Old Normal, Now Normal, New Normal Life

            ရာသီဥတုတွေ ပြောင်းလဲနေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဖြေရှင်းရမဲ့ နည်းလမ်း နှစ်ခုရှိတယ်။ တခုက ရာသီဥတုပြောင်းလဲစေမယ့် အကြောင်းအရာတွေကို လျှော့ချရမယ်။ နောက်တခုကတော့ ပြောင်းလဲနေတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေနေနိုင်အောင် လုပ်ဆောင်ရမယ်။ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ပြောကြားသွားခဲ့တဲ့ စကားတိုလေးတခုပါ။ အခုချိန်ထိ ထိရောက်နေဆဲ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ တတိယလှိုင်းကာလနဲ့ တတိယလှိုင်းအလွန်ကာလမှာ စာရှုသူရဲ့ ဝိညာဥ်ရေးရာပိုင်းဆိုင်ရာ ရာသီဥတု အပြောင်းအလဲမှာ ဘယ်လိုပုံစံမျိုးနဲ့ အသက်ရှင်နေထိုင်မှုပုံစံ ပြောင်းလဲလေမလဲ။

ဒီကိစ္စဟာ အင်မတန် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အသင်းအုပ်ဆရာများ အထူးစိတ်ဝင်စားအပ်တဲ့ အရေးကိစ္စဖြစ်တယ်။

ယနေ့အချိန်မှာ Old Normal, Now Normal, New Normal Lifeဆိုပြီး ရှင်သန်နေထိုင်မှုပုံစံ (၃)မျိုး ရှိကြောင်း ကမ္ဘာ့စင်မြင့်မှာ ဆွေးနွေးမှုပြုနေကြပါတယ်။ အဲဒါတွေက ဘာအကြောင်းကို ပြောနေတာပါလဲ၊ ဘာတွေကို ပြောနေတာပါလဲ၊ ဘယ်လိုပုံစံရှိပါသလဲ။ 

ကိုဗစ် - ၁၉မဖြစ်ခင်ကာလတုန်းက ယုံကြည်သူတွေအနေနဲ့ ဘယ်လို ရှင်သန်နေထိုင်ခဲ့ပါသလဲ။ ပထမဆုံးမေးခွန်းက စာရှုသူအချို့ကို ခေါင်းကျိန်းသွားစေမှာ အမှန်ပါပဲ။ နို့ပေသိ အစဥ်အမြဲ ခရစ်ယာန်ဝတ်ကို ပြုကျင့်နေတဲ့သူဆိုရင်တော့ အထူးတလည် ဖြစ်နေမှာမဟုတ်ပါဘူး။ ဘုရားကျောင်းပုံမှန်မရောက်ဖြစ်တဲ့ ခရစ်ယာန်တွေအနေနဲ့ကော ဘယ်လို အသက်ရှင်နေထိုင်ကြမလဲ ဆိုတာကတော့ ဆက်စပ်ပြီး စဥ်းစားသုံးသပ်ရမဲ့အပိုင်း ဖြစ်လာပြန်ပါတယ်။ ထိုသူတို့ရဲ့ အနာဂတ်ဝိညာဥ်ရေးရာအသက်တာဟာ ဘယ်လိုပုံစံမျိုး ဖြစ်သွားလိမ့်မလဲ။ ဗိုင်းရပ်စ်ကပ်ဆိုးကြီးဖြစ်နေတာကိုတောင် အမှုမထားပဲ ယေရှုရဲ့အသွေးတော်နဲ့ လွှမ်းခြုံတဲ့ ကျန်းမာရေးဒေသနာ ခရစ်ယာန်အတန်းအစားများလည်း အသက်ရှင်သန်ဖို့ ဘယ်လိုဆက်လက်လုပ်ဆောင်ကြမလဲ။

အဆိုပါ အရေးကိစ္စဟာ အသင်းတော်ခေါင်းဆောင်၊ အသင်းတော်ဖခင်၊ မိခင်များနှင့် အသင်းသူ၊အသင်းသားများ ရင်ဆိုင်ဖြေရှင်းကြရမဲ့ အရေးကြီးပုစ္ဆာဖြစ်နေပါတယ်။ အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ဖို့ အသိပညာဆိုတဲ့စကားလုံးကို ဘုရားသခင်က ဖန်ဆင်းပေးထားတာဖြစ်တယ်။ လူနေမှုပုံစံသစ်ဆီကို ကူးပြောင်းတဲ့အချိန်မှာ အွန်လိုင်းကနေ ထုတ်လွှင့်တဲ့ ဒေသနာတွေကို အသင်းသားတွေက နာယူရတော့မှာ ဖြစ်တာကြောင့် သင်းအုပ်ဆရာများအနေနဲ့ အွန်လိုင်း ယဥ်ကျေးမှုမှာ အသားကျအောင် ပြုမူနေထိုင်ရတော့မှာဖြစ်ပြီး အွန်လိုင်းရဲ့အရေးပါမှုနဲ့ တရားဒေသနာတော်ကို ဆက်စပ်ပြီး ဟောကြားရတော့မှာဖြစ်တယ်။ ခေတ်ရေစီးကြောင်းကို အိမ်တွင်း၊ ဘုရားကျောင်းထဲကနေ ကမ္ဘာကြည့်, ကြည့်ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် နေထိုင်မှု ဘ၀ပုံစံသစ်မှာ အသားကျအောင် ပြုမူကျင့်ကြံရတော့မှာ ဖြစ်တယ်။ အသင်းသားတွေရဲ့ ဝိညာဥ်ရေးရာကိုယ်ခံအားကောင်းဖို့ အတိတ်ကာလ (ကိုဗစ် - ၁၉မတိုင်မီ) ဝိညာဥ်ရေးရာ အစာအာဟာရထက် ပိုမိုပြီးတော့ ရှာကျွေးရတော့မှာဖြစ်တဲ့အတွက် အထူးပြင်ဆင်ရမဲ့ အချိန်အခါကောင်းလည်း ဖြစ်နေပါသေးတယ်။

မိမိတို့အသင်းတော်က ဟောကြားတဲ့ ဒေသနာက စံချိန်မီ အရိုးများနေမယ်ဆိုပါက အခြားတပါးသော အသင်းတော်ရဲ့ ဝေငှချက်ကို စားသုံးနိုင်တဲ့ အခြေအနေမှာ ရှိနေနိုင်ပါတယ်။ ဩဝါဒလွဲတွေကို မိမိတို့ရဲ့အသင်းသားတွေက နာကြားမိသွားမယ်ဆိုရင်လည်း ခြံပြောင်းသိုးအဖြစ်မျိုးကို ကူးပြောင်းနိုင်ပါတယ်။ သို့အတွက်ကြောင့် ယခုအချိန်ဟာ ကိုဗစ် - ၁၉ ကပ်ဘေးကာလ အသင်းတော်တွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို စစ်ဆေးတဲ့ အချိန်သမယဖြစ်တာကြောင့် အခက်အခဲနဲ့ စိန်ခေါ်မှုဒဏ်ကို ဝိညာဥ်ရေးရာ ကောင်းကျိုး ချမ်းသာအဖြစ် ပြောင်းလဲနိုင်စွမ်းတဲ့အသင်းတော်၊ အသင်းသားများ, မြောက်များစွာ ပေါ်ထွန်းလာစေရေးအတွက် အားထုတ်ကြပါဦးလို့ အယ်ဒီတာ့အာဘော်ကဏ္ဍကနေ အသိပေးနှိုးဆော်လိုက်ရပါတယ်။

 

အယ်ဒီတာ