အောက်တိုဘာ ၁၁ရက်နေ့က အဆက်
အလုပ်ခန်း (Work Room)
အလုပ်ခန်းသို့ ခရစ်တော်ဝင်လိုက်သည်နှင့်တပြိုင်နက် ကိရိယာများကို အချိန်ကြာမြင့်စွာ အသုံးပြုခဲ့ခြင်း မရှိကြောင်းကို သတိထားမိသွားသည်။ အရာအားလုံးသည် ဖုန်မှုန့်များဖြင့် ပေကျံနေသည်။ “ကိရိယာတန်ဆာပလာကောင်းတွေ ကျွန်ုပ်မှာ မရှိလို့ အလုပ်များစွာ မလုပ်နိုင်ဘူး”ဟု တွေးမိခဲ့သည်။ ခရစ်တော်က “’ဒီအလုပ်ခန်းမှာ အလွန်မှ ကောင်းမွန်တဲ့ ကိရိယာတန်ဆာပလာတွေရှိနေတယ်။ မင်းဘာတွေ ပြုလုပ်နေသလဲ”ဟု လှည့်ကြည့်ပြီး မေးခဲ့သည်။
ထို့နောက် တ၀က်သာပြီးမြောက်သေးသည့် လုပ်ငန်းသုံးခုကို ပြခဲ့သည်။ ထိုအရာမှ ဆွေမျိုးများကို သက်သေခံခြင်း၊ ထောင်ထဲ၌ ဟောပြောခြင်းနှင့် Sunday Schoolစာသင်ကြားခြင်းတို့ ဖြစ်သည်။ “’ဒီလုပ်ငန်းတွေလုပ်နေခြင်းကို ရပ်တန့်ခဲ့တဲ့အတွက် ၀မ်းနည်းပါတယ်။ ကျွန်ုပ်မှာ အခြားလူတွေလို အရည်အချင်းများစွာ မရှိလို့။ ပြီးတော့ ပါရမီလည်း မပါလို့ ရပ်ထားခဲ့တာပါ… သခင်..”လို့ အားငယ်စွာဖြင့် ပြန်ပြောခဲ့သည်။
“’ဒါဆို မင်းဒီထက်ပိုပြီးကောင်းအောင်လုပ်ချင်သလား”လို့ ခရစ်တော်က မေးသောအခါ စိတ်လှုပ်ရှားစွာဖြင့် “ဟုတ်ကဲ့”ဟု ဖြေခဲ့သည်။ ထို့နောက် ခရစ်တော်နှင့်အတူ အလုပ်လုပ်ခြင်းကို အစပြုခဲ့သည်။ ကိုယ်တော်နှင့်အတူ အလုပ်လုပ်နေရခြင်းကို ကျွန်ုပ်များစွာ နှစ်သက်သဘောကျမိသည်။
ယခုတွင် ခရစ်တော်၏ တန်ခိုးသည် လူများ၏ အသက်တာကို ပြောင်းလဲနိုင်ကြောင်းကို Sunday Schoolသင်ကြားပြီးနောက်ပိုင်းတွင် သိရှိလာခဲ့သည်။ ကျွန်ုပ် ဘတ်(စ်)ကားပေါ်သို့ တက်သည့်အခါတွင် “အို…သခင်…။ ကျွန်ုပ်ဘေးမှာထိုင်သောသူကို သတင်းကောင်းကို ရှင်းရှင်းလင်းလင်း ဟောပြောနိုင် ရန်အတွက် ကူညီတော်မူပါ”ဟု တိတ်ဆိတ်စွာ ဆုတောင်းတတ်လာသည်။ ကားပေါ်မှ ဆင်းသည့်အခါ “ထာဝရအသက်ကို ဘယ်လို လက်ခံရရှိမလဲဆိုတာ ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု တစ်ခါတရံ ပြန်ပြောခဲ့သည်။ ထိုသို့သော ရက်သည် ကျွန်ုပ်ဘ၀၌ အကောင်းမွန်ဆုံးသော နေ့ရက်ပင် ဖြစ်တော့သည်။ ထို့နောက် “ကျွန်ုပ်ကဲ့သို့သော သာမည သာမန်လူအားဖြင့် ခရစ်တော်၏ တန်ခိုးသည် ပေါ်ထွက်လာပါလား”ဟု အသစ်တဖန် ကျွနုုပ် နားလည်လိုက်သည် (တမန် ၄း၁၃)
“ငါ၌ စွမ်းရည်မရှိသောကြောင့် များစွာ ငါမလုပ်နိုင်”ဟု ကျွန်ုပ် မည်သည့်အခါမျှ ပြောတော့မည် မဟုတ်ပါ။ ခရစ်တော်နှင့်အတူ သာ၍ အလုပ်လုပ်မည်သာဖြစ်သည်။ ကျွန်ုပ်၏ အနည်းငယ်သော စွမ်းရည်ဖြင့် ကြီးမားသေား လုပ်ငန်းကို ခရစ်တော်အားဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။
ယေရှုသည် အနီးအပါးသို့ ချဉ်းကပ်တော်မူပြီးလျှင်
“ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့သည် ငါခံရပြီ၊ သင်တို့သည် သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့၊ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြ၀ါဒပေးကြလော့၊ ငါသည်လည်း၊ ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့် အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏” (ရှင်မဿဲ ၂၈း၁၈-၂၀)
ဆက်ရန်
အဒီး (မှော်ဘီ)
(ဆောင်းပါးရှင် အဒီး(မှော်ဘီ)သည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)