နို၀င်ဘာ ၁၉ရက်နေ့က အဆက်
၃။ ဝိညာဥ်ရေးရာ
အရေဖျားလှီးခြင်း
ဒုတိယအပိုင်းအနေဖြင့် အရေဖျားလှီးခြင်းအား ဝိညာဥ်ရေးဆိုင်ရာရှုထောင့်မှ တင်ပြလိုသည်။ စင်စစ် ကျမ်းစာအရ ယနေ့ခရစ်ယာန်များသည် ခန္ဓာပိုင်းဆိုင်ရာအရေဖျားလှီးခြင်းကို ခံယူရန် မလိုအပ်ပေ။ သိုသော်လည်း ဝိညာဥ်ရေးဆိုင်ရာအရေဖျားလှီးခြင်းအား ခံယူရန်လိုအပ်ကြောင်း တင်ပြသွားပါမည်။ ဤနေရာတွင် အထူးကရုပြုစေလိုသည့်အချက်မှာ အပြင်ပိုင်းဆိုင်ရာ အရေဖျားလှီးခြင်းသည် ယောကျ်ားများ နှင့်သာ သက်ဆိုင်ဖြစ်သော်လည်း ဝိညာဥ်ရေးရာ အရေဖျားလှီးခြင်းတွင်မူ ကျား/မ ခွဲခြားထားခြင်းမရှိဘဲ ဘုရား၏သားသမီးတိုင်းနှင့် သက်ဆိုင်ပေသည်။ ဝိညာဥ်ရေးရာ အရေဖျားလှီးခြင်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
က။
ရေနှစ်ခြင်းမင်္ဂလာခံယူခြင်း
(ကောလောသဲ
၂း၁၁-၁၃)တွင် ရေနှစ်ခြင်းမင်္ဂလာခံယူခြင်းကို အရေဖျားလှီးခြင်းနှင့်
ခိုင်းနှိုင်းပုံဆောင် ထားသည်။ ဤအရာအား “လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်း”ဟု
တင်စားထားသည်။ ရေနှစ်ခြင်း ခံယူခြင်းသည် ခရစ်တော်၌ မိမိတို့ အရေဖျားလှီးခြင်းအား ခံယူခြင်းဖြစ်သည်။
အရေဖျားလှီးခြင်းအား ခံယူခြင်းဖြင့် ဘုရားသခင်၏ ပဋိညာဥ်နှင့်
သက်ဆိုင်သောသူများအဖြစ် ရှေးဣသရေလလူမျိုးများသည် သက်သေထူခဲ့ကြသည်။
အရေဖျားမလှီးသူများသည် ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ထိုနည်းတူစွာ ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်
ယုံကြည်လက်ခံပြီးသူများသည် ရေနှစ်ခြင်းမင်္ဂလာကို ခံယူရကြရသည်။
စာရေးသူအထက်ကဆိုခဲ့သည့်အတိုင်း
ပဋိညာဥ်စာချုပ်၌ လက်မှတ်ရေးထိုး သကဲ့သို့ဖြစ် သည်။ ထိုပြင်
ရေနှစ်ခြင်းခံယူခြင်းသည် ဝိညာဥ် ပိုင်းဆိုင်ရာတွင် အလွန်မှ လေးနက်သည့် အဓိပ္ပါယ်ရှိသည်။
ရေနှစ်ခြင်းခံယူခြင်းသည်
ယေရှုနှင့်အတူ အသေခံခြင်း၊ သင်္ဂြိုလ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအား ပုံ ဆောင်သည်။
ရေနှစ်ခံယူခြင်းဖြင့် မိမိသည် ဘုရားနှင့်သက်ဆိုင်သူ၊ ဘုရား၏ပညတ်များကို နာခံ လိုက်လျောက်သူဖြစ်ကြောင်း
ကတိသစ္စာပြုလိုက်ခြင်းဖြစ်သည်။ သခင်ယေရှုခရစ်တော်ကလည်း သူ့အား ယုံကြည်လက်ခံလာသူများအား
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်နာမဖြင့် နှစ်ခြင်း မင်္ဂလာပေးရန်
အမိန့်ပေးခံသည် (မဿဲ ၂၈း၁၆-၂၀)။
ရေနှစ်ခြင်းခံယူရန်မလိုဟု
ခံယူသော အချို့ခရစ်ယာန်ရှိကောင်းရှိမည်။ ထိုသူတို့သည် အရေဖျားလှီးခြင်းသည်
ရှေးဣသရေလတို့အတွက် မည်မျှအရေးပါခဲ့ကြောင်းကို ဆင်ခြင်သင့်သည်။ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည်
