အပိုင်း(၃) - ဇာတ်သိမ်း
အယ်ထီးတယောက် အယ်အယ်ကို ပြန်ပို့ပြီး အိမ်ပြန်ရောက်တော့ အသစ်ရောက်လာတဲ့ ဆရာဝန်နဲ့အကိုလုပ်သူအယ်ခူး စကားပြောနေတာကိုကြည့်ပြီး
"အကိုးခူး"
"အင်း... တေးပြောလေ"
"အယ်လေးကို ကျွန်တော်မရှိတုန်းဂရုစိုက်ပေးပါဆိုတာကို အကိုးဘာလုပ်နေတာလဲ။ အယ်လေးအရမ်းကြောက်နေတာ ကိုးဘာလို့သတိမထားမိတာလဲ"
"တေးရာ အယ်လေးက ဘာဖြစ်လို့လဲကွ"
"ကျောင်းဆရာလူယုတ်မာလေ အယ်လေးကို စော်ကားမလို့လုပ်တယ်တဲ့။ အဲဒါ အယ်လေးက အရမ်းကြောက်ပြီး ရိုက်ခဲ့တာတဲ့။ အခုသူ့ကိုပြန်အငြိုးထားမှာ ကြောက်နေတာတဲ့"
"သူကိုမေးတာပဲ။ သူမှမပြောပြတာတေးရ"
"ကျောင်းဆရာကို သတ်ချင်တယ် တကယ်"
"စိတ်လျှာ့ပါ ညီရယ်။ ဒီပြသနာမျိုးက အေးအေးဆေးဆေးဖြေရှင်းရမှာ"
"ကျောင်းဆရာကို သတ်ပစ်ချင်တယ်။ အယ်လေးကသူ့ဟာသူ ကလေးလိုနေပြီး ကူညီတာ ကိုး... သူကရူးနေတာလား"
"ဆရာတို့ဒီပြသနာကို ဝုန်းဒိုင်းကြဲ ဖြေရှင်းလိုက်ရင် ပြသနာကြီးပြီး အရှက်ရစရာတွေဖြစ်ကုန်မယ်။ ဒီတော့အေးအေးဆေးဆေး ဖြေရှင်းကြတာပေါ့"
"ကျွန်တော် ဘယ်လိုလုပ်ရမလဲဆရာ"
"အယ်သောလေးကို ငါ့ညီကစောင့်ရှောက်လိုက်ပါ/ အကိုတို့က ဒီကိစ္စကို ဖထီးတို့အဘိုးတို့နဲ့ တိုင်ပင်ပြီး ဖြေရှင်းလိုက်မယ်"
"ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်"
ဆရာနဲ့လူကြီးတွေ ကျောင်းဆရာလေးနဲ့ ဆွေးနွေးမဲ့နေ့ရောက်တော့ အယ်ထီးက အယ်အယ်လေးကို သူတို့ ရာနဲ့မလှမ်းမကမ်းမှာရှိတဲ့ စမ်းချောင်းလေးကို သွားဖို့ခေါ်သည်။
ပထမတော့ အယ်အယ်က မသွားချင်ဘူးပြောပေမဲ့ အယ်ထီးနဲ့မို့ သွားဖို့လက်ခံလိုက်သည်။
စမ်းချောင်းလေးရောက်တော့ တောပန်းလေးတွေ လိုက်ခူးကာ ပြုံးနေတဲ့အယ်အယ်ကြောင့် အယ်ထီးပါပြုံးမိသည်။
"အယ်လေး ပန်းတွေဘာလုပ်မလို့လဲ။ မိန်းကလေးလဲမဟုတ်ဘဲနဲ့ကွာ"
"ဘုရားကျောင်းမှာ ပန်းကပ်မယ်။ ရွာဦးဘုရားကျောင်းမှာသွားလှူမယ်။ ရွာထဲအဘိုးအဘွားအိမ်တွေမှာသွားပေးမှာပေါ့။ ကိုထီးကလည်း"
"ဟုတ်ပါပြီကွာ။ ကျောင်းဆရာလေးအိမ်မပါဘူးလား"
"ဟင့်အင်း။ အယ်အယ်ကြောက်တယ် မသွားရဲဘူး"
"ကိုထီးလိုက်မှာ သူအယ်လေးကိုဘာမှလုပ်လို့မရဘူး"
"တကယ်လား တကယ်လိုက်မှာလား"
"အင်းသွားမယ် မဟုတ်လား"
"ကြောက်တော့ကြောက်ပေမဲ့ ကိုထီးပါရင်လိုက်မယ်လေ"
