စာရေးသူ ငယ်ငယ်က ကျမ်းစာကိုဖတ်သည့်အခါ အထူးသဖြင့် ဓမ္မဟောင်းကျမ်းအား ဖတ်သည့်ချိန် အရေဖျားလှီးခြင်း အကြောင်း ထပ်ခါထပ်ခါ ဖတ်မိသည်။ ယင်းအဓိပ္ပါယ်အား ငယ်ငယ်က ဂဃနဏ မသိခဲ့ပါ။ စာရေးသူအနေဖြင့် အရေဖျားလှီးခြင်းမည်သည် လူ့အရေပြားတခုခုကို လှီးခြင်းဖြစ်မည်ဟုသာ ယူမှတ်ခဲ့သည်။ သို့သော် အရေးဖျားလှီးခြင်းမည်သည် မည်သည့်ဘယ်အရာဖြစ်သည်ကို နှောင်ပိုင်းတွင် သိရှိခဲ့ရသည်။ မရှက်စတမ်းတင်ပြရသော် အရေဖျားလှီးခြင်းမည်သည် ယောကျာ်းများ၏ လိင်အင်္ဂါ (ဖွားဖက်တော်)၏ ထိပ်တွင် ဖုံးအုပ်နေသော အရေပြားဖုလေးကို ဓါးထက်ထက်ဖြင့် လှီးထုတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ လုပ်ခြင်းကို အရေဖျားလှီးခြင်းဟု ခေါ်သည်။
၁။အရေဖျားလှီးခြင်းကို
မည်သည့်အချိန်က စတင်ခဲ့သနည်း?
ကမ္ဘာဦးကျမ်း
၁၇း၁၀-၁၄ အားဖတ်ပါ။ ထိုကျမ်းပိုဒ်တွင် ဘုရားက သူနှင့်ပဋိညာဥ်ပြုခြင်း
သက်သေအဖြစ် အာဗြဟံအား အရေးဖျားလှီးခြင်းမင်္ဂလာခံယူရန်
တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုမှာ အာဗြဟံအမျိုးမှ ဆင်းသက်သော ယောကျ်ားတိုင်းသည်
မွေးဖွားပြီး ၈ရက်မြောက်နေ့တွင် အရေဖျားလှီးခြင်းအား မဖြစ်မနေ ပြုလုပ်ရန်ဖြစ်သည်။
ပဋိညာဥ်ဖွဲ့ခြင်းမည်သည် သစ္စာကတိပေးခြင်းဖြစ်သည်။ တနည်းကား စာချုပ်ချုပ် ခြင်းဖြစ်သည်။
ယင်းကအာဗြဟံအား ဘုရားနောက်လိုက်သည့် ဘုရားလူမျိုး၊ ဘုရားပိုင်သည့်လူမျိုးဖြစ်စေမည်။
သူတို့သည် ဘုရားပညတ်ချက်များကို လိုက်နာရမည်ဖြစ်သည်။ ဤအရေဖျားလှီးခြင်းသည်
စာချုပ်ပေါ် လက်မှတ်ထိုးခြင်း သဘောမျိုး သက်ရောက်သည်။ အရေဖျား (အသားစ)ကို
ဖြတ်ထုတ်လိုက်ရသည့်အတွက် အမာရွတ်ကျန်ခဲ့မည် ဖြစ်သည်။ ထိုအရာက ဘုရား၏ပဋိညာဥ်ကို
အစဥ်သတိရစေရန် လက္ခဏာဖြစ်ပေမည်။
အရေဖျားလှီးခြင်းနှင့်ပတ်သက်ပြီး
စိတ်ဝင်စားဖွယ်ကောင်းသည့် သမိုင်းဆိုင်ရာအချက်အချို့ကို တင်ပြရသော်၊
အီဂျစ်ပြည်တွင် ကျွန်ပြုခဲ့နေရသည့် ဣသရေလူမျိုးများကို ကယ်နှုတ်ရန်အတွက်
