Happy Family


အသက်ကြီးလာတာနဲ့အမျှ ကျွန်မမိသားစုမှာ အများကြီးသင်ယူခဲ့ရတာတွေရှိတယ်။ လက်တွေ့ဘ၀နဲ့ ယှဉ်ပြီး ဘုရားသခင်က ကျွန်မရဲ့ ယုံကြည်ခြင်းကို နည်းမျိုးစုံနဲ့ စာမေးပွဲစစ်ခဲ့တယ်။


လောကကြီးမှာ လူရယ်လို့ဖြစ်လာတဲ့အခါ ကျွန်ုပ်တို့နဲ့ အတူနေထိုင်နေတဲ့သူတွေက ကျွန်ုပ်တို့ရဲ့မိသားစုပါပဲ။ မိသားစုလို့ပြောတဲ့အခါ ဖေဖေ၊ မေမေ၊ မောင်လေး၊ ညီမလေး၊ ဦးဦး၊ ဒေါ်ဒေါ်၊ ဘိုးဘိုး၊ ဘွားဘွား၊ ကိုကို၊ မမ အစရှိတဲ့ သွေးရင်းသားရင်တွေလည်းရှိမယ်။ အချို့အတွက်ကတော့ ကိုယ်ကြီးပြင်းလာအောင် ကိုယ့်ကိုကျွေးမွေးပြုစုတဲ့သူတွေပေါ့ကွယ်။ သင်ဘယ်မိသားစုမှာပဲ ရှိနေပါစေ ဒီစာလေးက သင့်အတွက် ဘယ်လိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို တည်ဆောက်နိုင်မလဲဆိုတာ ပြောပြပေးလိမ့်မယ်လို့ထင်မိပါတယ်။


ပထမဦးဆုံးအနေနဲ့ ကျွန်မရဲ့ မိသားစုအတွက် ဘုရားသခင်ကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်မရဲ့ မိသားစုလေးကြောင့် ပျော်ရွင်ရပါတယ်။ ရယ်မောရတယ်။ ပင်ပန်းတာတွေပျောက်တယ်။ ဒါပေမဲ့ … ကျွန်မတို့မိသားစုလေးကလည်း မပြည့်စုံတဲ့လူတွေနဲ့ပဲ ဖွဲ့စည်းထားတာမို့ တခါတလေ တယောက်နဲ့တယောက် စိတ်ဆိုးဒေါသထွက်မိတဲ့အချိန်၊ စကားငြင်းမိတဲ့အချိန်၊ ၀မ်းနည်းအောင်လုပ်မိတဲ့ အချိန်တွေလည်း ရှိတတ်ကြတယ်။ဒီအရာတွေကို စိတ်ထဲစွဲပြီး တယောက်နဲ့တယောက်ကြား အမုန်းတရားတွေ၊ နာကြည်းမှုတွေ၊ ခွင့်မလွှတ်နိုင်ခြင်းတွေနဲ့ပဲ ပြည့်နေမယ်ဆိုရင် ဘယ်လိုပျော်ရွှင်နိုင်မလဲနော်။


လူတော်တော်များက သူတပါးကိုတော့ အများကြီးချစ်ကြပြီး ကိုယ့်မိသားစုဝင်တွေကို ချစ်ဖို့မေ့နေတတ်ကြပါတယ်။ သူတပါးအပေါ်မှာတော့ စိတ်ရှည်သည်းခံနိုင်ကြပြီး ကိုယ့်မိသားစုမှာကျတော့ စိတ်တိုလွယ်တဲ့သူဖြစ်နေတတ်တယ်။ သူတပါးနဲ့အတူ ပျော်ပျော်နေတတ်ပြီး ကိုယ့်မိသားစုမှာကျတော့ စကားတခွန်းမျှတောင် ပြောဖို့ မသိတဲ့သူတွေ များစွာရှိနေပါတယ်။ ဒီလိုလူအများစုတွေက သူတို့မိသားစုဖြစ်တည်မှုအပေါ် မကျေနပ်နိုင်ကြပါဘူး။ သူများမိဘတွေကျတော့ သူတို့သားသမီးအပေါ် ကောင်းလိုက်တာ၊ ငါ့မိဘတွေကျတော့ ဆိုတဲ့… အတွေးမျိုးဝင်တဲ့သူတွေရှိရင်လည်း ခုဒီစာလေးကို ဖတ်ပြီး အတွေးတွေပြောင်းစေချင်ပါတယ်။


