(အပြစ်အမျိုးအမည်များကို ဤခေါင်းစဥ်တွင် မဖော်ပြဘဲ သီးသန့်ခေါင်းစဥ်များဖြင့် ရေးသားအစေခံပေးပါမည်)
သမ္မာကျမ်းစာနှင့် ချိန်ထိုးကြည့်ခြင်း
စာရှုသူတို့အနေဖြင့် သမ္မာကျမ်းစာကပြောသောအရာကို အတူတကွ ကြည့်ကြပါစို့။
"အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏" (တရားဟော ၃၀:၁၉)
အဘ၏အပြစ်တို့ကို သားတို့ကို ဆပ်ပေးခိုင်းသောအရာကိုလည်း တွေ့မြင်ရပါသည်။
"အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်" (ထွက်မြောက် ၂၀:၄)
"ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ဆပ် ပေးစီရင်သောဘုရား" (ထွက်မြောက် ၂၀:၅)
"ငါ့ကိုချစ်၍ ငါ့ ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကိုပြသော ဘုရားဖြစ်၏" (ထွက်မြောက် ၂၀:၆)
ကမ္ဘာလုံးဆိုင်ရာ လူ့မျိုးနွယ်ဆက်များ
ကောင်းချီးမင်္ဂလာ (သို့) ကျိန်ခြင်းအမင်္ဂလာမျိုးဆက်များသည် အိမ်ထောင်မိသားစုထဲတွင် ကြီးပြင်းအစပျိုးကြရသည်ကို သမိုင်းနှင့်အတူယှဉ်တွဲကြည့်ပါမည်။ ၁၉၃၉-၁၉၄၅ခုနှစ်များသည် အနောက်တိုင်းနိုင်ငံတို့၏ စစ်အေးကာလပြီးခါစ အချိန်အခါဖြစ်ပြီး စားဝတ်နေရေးသာမက နိုင်ငံတို့၏အဘက်ဘက်အခြေအနေတို့သည်ပြန်လည်တည်ဆောက်ရေးကာလဖြစ်သောကြောင့် မိသားစုထဲတွင် အုပ်ထိန်းသူဖခင်များသည် အင်မတန်ရုန်းကန်ကြရသော ကာလလည်းဖြစ်သည်။ ဖခင်တို့ရုန်းကန်လှုပ်ရှားရခြင်းများသည် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေသလို အခြားတဖက်တွင်မူ မိသားစုထဲ၌ သားသမီးများကိုဖခင်၏ကာကွယ်ပေးမှု၊ ဖခင်မေတ္တာ၊ ဖခင်၏လုံခြုံမှု၊ ဖခင်၏ချစ်ခင်ယုယတွယ်တာသည့် မေတ္တာအငွေ့အသက်များ ကုန်စပြုလာသည့် အနေအထားဖြစ်ခဲ့သည်။ ၁၉၆၅-၁၉၈၁ ကာလရောက်ပြန်လာသောအခါ စီးပွားရေးအခွင့်အလမ်းများ ပြန်ရသည့်အနေအထား၌ ဖခင်များသည် အလုပ်နှင့်အိမ်သို့သာ ကူးလူးလာကြကာ သားသမီးများအိပ်ချိန်ရောက်မှသာ ပြန်ရောက်ကြကာ မနက်မိုးမသောက်မီတွင် အလုပ်သို့ပြန်သွားရသည်။ ထို့ကြောင့် ယခင်မျိုးဆက်ဖခင်များကဲ့သို့ မိမိတို့၏မိသားစုဝင်များကို မေတ္တာပြသည့်အချိန်မပေးနိုင်တော့ပေ။ ထိုအခါတွင် သားသမီးများသည် ဖခင်၏အုပ်ထိန်း၏ အုပ်ထိန်းမှုအောက်ကလွတ်ထွက်ကာ မိမိတို့လုပ်ချင်သည့်အရာများ၊ စိတ်ဆန္ဒများ၏ မှားယွင်းသော လူနေမှုအကျင့်ကြံများဆီသို့ ဦးတိုက်လာခဲ့ကြပေတော့သည်။ လွတ်လပ်စွာ လိင်မှုကိစ္စပြုလုပ်လာကြသည်။ ထိုအချိန်မှစ၍ လူငယ်မျိုးဆက်များ အနောက်နိုင်ငံများတွင် ဤသို့ပြုမူနေထိုင်လာသည်ကို တွေ့ရပေတော့သည်။ သို့ရာတွင် ကျန်ရှိသည့်နိုင်ငံများသည် စက်မှုထွန်ကားသောနိုင်ငံများလောက် ဆိုဝါးမည်မထင်ပေ။ အဆိုပါမျိုးဆက်များကို Generation X ဟုသတ်မှတ်သည်။ Baby Bombersဟုလည်း ခေါ်တွင်သည်။ ၁၉၈၂-၁၉၉၄ကာလတွင်းရှိ မျိုးဆက်များအား Generation Y အင်တာနက်ခေတ်ကာလ သားသမီးများဟုခေါ်တွင်ပြန်သည်။ အဆိုပါမျိုးဆက်များသည် အင်တာနက်အစပျိုးချိန်တွင် မွေးဖွားလာသောကြောင့် မိဘများသည် သားသမီးများကို နှုတ်ကပတ်တော်နှင့်မသွန်သင် အသက်ရှင်သောဘုရားနှင့် မမိတ်ဆက်ပေးပါက စာတန်သည် ဘိုးဘေးတို့၏ ကျိန်ခြင်းမင်္ဂလာများနှင့် ဆက်လက်ချည်နှောင်ပေလိမ့်မည်။ ငယ်စဥ်ကမပြုပြင်ခဲ့သောအရာများသည် ကြီးလာမှဆိုလျှင် အတော်ပင် အဖိုးအခပေးရမည်ဖြစ်သည်။ အင်တာနက်အသုံးပြုခြင်းတွင်သာ အာရုံဝင်စားကာ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် မကျင်လည်၊ နောင်တ,တရားတွင် မကျင်လည်ဖို့ မာကျောသောစိတ်ဖြစ်အောင်လုပ်သည်မှာ စာတန်၏လုပ်ရပ်သာဖြစ်ပြီး အသက်ရှင်သောထာဝရဘုရားကို မရွေးချယ်ခြင်းသည်လည်း ကျိန်ခြင်းအမင်္ဂလာ၏ အရင်းအမြစ်တခုလည်းဖြစ်သည်။ Generation X မှ Zအထိ မိသားစုထဲတွင် မေတ္တာဓာတ်ပျောက်ဆုံးခြင်းကြောင့် မှားယွင်းသောအိမ်ထောင်ပြုခြင်း၊ အဖမရှိဘဲမွေးလာခြင်းနှင့် သဘာဝကိုဖီဆန်သော Homosexualများသည်လည်း မိသားစုထဲ၌ ဖခင်မေတ္တာမရရှိခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် မိသားစုပြင်ဘက်၌ ဖခင်မေတ္တာနှင့်အလားသဏ္ဍာန်တူ မှားယွင်းသော ယောကျ်ားအချင်းချင်း ချစ်ကြိုက်ခြင်းတို့ ပေါ်ထွက်လာကြသည်။ သို့ပါသောကြောင့် မိသားစုသည် လူ့ဘောင်အဖွဲ့အစည်းအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ကောင်းမွေဆိုးမွေ
မိသားစုသည် ဘိုးဘေးတို့၏ ကောင်းမွေဆိုးမွေကို လက်ခံရာဌာန၊ သားသမီးမြေးမြစ်များစွာ၏ လေ့လာသင်ကြားခံယူရာ စာသင်ခန်း၊ မိဘတို့၏ အဆိုးအကောင်းအကျင့်စရိုက်လက္ခဏာများကို အတုမြင်အတတ်သင် ပုံသွင်းထုဆစ်ပေးသော လေ့ကျင့်ရေးကွင်း၊ ရှေ့အနာဂတ်တွင် မည်သို့မည်ပုံ အသက်ရှင်ရမည့်နည်းစနစ်များ ဝေမျှသော အစည်းအဝေးခန်းမ၊ မိမိ၏ရူပါရုံများကို အစဖော်ပေးသည့် ဓာတ်ခွဲစမ်းသပ်ခန်း၊ စိတ်နေစိတ်ထားအကျင့်စရိုက်များဖြင့် လူမှုပေါင်းသင်းဆက်ဆံရေးကို မည်သို့တုံ့ပြန်ရမည်ကို သင်ကြားပေးသော ပြန်ကြားရေးနှင့် လူမူဆက်ဆံရေးဌာနဖြစ်သည်။ မိသားစုသည် သားသမီးများ၏ အနာဂတ်ကို ပုံဖော်ပေးနေသော လေ့ကျင့်ရေးကွင်းဖြစ်သောကြောင့် မေတ္တာဖြင့် ကောင်းမွန်စွာ သင်ကြားခြင်းမခံရပါသော သားသမီးများသည် လူ့ဘောင်အဖွဲ့ အစည်းကို အကျိုးပြုစေမည်လောဟူသည့် မေးခွန်းကိုမှာ စဉ်းစားရမည့်အချက်ဖြစ်ပေလိမ့်မည်။
မေတ္တာမရသော သားသမီးများ
