အံ့ဖွယ်ဖြစ်ရပ်များ (miracles)


ကိုဗစ်-၁၉ ကြောင့် ကျောင်းတွေပိတ်ထားချိန် ကလေးတွေကို အိမ်မှာပဲ ရနိုင်သလောက် စာသင်ပေးရပါတယ်။ အတန်းစာတွေအပြင် ယုံကြည်ရာ သမ္မာကျမ်းစာကိုလည်း မိတ်ဆက်ပေးပါတယ်။ သားကြီးက ၁၄ နှစ်ဆိုတော့ ကျမ်းစာကို သူ့ဖာသာသူဖတ်တယ်။ သူနားမလည်တာတွေကို ဆွေးနွေးပေးတယ်။ သားငယ်က ၆ နှစ်ဆိုတော့ ကျမ်းစာထဲက အံ့ဖွယ်ဖြစ်ရပ်တွေကို ဒီအတိုင်း ပြောပြပေးရပါတယ်။ 


ကနေ့ သားငယ်လေးကို ပြောပြဖြစ်တဲ့ ကျမ်းစာထဲက အံ့ဖွယ်အကြောင်းအရာက အစ္စရေးတို့ရဲ့ ယေရိခေါမြို့သိမ်းတိုက်ပွဲ ဖြစ်ပါတယ်။ မြို့ကို ဘုရားသခင် အမိန့်တော်အတိုင်း ၇ ကြိမ်ပတ်လည် ချီတက်ပြီး၊ ကြွေးကြော်တဲ့အခါ မြို့ရိုးပြိုပျက်သွားတယ်လို့ ပြောပြတော့၊ it doesn’t make any sense to me (အဲ့တာ ငါ့အတွက် အဓိပ္ပါယ်မရှိဘူး) လို့ချက်ချင်းတုံ့ပြန်ပါတယ်။ ကလေးက ဟန်ဆောင်မှုကင်းပါတယ်။ သူမြင်တဲ့အတိုင်းပဲ ဘယ်သူ့မျက်နှာမှ မထောက်ပဲ ပြောတတ်ပါတယ်။ မြို့ကိုပတ်လည်ချီတက်ပြီး အော်ဟစ်ရုံနဲ့ ခိုင်ခံ့တဲ့မြို့ရိုးကြီး ပြိုကျတယ်ဆိုတာ လူတွေနားလည် ထားတဲ့ တကယ့်ဘ၀ အဖြစ်အရှိမှာ လုံးဝမဖြစ်နိုင်ပါဘူး။ ဘုရားသခင်ရဲ့ လုပ်ရပ်တွေက ကလေးတောင်မှ အဓိပ္ပါယ်မရှိဘူးလို့ ပြောယူရတဲ့အထိပါလားလို့  ကျွန်တော်ဆက်တွေးဖို့ဖြစ်လာပါတယ်။


အံ့ဖွယ်ဖြစ်ရပ်နဲ့ပတ်သက်ပြီး လက်ခံသူ ရှိသလို၊ လက်မခံသူလဲ ရှိကြပါတယ်။

လက်ခံသူမှာလဲ အမြင် (၂) မျိုးကွဲသလို၊ လက်မခံသူတွေမှာလဲ အမြင် (၂) မျိုးကွဲထွက်နေပါတယ်။ 