ဘုရားသခင်သည် မောရှေအား ရွေးကောက်ခဲ့သည် (ထွက် ၃)။ သို့သော် မောရှေအား ရွေးကောက်ပြီးများမကြာမီပဲ
ဘုရားသခင် သည် မောရှေအား သတ်လုဆဲဆဲဖြစ်ခဲ့သည် (ထွက် ၄း၂၄-၂၆)။ အဘယ့်ကြောင့်ဆိုသော်
သူသည် သူ၏သားများကို အရေဖျားလှီးရန် ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ မောရှေ၏အမျိုးသမီးက
သူ၏သား များအား အရေဖျားလှီးပေးခြင်းဖြင့် မောရှေအသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ ဘုရား၏လူများကို
ဦးဆောင်မည့်သူသည် ဘုရား၏ ပညတ်ကို ဦးဆုံးလိုက်နာရန်လိုအပ်ပေသည်။
အခြားတခုမှာ
ယောရှု ၅း၄-၇ ပါအကြောင်းအရာလေးဖြစ်သည်။ ဤကျမ်းအရ တော၌နှစ်ပေါင်းလေးဆယ်
လှည့်လှည်နေခဲ့ချိန် ဣသရေလလူများသည် ထိုအရေဖျားလှီးခြင်းအား
ခံယူခဲ့ခြင်းမရှိခဲ့ကြချေ။ ထိုသို့မလုပ် ခဲ့ခြင်းမှာ တော၌ လှည့်လှည်နေရခြင်းကြောင့်
ဖြစ်တန်မူမည်။ သို့သော် ဘုရားကတိထားရန် ပြည်သို့
မဝင်မီ ဣသရေလ ယောကျာ်းအားလုံးအား အရေဖျားလှီးခြင်းမင်္ဂလာခံယူရန် ယောရှုအား ဘုရားသခင်က
ပညတ်ပြန်ပေးခဲ့သည်။
နောင်တွင်
ဤအရေးဖျားလှီးခြင်းသည် ဣသရေလူမျိုးမျာ မလုပ်မနေရပညတ်အဖြစ် မောရှေအား ဘုရားသခင်
ပညတ်ခဲ့သည်ကိုတွေ့ရသည် (ဝတ် ၁၂း၃)။ ဣသရေလလူမျိုး တဆက်ပြီးတဆက် ဤအရေးဖျားလှီးခြင်း
မင်္ဂလာကို လိုက်နာခဲ့ကြသည်။ (ရှင်လုကာ ၂း၂၁)အရ ယေရှုသည်လည်းမွေးဖွားပြီး
ရှစ်ရက်မြောက်နေ့တွင် ဣသရေလလူမျိုး ျထုံးစံရှိသည့်အတိုင်း
အရေးဖျားလှီးခြင်းမင်္ဂလာအား ခံယူခဲ့ကြောင်း သိရသည်။ ယနေ့ထိတိုင်
ဣသရေလလူမျိုးတို့သည် အရေဖျားလှီးခြင်းကို လုပ်ကြဆဲဖြစ်သည်။ အခြားသော ဘာသာများလည်း
အရေဖျားလှီးသည့် ထုံတမ်းရှိသည် (ဥပမာ အစ္စလမ်ဘာသာ)။ ထိုမျှမက အရေဖျားလှီးခြင်းသည်
ကောင်းသည်ဟု ကျန်းမာရေးရှုထောင့်အရ ခံယူသည့် လူများလည်း ဤအရေဖျားလှီး ခြင်းကို ပြုလုပ်ကြသည်။
၂။ ယနေ့
ခရစ်ယာန်အမျိုးသားများအနေဖြင့် အရေဖျားလှီးခြင်းမင်္ဂလာခံယူရန် လိုအပ်ပါသလော?
