မုသားဆိုတာ ပြောသူရော အပြောခံရသူရော နာကျင် ခံစားရပေမဲ့ တချို့မုသားစကားတွေကတော့ အပြောခံရသူတွေအတွက် တကယ်အဆင်ပြေပြီး စိတ်ချမ်းသာစေပါတယ်။ အဲဒီလို မုသားကို နာမည်တပ် ပေးရမယ်ဆိုရင် အဖြူရောင်မုသားလို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း
ဖြောင့်မတ်သူတယောက်လို့ မခံယူထားပေမဲ့ လူတိုင်းလည်း မုသားရောယှက်နေမှာ သေချာပါတယ်။
ကျွန်တော်လက်ရှိရောက်နေတဲ့ ဒေသလေးကို လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ရောက်ရှိခဲ့ဖူးတယ်။
အဲဒီတုန်းက တွေ့ခဲ့တဲ့ မူလတန်းပြဆရာမလေးတယောက်ကို ကျွန်တော် သတိရမိတာမို့ စိတ်တွေက
အတိတ်ရင်ခွင်ဆီ ရောက်သွားတော့သည်။
“ဆရာမ ဒီဒေသလေးက
ဆရာမကို တကယ်ပျော်ရွှင်စေလား”
“တကယ်ပျော်ရွှင်တယ်လို့ပြောရင်
လိမ်ရာကျတာပေါ့ ဗိုလ်ကြီး”
“ဒါဆို
ဆရာမ ဒီကနေ မြေပြန့်ဘက်ကို ပြောင်းရွှေ့တင်ပါ့လား”
“အဲဒီလိုတော့
မလုပ်နိုင်ဘူး ဗိုလ်ကြီး”
“ဘာကြောင့်လဲ
ဆရာမ။ စစ်မီးတွေကြားက ဒီနေရာလေးက မအေးချမ်းဘူးလေ ဆရာမရဲ့။ ငြိမ်းချမ်းတဲ့ ဒေသမှာဆို
တကယ် အဆင်ပြေမှာ။ အဲဒီမှာဆို ဆရာမလေးအတွက် အန္တရာယ်”
“ကျွန်မ
တယောက်တည်းအတွက်လား ဗိုလ်ကြီး”
“ဗျာ
ဆရာမ”
“ဗိုလ်ကြီးရော
ဗိုလ်ကြီးတယောက်တည်းအတွက် ဒီနေရာမှာ တာ၀န်ထမ်းဆောင်နေတာလား”
“တိုင်းသူပြည်သားတွေအတွက်ပေါ့
ဆရာမ။ ကျွန်တော်အတွက်တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့မေးတာလဲ”
“ဒေသသဘာ၀လေးကို
သဘောကျပေမဲ့ စစ်မီးတွေပေါတာကိုတော့ ကျွန်တော်မကြိုက်ပါဘူး ဆရာမ”
“ကျွန်မလည်း
သဘောမကျပါဘူး။ ဒါပေမဲ့ မုသားလို့ပြောပြော ဘယ်သူမေးမေး ကျွန်မကတော့ ဒီဒေသလေးကို
ချစ်တယ်လို့ပြောပြီး ပေကပ်နေမှာပဲ။ ကျွန်မတယောက်တည်းအတွက်တော့ မဟုတ်ဘူး။ သူတို့လေးတွေ
အတွက်ပေါ့”
ဆရာမလေး
လက်ညှိုးညွှန်ပြရာကြည့်လိုက်တော့ စစ်မီးကြားမှာတောင် ပျော်ရွှင်ရယ်မောကာ ဆော့ကစားနေကြတဲ့
ကလေးလေးတွေကို တွေ့ရတယ်။
“သူတို့လေးတွေဘ၀အတွက်
ကျွန်မ အမှန်တရားမဟုတ်တဲ့ စကားလေးသုံးနေရဦးမှာပဲ ဗိုလ်ကြီး”
“ဟုတ်ကဲ့ဆရာမ။
ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်လည်း ဆရာမလိုပါပဲ”