တခုချင်းကို ကျွန်တော် ဒီမှာရေးပြချင်ပါတယ်။ 


အံ့ဖွယ်ဖြစ်ရပ်တွေကို လက်ခံကြတဲ့သူတွေထဲမှာ အံ့ဖွယ်ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပထမအမြင်ကတော့၊ သဘာ၀ စနစ်အတွင်းမှာပဲ လုပ်တာလို့ လက်ခံခြင်းဖြစ်ပါတယ်။ ဘုရားသခင်က သူဖန်ဆင်းထားတဲ့ သဘာဝစနစ်ကြီးနဲ့ ဆန့်ကျင်ပြီး မလုပ်ပါဘူးလို့ ဆိုကြပါတယ်။ ဥပမာ- လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီမှာ လျှပ်စစ်ကို မတွေ့ရှိခဲ့၊ အသုံးမချတတ်ခဲ့ကြပါဘူး။ ဒါပေမယ့် လျှပ်စစ်က ကမ္ဘာဦးကတည်းက ရှိနေခဲ့တယ်။ လျှပ်စစ်မရှိခင်က လူတွေကို ယနေ့လျှပ်စစ်စွမ်းအားနဲ့ အလုပ်လုပ်ပုံတွေ၊ ညအချိန် မီးရောင်ထိန်ထိန်တွေ ပြသခဲ့မယ်ဆိုရင် သူတို့အတွက် အံ့ဖွယ်ဖြစ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဖုန်းတလုံးထဲမှာ ဓါတ်ပုံများစွာ၊ သီချင်းများစွာ သိမ်းဆည်းထားတာ၊ ပြန်ကြည့်လို့ရတာ၊ ကမ္ဘာတဘက်ခြမ်းကလူတွေနဲ့ ချက်ချင်း ဆက်သွယ်ပြောဆိုနိုင်တာ အားလုံးက ကနေ့ခေတ်လူတွေအတွက် အံ့ဖွယ်ဖြစ်ရပ်လို့ မယူဆကြပေမယ့်၊ ရှေးခေတ်ကလူတွေအတွက် တွေးဆလို့ မရတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေဖြစ်ပါတယ်။ ဒီအမြင်နဲ့ဆိုရင် ကိုယ်က အလုံးစုံ မသိရှိသေးတဲ့ သဘာဝစနစ်ထဲမှာ ကိုယ့်အတွက် အံ့ဖွယ်ဖြစ်ရပ်တွေ အများကြီး ရှိနေနိုင်သေးတယ်ဆိုတဲ့ ရှုထောင့်ဖြစ်ပါတယ်။ သဘာဝရဲ့စနစ်တွေထဲက  ကိုအံ့ဖွယ်တွေကို သိပ္ပံပညာရှင်တွေက ရှာဖွေဖော်ထုတ်နေပါတယ်။ 


နောက်အမြင်တခုကတော့၊ တဖက်မှာ ဘုရားသခင်က စနစ်ကို ဖန်တီးသူဖြစ်သလို စနစ်ကို ချိုးဖောက်ပြင်ဆင်တာ၊ အသစ်သော စနစ်တွေကို ဖန်တီးတာ၊ မိတ်ဆက်တာတွေ လုပ်နိုင်တယ်။ 

ဘုရားသခင်ကို သူဖန်ဆင်းထားတဲ့ စနစ်အဝန်းအဝိုင်း အကန့်အသတ်နဲ့ ထိန်းချုပ်လို့မရဘူးလို့ မြင်ကြပါတယ်။ ဘုရားသခင်သည် စနစ်တို့၏အရှင်လို့ဆိုပါတယ်။ ဘုရားသခင်က ဒီကမ္ဘာကြီးကို ဖန်ဆင်းခဲ့သလို၊ အသစ်သော ကမ္ဘာကိုလည်း ဖန်ဆင်းဦးမယ်၊ အသစ်သောအရာတို့ကို ပြုသောဘုရားလို့ လက်ခံကြပါတယ်။

ဥပမာ- လူရဲ့အော်သံက ဘယ်လောက်ပဲ ကျယ်ပါစေ၊ ခိုင်မာသော မြို့ရိုးကို ဖြိုချနိုင်လောက်အောင် မစွမ်းဘူး။ ဒီတော့ လူတွေ မြို့ကို လှည့်လည် ချီတက်တာ၊ အော်ဟစ်တာက ယေရိခေါမြို့ရိုးကို ပြိုကျစေတာမဟုတ်ပါပဲ၊ သီးခြားအရာတစ်ခုခုက ဖြိုချတာလို့ ယူဆကြပါတယ်။ ဒီလို သမရိုးကျပုံစံ နဲ့မဟုတ်ပါပဲ ဖြစ်သမျှကို အံ့ဖွယ်သဘာဝလွန်ဖြစ်ရပ်လို့ မြင်ကြပါတယ်။  