အမှားကင်းတဲ့သူတယောက်မျှ လောကကြီးမှာ မရှိသလိုဘဲ ဘယ်မိသားစုမှ ပြည့်စုံတဲ့ မိသားစုဆိုတာမရှိပါဘူး။ ဒါပေမဲ့ မပြည့်စုံတဲ့လောကကြီးမှာ  ပျော်ရွှင်တဲ့မိသားစုလေးခုဖြစ်အောင် သင်က စတင် ပြောင်းလဲပစ်လို့ရပါသေးတယ်။ ဘယ်လိုပြောင်းလဲရမလဲဆိုရင်တော့ ဘုရားသခင်ဆီမှာ သင့်မိသားစုအတွက် အစဉ်မပြတ် ဆုတောင်းစေချင်ပါတယ်။(၁သက် ၅း၁၇) ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်က ချစ်ခြင်းမေတ္တာရှင်ဖြစ်တယ်။ (၁ယော ၄း၆) ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သင့်မိသားစုဝင်အယောက်စီတိုင်းကို မျှဝေပေးဖို့လိုအပ်ပါတယ်။ ဘုရားသခင်က သင့်ကို ချစ်သလိုပဲ ဘုရားကသင့်ကို ပေးထားတဲ့ သင့်မိသားစုကို ချစ်ဖို့လိုအပ်ပါတယ်။ မိသားစုဝင်တယောက်ချင်းစီကလည်း   ဘုရားမေတ္တာနဲ့ပြည့်ဝလာမယ်ဆိုရင် ဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်လာနိုင်မယ်။ ဘယ်လောက်ပဲဒေါသထွက်ထွက် သည်းခံလာနိုင်မယ်။ ဘယ်လောက်ပဲချစ်စရာမကောင်းပါစေ ချစ်တတ်လာမယ်။ သူရဲ့ အားနည်းချက်တွေ မြင်လာတဲ့အခါ အပြစ်တင်နေမယ့်အစား သနားတတ်လာမယ်။ ပိုပြီးဂရုဏာစိတ်တွေ ပွားများလာမယ်။


ကောင်းတဲ့အရာတခုကို သိရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်ကစပြီး လက်တွေ့လိုက်လျှောက်နိုင်ဖို့က ပိုပြီး အဓိက ကျပါတယ်။ မီးအရှိန်ပြင်းပြင်းနဲ့ ထွန်းညှိခြင်းခံရတဲ့ ဖယောင်းတိုင်ဟာ ကြာလာရင်တော့ အရည်ပျော်လာတာပဲလေ။ ကိုယ့်ရဲ့စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့် အရမ်းမာကျောနေတဲ့နှလုံးသားလေးက အရည်ပျော်လာမှာ အသေအချာပါပဲ။ ဒါကြောင့်မို့ မပြည့်စုံတဲ့ ကိုယ့်ရဲ့ မိသားစုဖြစ်တည်မှုကို အပြစ်တင်ဝမ်းနည်းနေမဲ့အစား စတင်ပြီးကိုယ့်ရဲ့ အချစ်တွေကို မျှဝေပေးပါလို့ အားပေးချင်ပါတယ်။


ဆရာကြီး ဘီလီဂရေဟမ် ပြောသွားတဲ့ စကားလေးအရမ်းသဘောကျတာရှိတယ်။ “ကောင်းကင်နိုင်ငံက ဘယ်လောက်ပျော်စရာကောင်းလဲ အမြည်းသိချင်ရင် ငါတို့အိမ်အလည်လာပါ” ဆိုတဲ့စကားလေးတခွန်းက ကိုယ့်ကို အများကြီး ဆင်ခြင်မိစေတယ်။ ကိုယ့်ရဲ့မိသားစုအားဖြင့် ဘုရားရဲ့ အလင်းကိုလင်းဖို့ အင်မတန်ပဲအရေးကြီးပါတယ်။

ပျော်ရွင်တဲ့မိသားစုတခုတည်ဆောက်နိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလျက်…။


ကျဲရ်


(စာရေးသူ ကျဲရ်သည် ကဗျာ၊ အက်ဆေး၊ ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)