နို၀င်ဘာ ၃ရက်နေ့က အဆက်
ကျွန်ုပ်နှလုံးသားတခုလုံး၏ အရှင်သခင် (Master of My Whole Heart)
ထို့နောက်တွင် ကျွန်တော့်စိတ်ထဲ၌ စိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေးတခု ၀င်လာခဲ့သည်။ “ကိုယ်တော်သည် ကျွန်ုပ်၏ သော့ခတ်ပိတ်ထားသော အခန်းကို ကောင်းစွာ လုပ်ပေးခဲ့တယ်။ ကျေးဇူးပြုပြီး ကျွန်ုပ်နှလုံးသားတခုလုံးကို အုပ်စိုးပေးတော်မူပါ”ဟု ဟစ်အော်ခဲ့သည်။
ခရစ်တော်က “ငါလည်း ဒီလိုမျိုးကို လိုချင်ပါတယ်။ ဒါပေမဲ့ ငါက ဧည့်သည်တယောက်သာ ဖြစ်တဲ့အတွက် မင်းအိမ်ကို မအုပ်စိုးနိုင်ပါဘူး”လို့ ပြန်ဖြေခဲ့သည်။ ထို့နောက် ခရစ်တော်ရှေ့၌ ချက်ချင်း ဒူးထောက်ပြီး “ကိုယ်တော် … ဒီအိမ်ကို ကျွန်တော်ပိုင်တယ်လို့ပဲ တွေးထားခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ကစပြီး ကိုယ်တော်ကို ကျွန်ုပ်နှလုံးသားတခုလုံး၏ အရှင်ဖြစ်ကြောင်းကို ၀န်ခံရန် ရွေးချယ်လိုက်ပါပြီ”ဟု ပြောခဲ့သည်။
စာရွက်တရွက်ကိုဖြဲပြီး ထိုအပေါ်၌ “ကျွန်ုပ်နှလုံးသား၏ အခန်းတိုင်းကို ခရစ်တော် ပိုင်သည်”ဟု ရေးသားခဲ့သည်။ ထိုစာရွက်ကို ခရစ်တော်ထံသို့ ပေးလိုက်ရခြင်းကို ကျွန်တော် များစွာ နှစ်သက်ဝမ်းသာခဲ့ရသည်။
ထိုနေ့က ကျွန်ုပ်၏ ပိုက်ဆံ၊ စွမ်းရည်အားလုံး၊ ဘ၀တခုလုံးကို ခရစ်တော်သည် လက်ခံခဲ့သည်။ ရှိရှိသမျှအားလုံးပင်ဖြစ်သည်။ ထို့နောက်တွင် ခရစ်တော်နှင့်အတူ ထိုအိမ်၌ ဆက်လက်နေရန် ကျွန်တော် ယုံကြည်နေခဲ့မိသည်။ သို့သော်လည်း ထိုကဲ့သို့ မဟုတ်ခဲ့ပါ။ ခရစ်တော် အိမ်ပြင်ထွက်ပြီး လမ်းမသို့ ဆင်းသွားခြင်းသည် ကျွန်ုပ်ကို ရုတ်တရက် မျှော်လင့်မထားသော ခံစားမှုကို ဖြစ်စေသည်။
“ကိုယ်တော် … ကျွန်တော့်နှလုံးသား တခုလုံးကို ကိုယ်တော်ကို ပေးခဲ့ပြီလေ … ဘာကြောင့် ကျွန်တော့်ကိုပဲ ချန်ထားခဲ့တာလဲ”လို့ အော်ပြောမိသည်။ ခရစ်တော်က “မင်းကို ငါချန်ထားခဲ့တာ မဟုတ်ပါဘူးကွာ … မင်းကို ငါလမ်းပြ ဦးဆောင်နေတာလေ… လာ… ငါ့လက်ကို ကိုင် … အခု သွားကြရအောင်”ဟု ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြောခဲ့သည်။
“ဟုတ်ပြီ … ဘယ်ကို သွားမှာလဲ”ဟု အံ့သြစွာ ပြန်အော်မိသည်။ ခရစ်တော်က “မြေကြီး စွန်းတိုင်အောင်ပေါ့။ မင်း ပတ်ဝန်းကျင်မှာ ကောင်းမွန်စွာ သက်သေခံပြီးပြီလေ… အခုတော့ အခြား တနေရာကို သွားဖို့ မင်းကို အလိုရှိတယ်… ဝေးလံသောနေရာ ခက်ခဲကြမ်းတမ်းတဲ့နေရာဆီပေါ့… မင်းသိတယ်မဟုတ်လား … ငါက လူသားတွေရဲ့အပြစ်ကို ချေဖျက်ပြီး သူတို့အတွက် အသေခံခဲ့ကြောင်းကို သိတဲ့သူတွေ အနည်းငယ်သာ ရှိသေးတယ် … မကြားမသိရသေးတဲ့ နိုင်ငံများစွာ ရှိသေးတယ်လေ … ငါက မင်းကို အဲဒီနေရာကို သွားစေချင်တယ် … ငါလည်း မင်းနဲ့အတူ သွားမှာပါ … လာ … ငါနဲ့အတူ သွားရအောင်”ဟု ပြန်ဖြေသည်။
ထိုနေရာတွင် ရပ်ပြီး ခရစ်တော်ကို ငေးကြည့်နေခဲ့သည်။ ထို့နောက် အိမ်ကို ပြန်လှည့်ပြီး သက်တောင့်သက်သာ အဆင်ပြေနေသော ကျွန်ုပ်၏ ဘ၀အသက်တာ၊ အိမ်၊ ပရိဘောဂ ပစ္စည်းများကို ထားခဲ့ရမည်ကို ပြန်တွေးမိနေခဲ့သည်။ “ငါ ဒီအရာအားလုံးကို ထားခဲ့နိုင်ပါ့မလား”ဟု ကျွန်ုပ်ကိုယ်ကို ပြန်မေးမိသည်။