“ဘာကိုပြောချင်တာလဲ
မသိဘူး”
“တယောက်နဲ့တယောက်
သတ်နေကြတာ မကြိုက်ဘူးလေဗျာ။ စစ်ဆိုတာ မရှိရင် အကောင်းဆုံးပေါ့။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ
ကျွန်တော်တို့ခေတ်မဟုတ်တောင် ဟိုကလေးလေးတွေရဲ့ အနာဂါတ်အတွက် လက်နက်ကိုင်နေရဦးရမှာပဲ”
“ဗိုလ်ကြီးအနေနဲ့
နောင်တရနေလားဟင်”
“ဆရာမရော”
“နောင်တမရပါဘူး။
တခုပဲ တွေးပူနေမိတာ”
“ဗျာ
... ဘာကိုလဲ ဆရာမ”
“ကျွန်မတို့အကောင်းဆုံးဖြစ်ဖို့
ပေးနေပေမဲ့ သူတို့ အနာဂါတ်က မသေချာဘဲ ယိုင်လဲနေမှာကိုလေ ဗိုလ်ကြီး”
“စေတနာဆိုတာ
ရောင်ပြန်ဟပ်တတ်တယ် ဆရာမ”
“အဲဒီလို
မျှော်လင့်ရပါတယ်”
နှစ်ယောက်သားစကားပြောရင်း ဆရာမလေးက သူ့လက်က နာရီတချက်ကြည့်ကာ သူ့ကျောင်းဆင်းတော့မယ် ဆိုတဲ့အကြောင်းပြောကာ ကျောင်းဘက် ထွက်သွားသည်။
နေ့ဘက်ရော
ညဘက်ပါ မထင်ရင် မထင်သလို သေနတ်သံတွေ ကြားရတတ်တဲ့ နယ်စပ်ရွာလေးမှာ မူလတန်းကျောင်းလေး
တခုတည်းရှိပေမဲ့ ဆရာမလေးက ကလေးတွေသာမက စာမဖတ်တတ်တဲ့ လူငယ်၊ လူကြီး အရွယ်မရွေးအားတဲ့အချိန်
စာသင်ပေးနေသည်။
စာမတတ်လို့
သူများလိမ်တာမခံရအောင် စေတနာထားတဲ့ ဆရာမလေးရဲ့ အပြုံးက သူတို့ကို ရဲရင့်စေပုံရကာ
အားလုံးက မရှက်မကြောက်ဘဲ စာလာသင်တတ်ကြသည်။
ဆရာ၊
ဆရာမနည်းပါတဲ့ဒေသ လက်နက်ကိုင်တွေကြား ပြေးလွှားရတဲ့ သူမချစ်တဲ့ မွေးရပ်မြေမှာ တခါတလေ
ထွက်ပြေးချင်လောက်အောင် ကြောက်ရွံ့ပေမဲ့ သူမပြောနေကြ အဖြူရောင်မုသားလေးက ကျွန်မဒီနေရာကလွဲရင် ဘယ်မှာမှ မပျော်ဘူး။ ကျွန်မ ဒီနေရာကိုချစ်တယ်ဆိုတဲ့ စကားလုံးလေးပဲဖြစ်သည်/
“ဗိုလ်မှူး
ရွာရောက်ပြီခင်ဗျ”
အနားက
ရွာခံအိမ်ရှင်ကောင်လေးရဲ့ စကားကြားမှာ စိတ်တွေက လက်ရှိဘ၀ကို ပြန်ရောက်လာသည်။ ခြောက်နှစ်ဆိုတဲ့
အချိန်တခုမှာ ပြောင်းလဲသွားတဲ့နေရာလေးကို ကြည့်နေမိသည်။
“ဆရာမလေးရော
ရွာဘက်မှာမလား”
“ဗျာ
... ဘယ်ဆရာမလေးလဲမသိဘူး ဗိုလ်မှူး”
“ဒီကျောင်းမှာ
အရင်ကတည်းက စာသင်နေတဲ့ ဆရာမလေးလေ”
“အော်
... ကျွန်တော်သိပြီ။ ဆရာမလေးက ကျောင်းမှာရှိတယ်”
“သြော် ... ကျွန်တော် ခဏသွားတွေ့လို့ရမလား”
“ရပါတယ်
သွားပါ ဗိုလ်ကြီး”