"ညနေသွားမယ် စိတ်အေးအေးထား... ကိုထီးတယောက်လုံးရှိတယ်"
အယ်ထီးစကားကြောင့် အယ်သောလေး ခေါင်းတဆတ်ဆတ်ညိမ့်ပြသည်သူအယ်ထီးကိုချစ်သလိုအားကိုးတယ်ဆိုတာလည်းသူသာမဟုတ်သူတို့ရွာတစ်ရွာလုံးသိထားသည်အိမ်သားတွေကလည်းသိနေတာကြောင့်အယ်လေးကိုစောက်ရှောက်မဲ့သူကအယ်ထီးတစ်ယောက်ဘဲဆိုတဲ့သဘောနဲ့ဖထီးတို့မျိုးရိုးမှာသမီးကိုသမက်ဆီအပ်ရင်ပေးလေ့ရှိတဲ့ဆောင်ဓားကိုသမီးမရှိတဲ့ဖထီးကိုယ်တိုင်းအယ်လေးကိုစောက်ရှောက်ပေးပါဆိုပြီးအယ်ထီးလက်ထဲပေးထားတာဖြစ်သည်။
လူကြီးတွေကအကျိုးအကြောင်းသိသွားလို့ စိတ်ဆိုးဒေါသထွက်ကြပေမဲ့ ခေတ်သစ်တယောက် အံ့သြမိတာကဘယ်သူမှ ဒေါသထွက်ဟန်မပြကြတာပင်။ ကျောင်းဆရာလေး အိမ်ကိုရောက်တော့လည်း အေးအေး ဆေးဆေးပင်။ အယ်အယ်လေးဖခင်နဲ့ အကိုတွေတောင် အပြုံးနဲ့သာစကားဆိုကြသည်"
"ဆရာလေးကို ကျွန်တော်ပြောပြမယ်"
ဖထီးစကားကြောင့် ကျောင်းဆရာငြိမ်ပြီး နားထောင်နေသလို အားလုံးလည်း နားထောင်နေကြသည်"
"ကျွန်တော်တို့ဘိုးဘွားတွေက ပြောတယ်။ ပန်းကလေးတပွင့် လှလှပပ ပွင့်လာဖို့ကို မေတ္တာစေတနာနဲ့ပြုစုရတယ်တဲ့။ သားသမီးလည်း အဲလိုဘဲဗျ။ မိန်းကလေးတွေကို ပန်းလို့တင်စားရင် ကျွန်တော်တို့သားလေးတွေဟာအပင်တပင်ကို အလှဆင်အရိပ်မိုးနိုင်တဲ့ သစ်ရွက်လေးတွေပါဗျာ။ အဲလိုကလေးတွေကို မေတ္တာနဲ့ဖေးမပါလို့ပြောချင်တယ်"
"ကျွန်တော်တောင်းပန်ပါတယ်ဖထီး။ ဒီရွာကနေထွက်သွားပေးပါ့မယ်"
"ဖထီးသားတယောက်အတွက်နဲ့ တခြားကလေးတွေ ပညာရေးကို ဖထီးမလဲပါဘူး ဆရာလေး"
"ဗျာ... ဖထီး"
"ဖိုးခွားလေးအနားမှာ အယ်ထီးရှိနေပါတယ်။ ဆရာလေး စိတ်ချလက်ချ စာသင်ပါ။ တခုခုလုပ်မိတော့မယ်လို့စဉ်စားတိုင်း ခုနကျွန်တော်ပြောတဲ့ စကားလေးသတိရပေးပါ"
ဖထီးစကားတွေကို ကျောင်းဆရာက ဘယ်လိုနေမလဲမသိပေမဲ့ ဒေါက်တာခေတ်သစ်အတွက်တော့ မှတ်သားလိုက်နာမိသည်။ မေတ္တာရိပ်အောက် ရှင်သန်မဲ့ ကလေးလေးတွေအတွက် မေတ္တာတရားပေးမှ လှပစွာ ရှင်သန်လာမှာမို့ မေတ္တာရိပ်အောက်မှာရှိနေတဲ့ ပန်းကလေးတွေ သစ်ရွက်လေးတွေကို မေတ္တာပေးဖို့ ဆုံးဖြတ်လိုက်သည်။
လေးစားစွာဖြင့်
မာန်လေးနွယ်
(စာရေးသူ မာန်လေးနွယ်သည် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာ တဦးလည်းဖြစ်သည်)