အံ့ဖွယ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး လက်သင့်မခံသူတွေမှာလဲ အမြင် (၂) ချက်ရှိနေပြန်ပါတယ်။  

ပထမအမြင်က တိုက်ဆိုင်မှုလို့ ရှုမြင်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ တခုခုဖြစ်တာကို အံ့ဖွယ်ဖြစ်ရပ်အစား တိုက်ဆိုင်မှုနဲ့ ရှင်းပါတယ်။ 

ဥပမာ- ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက်။ ထန်းသီးကလဲ ကြွေလုလုအချိန်၊ ကျီးကလဲ နင်းလိုက်တော့ ထန်းသီးကြွေကျသွားပါတယ်။ တကယ်တော့ ထန်းသီးကြွေလောက်အောင် ကျီးကမစွမ်းသာဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ 

အံ့ဖွယ်ဖြစ်ရပ်ကို လက်မခံသူ နောက်အုပ်စုကတော့ အံ့ဖွယ်ဖြစ်ရပ်ဆိုတာ လုံးဝမရှိဘူးလို့ ယူဆကြပါတယ်။ 

ဒါကြောင့် အံ့ဖွယ်ဖြစ်ရပ်လို့ဆိုတဲ့အခါ သဘာဝစနစ်အတိုင်းဖြစ်တာလို့ မြင်သူရှိကြသလို၊ သဘာဝစနစ်ကို ကျော်လွန်တာ (သဘာဝလွန်ဖြစ်ရပ်) လို့လဲ မြင်ကြပါတယ်။ 

အံ့ဖွယ်ဖြစ်ရပ်ဆိုတာ တိုက်ဆိုင်မှုပဲလို့ မှတ်ယူကြသလို၊ လုံးဝမရှိဘူးလို့လဲ တချို့မြင်ကြပါတယ်။ 

ဘယ်သူ့ကို ဘယ်လိုမြင်ပါလို့ ကျွန်တော်တိုက်တွန်းဖို့ အစွမ်းမရှိပါဘူး။ 

ဒါပေမယ့် သမ္မာကျမ်းစာထဲမှာ ကျွန်တော့်သားငယ် ၆ နှစ်အရွယ်တောင် လက်သင့်မခံနိုင်တဲ့ (အဓိပ္ပါယ်မရှိဘူးထင်တဲ့) အံ့ဖွယ်ဖြစ်ရပ်တွေ    တစ်ပုံတပင်ရှိနေပါတယ်။ အံဖွယ်ဖြစ်ရပ်တွေကတဆင့် ဘုရားက သူ့ဖြစ်အင်ကိုဖော်ပြတတ်ပါတယ်။  တစ်ခါတရံ၊ ယုံကြည်ကိုးစားစိတ်ဖြစ်စေတာ၊ စစ်မှန်မှုကို ဖော်ပြတာ၊ စနစ်တို့ရဲ့အရှင်အ​ဖြစ် သက်သေထူတာ၊ နာခံမှုကို လေ့ကျင့်ပေးတာ (အခုဖြစ်ရပ်မှာပေါ့) စသည်ဖြင့် တွေ့ရပါတယ်။ 


သေချာတာကတော့ ကျမ်းစာကိုလက်ခံသူသည် အံ့ဖွယ်ဖြစ်ရပ်တို့ကို လက်ခံသူဖြစ်လာပါတယ်။ ဆာလံဆရာက  သူ့ဘဝဖြစ်တည်မှု ကိုတောင် သာမာန် ဖြစ်ရိုးဖြစ်စဉ်လို့မတွေးခဲ့ပါဘူး။ ဆန်းကြယ်တဲ့အရာ၊ ကြောက်မက်ဖွယ်အရာလို့မြင်ခဲ့ပါတယ်။  