အိမ်ရှင်တွေကို နှုတ်ဆက်ကာ စာသင်ကျောင်းရှိရာ ရောက်ရှိလာခဲ့သည်။ ကျောင်းမဆင်းသေးတာမို့ ပတ်၀န်းကျင် အလှတရားတွေကို ကြည့်နေမိသည်။ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာတဲ့အတွက် အရင်လို မဟုတ်ဘဲ တိုးတက်လာတာတွေ့ရတာမို့ ၀မ်းသာရသည်။
ဘယ်လောက်အထိ
ငေးနေမိလဲမသိ အနားမှာ တယောက်ယောက်လာရပ်သလိုခံစားရလို့ လှည့်ကြည့်တော့ ပြုံးပြနေတဲ့
ဆရာမလေးတယောက်ကို တွေ့ရသည်။
“မင်္ဂလာပါ။
ကျွန်မဆီ လာတာဆို”
“ဆရာမ မှတ်မိလား
ကျွန်တော့်ကို”
“ဟုတ်ကဲ့
မှတ်မိပါတယ်။ ဗိုလ်မှူးဖြစ်သွားပြီဆိုတဲ့ သတင်းကြားပါတယ်။ အခုရော တာ၀န်နဲ့ပဲလား”
“တာ၀န်နဲ့တော့
တာ၀န်နဲ့ပါပဲ။ အိမ်ထောင့်တာ၀န်ထမ်းဖို့ ရောက်လာတာပါဆရာမ”
“ရှင်...
အဲဒါဘာကိုပြောတာလဲ မသိဘူး”
“ဆရာမနဲ့နောက်တခါပြန်ဆုံခဲ့ရင်
မုသားမပါတဲ့ စကားတခွန်းလောက် ပြောချင်တယ်လို့ ပြောခဲ့တယ်လေ။ မှတ်မိလား ကျွန်တော်ပြောထားခဲ့တာကို”
“မှတ်မိပါတယ်”
“ဆရာမကို
ကျွန်တော် လက်ထပ်ပါရစေ”
“အဆင့်တွေ
ကျော်ကုန်ပြီလို့ မထင်ဘူးလား ဗိုလ်မှူး”
“အဆင့်မကျော်ပါဘူး
ပထမအဆင့်က ပထမအကြိမ်တုန်းက ဆရာမကို ကျွန်တော်ပြောခဲ့တယ်လေဗျာ”
“ဆရာ ဒီအရပ်မှာ
နေနိုင်ရင် ကျွန်မအဖြေက ရက်စ်ဖြစ်မယ် ထင်တယ်။ ဆရာရော ဘယ်လိုလဲ”
“ကျွန်တော့်အဖြေက
ဆရာမပြောသလို မုသားတ၀က်ပါတဲ့အမှန်တရားပါပဲ။ ဟုတ်ကဲ့ ကျွန်တော် ဒီအရပ်လေးကို
ချစ်ပါတယ် ဆရာမ”
ဆရာမပြောသလိုပေါ့
ကျွန်တော်တို့ဘ၀မှာ တခုလိုချင်ရင် တခုလောက်တော့ စွန့်လွှတ်ရမှာပေါ့။ ဆရာမပြောနေကြစကားနဲ့ပြောရရင်
အများအကျိုးအတွက် တခါတလေသုံးတဲ့ မုသားစကားက ချိုမြိန်ပါတယ် ဆရာမ။
တိုးတက်နေတဲ့မြို့ကြီးမှာ
ပေါများတဲ့ ဆရာမတွေက ဒီအရပ်လေးမှာတော့ ရှားပါးပစ္စည်းလေးဖြစ်သလို စစ်ရေးပညာနဲ့ ကျွန်တော်ကလည်း
ဒီအရပ်မှာ ရှားပါးပစစည်းဖြစ်နေမှာပါ။
အဆင်အပြေမှုတွေကို
အပြုံးနဲ့ရင်ဆိုင်ရင်း အဆင်ပြေလားလို့မေးတဲ့လူတိုင်းကို “ဟုတ်ကဲ့ ပြေပါတယ်”လို့
အဖြူရောင်မုသားလေး ဆိုရင်းပေါ့။
မာန်လေးနွယ်
(စာရေးသူ မာန်လေးနွယ်သည် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာမ တဦးလည်းဖြစ်သည်)