားလုံးကို လိုက်လျောချင်သည်။ အနံ့ဆိုးများ မရှိလျှင် ကျွန်ုပ်ဘ၀အသက်တာ သာ၍သာယာမည်ကို ကျွန်တော် သိသွားခဲ့ပြီ။

          ကျွန်တော် ရိုးသားစွာဖြင့် “ကိုယ်တော် … ဒီမကောင်းသည့်အရာများကို ကျွန်ုပ်ဘ၀မှ ထုတ်ပယ်ချင်ပါသည်။ သို့သော် ထိုအရာများကို ဖယ်ရှင်းရန် ကျွန်ုပ်မှာ ခွန်အား မရှိပါ”ဟု ပြောခဲ့သည်။ ခရစ်တော်က “မင်းမှာ ခွန်အားမရှိဘူးဆိုတာကို ငါသိတယ်… ဒီတော့ သော့သာ ငါ့ကို ပေးပါ… ဒီအခန်းကို သန့်ရှင်းအောင်လုပ်ဖို့ ငါ့ကို ခွင့်ပြုပါ… ငါရှင်းလင်းပေးပါ့မယ်”ဟု ပြန်ပြောသည်။

          တုန်ရီသောလက်ဖြင့် သော့ကို ပေးခဲ့သည်။ ထို့နောက် အခန်းကို ဖွင့်လိုက်ပြီး မကောင်းသည့် အရာများကို အပြင်သို့ ပစ်လိုက်ပြီးနောက် တခန်းလုံးကိုလည်း ဆေးကြောသန့်ရှင်း လိုက်သည်။ ပုပ်ပျက်နေသည့်အပြစ်များ ကျွန်တော့်ဘ၀မှ ထွက်သွားခဲ့ခြင်းကို များစွာ ၀မ်းသာမိသည်။

          “ငါသည် အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါ တနေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ရ၏။ တဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ၀န်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ၀ှက်၍မထားပါ။ ငါ လွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ်တော်မူ၏” (ဆာလံကျမ်း ၃၂း၃၊ ၅)


ဆက်ရန်


အဒီး (မှော်ဘီ) 


(ဆောင်းပါးရှင် အဒီး(မှော်ဘီ)သည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)