အသစ်သော ပဋိညာဥ်ကို ပြင်ဆင်ပေးခဲ့သည်။ ရေနှစ်ခြင်းခံယူခြင်းဖြင့် ထိုအရာအား မိမိတို့လက်ခံကြောင်း၊
ထို့ကြောင့် လက်မှတ်ရေးထိုးကြောင်း ဤသဘောမျိုးဖြစ်သည်။ စင်စစ် အရေဖျားလှီးခြင်းအား
လူကထွင်ခဲ့ခြင်းမဟုတ်။ ဘုရားက
ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ ရေနှစ်ခြင်းသည်လည်း လူကဖန်တီးပြုလုပ်ထားခြင်းမဟုတ်
ဘုရားသခင် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။
ခ။
စိတ်နှလုံးသားအားအရေဖျားလှီးခြင်း
အပြင်ပိုင်းဆိုင်ရာ
အရေဖျားလှီးခြင်းသာမက ဝိညာဥ်ရေးရာဆိုင်ရာအရေဖျားလှီးခြင်းအား ရှေးကာလ
(ဓမ္မဟောင်း)ကတည်းက ဘုရားသခင်က သူ၏လူများအား တောင်းဆိုခဲ့ကြောင်းကို
ဓမ္မဟောင်းကျမ်းများတွင် ရှင်းလင်းစွာတွေ့ရသည်။ ဓမ္မသစ်ကျမ်းစာတွင်မူ
ဝိညာဥ်ရေးဆိုင်ရာ အရေဖျားလှီးခြင်းကိုသာ ဘုရားက တောင်းဆိုထားသည်။ ထို့ကြောင့် အပြင်ပိုင်းဆိုင်ရာ အရေဖျားလှီးခြင်းထက်
ဝိညာဥ်ဆိုင်ရာအရေဖျား လှီးခြင်းက ပို၍အရေးကြီး နားလည်ရသည်။ ကျမ်းပိုဒ်အချို့ကိုဖော်ပြပါမည်။
“သင့်နှလုံးနှင့် သင့်အမျိုး၏ နှလုံးအရေဖျားကို
လှီးဖြတ်တော်မူလိမ့်မည်” (တရားဟောရာကျမ်း ၃၀:၆)။ “ထာဝရဘုရားအဖို့အလိုငှာ
အရေဖျားလှီးမင်္ဂလာကိုခံ၍၊ သင်တို့နှလုံးအရေဖျားကို
လှီးဖယ်ကြလော့”
(ယေရမိအနာဂတ္တိကျမ်း ၄:၄)။ “အရေဖျားလှီးခြင်းလည်း
ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော်တရားအားဖြင့်
စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့အရေးဖျားလှီးခြင်းကို
ခံသောသူ၏အချီးအမွမ်းသည် လူအလိုနှင့် မဆိုင်၊
ဘုရားသခင့်အလိုတော်နှင့် ဆိုင်သတည်း” (ရောမဩဝါဒစာ
၂:၂၈-၂၉)။
ဤကျမ်းပိုဒ်များ၏အနှစ်ချုပ်
သုံးချက်ကို တင်ပြလိုသည်။
၁။
ဘုရားသခင်အားချစ်ခြင်း
ရှေးဦးစွာ
နားလည်ရမည်မှာ နှလုံးသားအရေဖျားလှီးခြင်းမည်သည် လိင်အင်္ဂါ၏အရေဖျားအားလှီးဖြတ်သကဲ့သို့
မိမိနှလုံးကို လှီးထုတ်လိုက်ခြင်းမျိုးမဟုတ်ပါ။ မိမိနှလုံးအား လှီးဖြတ်ပါက အသက်သေဆုံးမည်သာ။
ထို့ကြောင့် ဤသည် တင်စားပြီးပြောဆိုထားခြင်းမျိုးဖြစ်ကြောင်း နားလည်ရပါမည်။ ဝိညာဥ်ဆိုင်ရာ
စိတ်နှလုံးအရေဖျားလှီးခြင်းသည် ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း မည်ပါပေသည်။
ယေရှုခရစ်အား ဖာရှိရှဲများက ကျမ်းစာမှ အကြီးမြတ်ဆုံးသော ပညတ်သည် မည်သည်နည်းဟု
မေးသောအခါ ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့ပါသည်မဟုတ်ပါလော
(ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၄၀)။ ဘုရားသခင်အား ချစ်ခြင်းနှင့်ပတ်သက်ပြီး