“မစုံလင်သေးသော အကျွန်ုပ်၏ အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကို ပြုပြင်၍ တစုံတခုမျှ မရှိမီကာလတွင်၊ ကိုယ်တော်၏ စာရင်း၌ အကုန်အစင်မှတ်သားလျက် ရှိကြပါ၏။ အိုဘုရားသခင်၊ အကျွန်ုပ် ၌ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှ မက သာ၍ များပြားကြပါ၏။” 

(ဆာလံ ၁၃၈း၁၆-၁၈)


ကျွန်တော့်အတွက်လည်း အရာရာက အံ့ဖွယ်ဖြစ်ရပ်တွေပါပဲ။ သဘာဝစနစ်မှာရော၊ သဘာဝစနစ်အလွန် နှစ်မျိုးစလုံးမှာ ကိုယ်နားမလည်နိုင်သေးတာ အားလုံးက ကိုယ့်အတွက် အံ့ဖွယ်ချည်းပါပဲ။ ကျွန်တော်တို့ ဘယ်ကလာပြီး ဒီကမ္ဘာမှာ၊ ဒီခေတ်မှာ ဆုံတွေ့ခွင့်ရနေကြသလဲ။ ဒီဘဝမှာ ဘာတွေလုပ်ဖြစ်ဦးမလဲ။ ကိုယ့်အချိန်ပြီးဆုံးရင် ဘယ်ကိုဆက်ထွက်ခွာလဲ … ကိုယ့်ဖြစ်တည်မှုကစလို့၊ လူသားအားလုံးဖြစ်တည်မှုရယ်၊ ကမ္ဘာလုံးဖြစ်တည်မှု၊ စကြဝဠာဖြစ်တည်မှု …. အားလုံးက အံ့ဖွယ်ဖြစ်ရပ်တွေပါပဲ။ အမြဲတမ်းရင်းနှီးနေတယ်လို့ စဉ်းစားမိလို့သာ အံ့ဖွယ်လို့မမြင်ရပေမယ့်၊ စူးစမ်းတဲ့အမြင်နဲ့သာ ကြည့်လိုက်ရင် အားလုံးက အံ့ဖွယ်ဖြစ်ရပ်ချည်းပါပဲ။ 


၂၁ ရာစုနှစ် ကလေးတွေကို အံ့ဖွယ်ဖြစ်ရပ်တို့၏အရှင်ကို မိတ်ဆက်ပေးဖို့ကိစ္စက ရိုးရှင်း လွယ်ကူလွန်းသည်တော့ မဟုတ်ပါ။ သူတို့နားလည်တဲ့ အခင်းအကျင်းကနေ ချည်းကပ်ရမှာပါ။ ဒီအတွက် မိဘအုပ်ထိန်းသူတိုင်း ယခင်ခေတ်နဲ့မတူတဲ့ စိန်ခေါ်မှုများ ရင်ဆိုင်​နေရပါတယ်။ 


ကျွန်တော်ကတော့ ဘုရားပြုသော အံဖွယ်ဖြစ်ရပ်တွေကို ယုံပါတယ်။  ကျွန်တော့်သားကိုလည်း သူ့အရွယ်အလိုက်၊  ဘုရားပြုသော အံ့ဖွယ်ဖြစ်ရပ်တွေကို မြင်တတ်၊ ယုံတတ်အောင် လမ်းညွှန်သင်ပေးဖို့၊ ယုံကြည်ခြင်း အမွေပေးဖို့ တာဝန်ရှိလာပါတယ်။ ကြိုးစားရပါဦးမယ်။ 


I believe in Miracles!


ကိုဂျေ


(ဆောင်းပါးရှင် ကိုဂျေသည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)