မိသားစုထဲတွင် မေတ္တာမရသော သားသမီးများသည် မိသားစုပြင်ဘက် အခြားသူများကိုလည်း အထောက်အပံ့၊ ချစ်ခြင်းမေတ္တာ၊ သနားခြင်းကရုဏာ၊ ကိုယ်ချင်းစာ နားလည်ပေးစိတ်၊ အပေးအယူမျှခြင်း၊ သူ့ဘက်ကိုယ်ဘက်ကြည့်ပေးခြင်း စသည့်လူထုအကျိုးပြုဖြစ်စဥ်များ၌ အားနည်းနေပေလိမ့်မည်။ ဤအတိုင်းဆက်သွားပါက မိသားစု၌သာမက လူ့ဘောင်အဖွဲ့အစည်းအတွက် အခြေအနေမကောင်းပေ။ မျိုးဆက်သစ်တို့အတွက် စိုးရိမ်ရေမှတ် ရောက်နေပေသည်။ အကျိုးမဖြစ်ထွန်း၊ မတိုးတက် ဆုတ်ယုတ်သော မကောင်းစားသော ဤမျိုးဆက်များကို မလိုချင်မတွေ့မြင်ချင်လျှင် မိမိကိုယ်တိုင်သာမက မိသားစုတိုင်း ယုံကြည်သူတိုင်း အသင်းတော်တိုင်း သတိချပ်ကာ လုပ်ဆောင်ရမည့်အရာရှိပါသည်။ ဤသည်မှာ
- ဘိုးဘေးဘီဘင်တို့ လုပ်ခဲ့သောအပြစ်များကို မိမိတို့လူ့ဦးနှောက်ဖြင့် မသိနိုင်သော်လည်း သန့်ရှင်းသောဝိညာဥ်တော်ဘုရားကို ဖွင့်ပြဖော်ပြပေးဖို့ဆုတောင်းပါ။
- သန့်ရှင်းသောဝိညာဥ်တော်ဘုရား ဖော်ပြပေးသည်နှင့်ချက်ချင်း ဘိုးဘေးဘီဘင်၊ မိဘအပြစ်များကို ကိုယ်စားဝန်ချတောင်းပန်ပေးပါ။
- ဘိုးဘေးဘီဘေးတို့၏ အမင်္ဂလာအမွေဆိုးများအား ယခုမျိုးဆက်ပေါ်သို့ မသက်ရောက်နိုင်စေရန် ငြင်းပယ်ဖို့လိုပါသည်။
- လက်ဝါးကပ်တိုင်တွင် သခင်ယေရှုခရစ်တော်ဘုရား သွန်းခဲ့သောအသွေးတော်သည် ဤဝန်ချတောင်းပန်သောအပြစ်များနှင့် ကျိန်ခြင်းအမင်္ဂလာကို ချိုးဖဲ့ချေဖျက်ပေးကြောင်း သဘောတူဝန်ခံယုံကြည်ရမည်။
- မျိုးဆက်ကျိန်ခြင်းအမင်္ဂလာကို ကားတိုင်၌ အမှုပြီးပြီဟု 100% ယုံကြည်ကြွေးကြော်ကာ အကျွန်ုပ်တို့သည် မျိုးဆက် အမင်္ဂလာကျိန်ခြင်းနှင့် လုံးဝမဆိုင်ဘဲ ခရစ်တော်နှင့်သာဆိုင်ကြောင်း ကောင်းချီးမင်္ဂလာနှင့်သာ သက်ဆိုင်ကြောင်းကို စိတ်နှလုံးဖြင့် ယုံကြည်၍နှုတ်ဖြင့် အမိန့်ကြေညာပါ။
- မိသားစု၏အပြစ်များကိုလည်း နောင်တဖြင့်ဝန်ချတောင်းပန်ကာ ယေရှုခရစ်တော်၏ အသွေးတော်ဖြင့် ဖုံးအုပ်ခြင်းကို ယူတင်ဝတ်ဆောင်ပြီး သန့်ရှင်းသောဝိညာဥ်တော်ဘုရား 100%အသက်တာအသီးသီးကို အုပ်စိုးဦးဆောင် ပြုပြင်ဆုံးမ ပုံသွင်းလမ်းပြပေးရန် နေရာပေးပါ။ အထူးဆက်ကပ်အပ်နှံပါ။
- မိသားစု၏ အသက်တာစိတ်ဝိညာဥ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့်ဖြည့်ပါ။ နေ့တိုင်းဆင်ခြင်လိုက်လျှောက်ပြီး ခန္ဓာ၊ စိတ်၊ ဝိညာဥ်သုံးပါးစလုံးကို နှုတ်ကပတ်တော်ရေဖြင့် နေ့တိုင်းဆေးကြောသန့်ရှင်းစေပါ။
- ယေရှုခရစ်တော်၏ အသွေးတော်ကိုချီးမွမ်းပါ။ ကျေးဇူးတင်ပါ။
စာဖတ်သူ ဓမ္မမိတ်ဆွေများ သာ၍လွတ်မြောက်ဖို့ ဆန္ဒပြုဆုတောင်းလျက်
အစ်စတဲလ်
(ဆောင်းပါးရှင် အစ်စတဲလ်သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည်)