ကျွန်တော် မလှုပ်ပဲ မိနစ်များစွာ နေခဲ့မိပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်မှာ ကမ္ဘာလောကစိတ်ချမ်းသာမှုတို့ကို ကျွန်တော့်နောက်မှာ ထားခဲ့ပြီး ခရစ်တော်နှင့် တွေ့ဆုံရန် ပြေးသွားခဲ့သည်။ ပြုံးရယ်လျက် ကျွန်တော်နှင့် ခရစ်တော် အတူတကွ လမ်းလျှောက်သည်အတိုင်း ခရစ်တော်သည် ကျွန်ုပ်ကို ဖက်ထားခဲ့သည်။ ထို့နောက်ပိုင်းတွင် ခရစ်တော်သည် ကျွန်ုပ်အတွက် ဘ၀လက်တွဲဖော်တယောက်ကို ပေးခဲ့သည်။ သူမသည်လည်း ခရစ်တော်ကို သူမ၏ နှလုံးသား အရှင်သခင်အဖြစ်ပေးရန် ဆုံးဖြတ်ခဲ့သည်။
လမ်းခရီးသည် လွယ်ကူခြင်းမရှိပါ။ သတင်းကောင်းကို အခြားသောတိုင်းနိုင်ငံများသို့ ပျံ့နှံ့ရန် ခရစ်တော်သည် ကျွန်တော်တို့အား ဦးဆောင်သောအခါ “အင်ဂျင်နီယာဘွဲ့ရရန် တက္ကသိုလ်၌ အချိန်များစွာ ကုန်လွန်ပြီးနောက် ငါတကယ်ထွက်ပြီး အလုပ်လုပ်နိုင်ပါ့မလား။ ငါ အလုပ်ထွက်ရမည်လား။ ငါ ဘယ်လိုအသက်ရှင်ရမည်နည်း” စသည့် မေးခွန်းများကိုလည်း ပြန်မေးခဲ့သည်။
ထို့ပြင် မိသားစုနှင့် မိတ်ဆွေများကို နှုတ်ဆက်ပါတယ်ဟု ပြောရသောအချိန်၌ ကျွန်တော့်ဇနီးနှင့် ကျွန်တော့်နှလုံးသား ကြေကွဲဝမ်းနည်းရသော်လည်း ကျွန်တော်တို့ မည်သည့်အခါမျှ စိတ်ပျက်ဝမ်းနည်းခြင်း မဖြစ်ခဲ့ရပါ။ ခရစ်တော်၌ အသစ်သော အသက်တာကို ရရှိသော အမျိုးမျိုးသော လူအချို့များကို တွေ့ရသည်မှာ အလွန်ပင် ကြည်နူးဝမ်းမြောက်ဖွယ် ကောင်းသည်။ ထိုသူတို့သည်လည်း သူတို့ ပတ်ဝန်းကျင်၌ အခြားသော ဘာသာစကား မတူသော လူမျိုးများဆီသို့ သတင်းကောင်းကို သယ်ဆောင်ရန် စိတ်အားထက်သန်မှုတို့ကို တွေ့ရခြင်းမှာလည်း အလွန်ပဲ ၀မ်းမြောက်ဖွယ် ဖြစ်သည်။
ယခု … ကျွန်တော့် ညီအစ်ကို အားလုံးကို ဖိတ်ခေါ်ချင်သည်မှာ “ခရစ်တော်ကို မိမိ၏ နှလုံးသား အခန်းတခန်းစီတိုင်း၏ အရှင်သခင်ဖြစ်စေပါ။ ထို့နောက် နေရာတိုင်းသို့ သူနှင့် အတူတကွ သွားလားပါ”
သခင်ယေရှုခရစ်တော်က “ထိုသို့ မရှိသော်လည်း သင်တို့အပေါ်သို့ သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ့သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏” (တမန် ၁း၈)
ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင် “ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ၊ သင်တို့သည် သွား၌ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့၊ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြ၀ါဒ ပေးကြလော့၊ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏”
(ရှင်မဿဲ ၂၈း၁၈ - ၂၀)
“လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧ၀ံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတ္တံ့။” (ရှင်မဿဲ ၂၄း၁၄)
ဤစာစောင်ကို ဖတ်ရှုခွန်အားယူပြီး သင်၏ အသက်တာကို ခရစ်တော်၏ မဟာ တန်ခိုးတော်အားဖြင့် ၀မ်းမြောက်ဖွယ်ရာ ပြောင်းလဲခြင်း ဖြစ်ပါစေသော်(၀်) …
အဒီး (မှော်ဘီ)
ဘာသာပြန်
Bruce Brittan ရေးသားထားသော The Power of Christ in my Heart စာစောင်အား ဆီလျော်စွာ ဘာသာပြန်ထားပါသည်။
(ဆောင်းပါးရှင် အဒီး(မှော်ဘီ)သည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)