ပိုမိုနားလည်သိရှိစေရန် တရားဟောရာကျမ်း ၁၀း၁၂-၁၆ အားဖတ်စေလိုသည်။
ဘုရားသခင်၏လူများအနေဖြင့်
ဘုရားသခင်၏ နှုတ်ကပတ်တော်(ပညတ်)များအား နာခံလိုက်လျှောက်ရာတွင်
အပြင်ပိုင်းဆိုင်ရာသာ လုပ်ဆောင်နေခြင်းမျိုးသာမဟုတ်ဘဲ စိတ်နှလုံးသားထဲက နာခံလိုက်လျှောက်မှုမျိုးကို
ဘုရားသခင်သည် အလိုရှိကြောင်း ကျမ်းစာမှသိရသည်။ ဥပမာတခု တင်ပြရသော် ရှေးဣသရေလလူများ
ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရာအဖြစ် ယဇ်ပူဖော်ခြင်းအမျိုးမျိုးကို လုပ်ဆောင်ခဲ့ရသည်။
ထိုသို့ ပြုလုပ်ရန်လည်း ဘုရားသခင်က တောင်းဆိုခဲ့ခြင်ကြောင့်ဖြစ်သည်။ သူတို့သည်လည်း
အမှန်တကယ် ပြုလုပ်ခဲ့ကြပါသည်။ သို့သော် ဘုရားသခင်သည် အပြင်ပိုင်းဆိုင်ရာသာ မဟုတ်ပဲ
လူ၏စိတ်နှလုံးကို ကြည့်သော်မူသော ဘုရားဖြစ်သည်။ အပြင်းပိုင်ဆိုင်ရာမှ လွန်ပြီး
ဝိညာဥ်ရေးဆိုင်ရာသို့ ရောက်ရှိစေလိုသည်။ ဤသဘောအား အောက်ပါကျမ်းပိုဒ်နှစ်ပိုဒ်က
နားလည်စေပါသည်။
“ရှမွေလကလည်း၊
ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊
မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌
အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍
ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏” (ဓမ္မရာဇဝင်ပထမစောင်
၁၅:၂၂)။
(၁ ကော
၇း၁၉)တွင် ဘုရားသခင်၏ပညတ်အား စောင့်ရှောက်ခြင်းသည် အရေးကြီးကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ဘုရား၏သားသမီးများအနေဖြင့် ဘုရား၏ပညတ်တော်အား နာခံလိုက်လျှောက်ရန် လိုအပ်ပေ
သည်။ ထိုသို့ လိုက်လျှောက်ရာတွင်လည်း အပြင်ပိုင်းဆိုင်ရာ လိုက်လျှောက်ရုံသာမဟုတ်ဘဲ
စိတ်နှလုံးပါလျက် နာခံလိုက်လျှောက်ရမည်။
၃။
ဝတ်ပြုကိုးကွယ်ခြင်း
(ဖိလိပ္ပိဩဝါဒစာ
၃:၃)အရ ဘုရားအား ဝတ်ပြုကိုးကွယ်ခြင်းသည် ဝိညာဥ်ရေးဆိုင်ရာ အရေးဖျားလှီးခြင်းမျိုး
ဖြစ်ကြောင်း နားလည်ရသည်။ ကျမ်းပိုဒ်တခုတွင်လည်း ဘုရားသခင်သည် စစ်မှန်သောကိုးကွယ်သောသူအား
ရှာနေကြောင်း ဖော်ပြထားပြန်သည် (ရှင်ယောဟန်ခရစ်ဝင် ၄:၂၃-၂၄)။
ကိုးကွယ်ခြင်းသည် စစ်မှန်ဖို့လိုအပ်ပေ သည်။ အောက်ပါကျမ်းကို ဆင်ခြင်ပါလေ။
“ထာဝရဘုရားကလည်း၊
ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့်
ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့စီရင်သော
ပညတ်တို့ကို အမှီပြု၍ ငါ့ကိုကြောက်ရွံ့ကြ၏” (ဟေရှာယအနာဂတ္တိကျမ်း
၂၉:၁၃/ ရှင်မဿဲ
၁၅း၁၈)။
အဒီး (မှော်ဘီ)
(ဆောင်းပါးရှင် အဒီး(မှော်ဘီ)သည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)