ဤအမေးပုစ္ဆာအား
ရှေးကနဦးခရစ်ယာန်များလည်း ကြုံတွေ့ခဲ့ရသည်။ တမန်တော်များဟောပြောမှုဖြင့်
ဂျူးလူမျိုး (ဣသရေလလူ)များစွာ ခရစ်တော်ကိုယုံကြည်လက်ခံလာကြသည်။ အခြားတဖက်တွင်လည်း
ဂျူးလူမျိုးမဟုတ်သည့် အခြားတိုင်းတပါးများသည်လည်း ခရစ်တော်၏သတင်းစကားကို လက်ခံလာကြသဖြင့်
ခရစ်ယာန်များဖြစ်လာသည်။ အထူးသဖြင့် တမန်တော်ကြီးရှင်ပေါလု၏ ဧဝံဂေလိဟောကြား ခြင်းကြောင့်
ဖြစ်သည်။ သူသည် တိုင်းတပါးလူမျိုးများအတွက် ဘုရားသခင် အထူးရွေးကောက်ထားသောသူ ဖြစ်ခဲ့သည်။
ဤတွင် အသင်းတော်၌ ပြဿနာတခုရှိလာခဲ့သည်။
ယင်းက ခရစ်ယာန်ဖြစ်လာသည့်
ဂျူးမဟုတ်သည့် တိုင်းတပါးသားများအနေဖြင့် ဣသရေလတို့၏ ထုံးတမ်းဖြစ်သည့် အရေဖျားလှီးခြင်းမင်္ဂလာအား
မဖြစ်မနေ ခံယူရန် လိုအပ်ပါသလော (သို့) မလိုအပ်သလော ဟူသော အချက်ဖြစ်သည်။ အထူးသဖြင့်
မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင် ကယ်တင်တော်မူခြင်းမခံရ ဟူသော
သွန်သင်ချက်က အသင်းတော် များကို ရှုပ်ထွေးစေခဲ့တယ်။ ဂလာတိသြ၀ါ ဒစာသည် ဤပြဿနာကြုံတွေ့နေရသည့်
ဂလာတိအသင်းတော်အား ဖြေရှင်းချက်ပေးထားသည့် ရှင်ပေါလု၏ ပေးစာဖြစ်သည်။
ယင်းပြဿနာအား
အဖြေရှာရှင်းလင်းဖို့ တမန်တော်များ၊ အသင်းတော်ခေါင်းဆောင်များသည် ယေရုရှလင်မြို့၌
စုဝေးပြီး အစည်းအဝေးတခုလုပ်ခဲ့ကြသည်။ (တမန်တော်၀တ္ထု ၁၅း၁ -၂၀)တွင် ဤ
စည်းဝေးပွဲအကြောင်း သေချာစွာ မှတ်တမ်းတင်ထားသည်။
တမန်တော်ကြီးဖြစ်သည့် ရှင်ယာကုပ်က၊ အစည်းအဝေး၏ အနှစ်ချုပ်အနေဖြင့် ခရစ်တော်ကို
လက်ခံယုံကြည်လာသည့် တပါးလူများအနေဖြင့် မောရှေပညတ်အား လိုက်လျှောက်ရန် မလိုအပ်ပဲ
အောက်ပါပညတ်တို့ကိုသာ လိုက်လျှောက်ရန် တောင်းဆိုခဲ့သည်။
ထိုအချက်တို့မှာ
၁၊
ရုပ်တုတို့၏ ညစ်ညူးရာယဇ်ကောင်
၂၊
မတရားသောမေထုန်
၃၊
လည်ပင်းကိုညှစ်၍ သတ်သောအရာ
၄၊
အသွေးတို့အား ရှောင်ကြည်ရန်ဖြစ်သည်။
ဤအချက်ကို
အားလုံးသဘောတူပြီး အသင်းတော်အသီးသီးသို့ အသိပေးစာပို့ပေးခဲ့သည် (တမန်တော် ၁၅း၂၈)။
ထို့ကြောင့်
ကျမ်းစာအရ ယနေ့ခေတ်ခရစ်ယာန်များအနေဖြင့် အရေဖျားလှီးခြင်းကို မဖြစ်မနေခံယူရန် လုံးဝ
(လုံးဝ) မလိုအပ်ပေ (ဂလာတိ ၅း၁-၂)။ သို့သော် အကယ်၍ အရေဖျားလှီးခြင်းအား
ကျန်းမာရေးရှုထောင့်အရ ကြည့်ပြီး လုပ်သင့်သည်ဟု ယူဆပါက သင်၏သဘောသာဖြစ်သည်။ လုပ်နိုင်ပါသည်။
ပြဿနာမရှိပါ။ သို့သော် ကယ်တင်ခြင်းနှင့် အရေဖျားလှီးကား လုံးဝ သက်ဆိုင်မှုမရှိပေ (၁ကော ၇း၁၉)။
ဆက်ရန်
အဒီး (မှော်ဘီ)
(ဆောင်းပါးရှင် အဒီး(မှော်ဘီ)သည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)