အိပ်မက်


ယနေ့တွင် အိပ်မက်အကြောင်းကို လေ့လာကြည့်ရအောင်။ အိပ်မက်နှင့်ပတ်သက်လျှင် မေးခွန်းများစွာ မေးစရာ ရှိမည်ဟု သိပါသည်။ အိပ်မက်များသည် မည်သို့ဖြစ်ပေါ်လာသနည်း။ မက်သောသူကို ပေးချင်သော သတင်းစကား ရှိမရှိ၊ အိမ်မက်အမျိုးအစားများ၊ နှုတ်ကပတ်တော်က ပြောသောအိပ်မက်များအကြောင်း များကိုလည်း အတူတကွလေ့လာကြပါမည်။ 

အိပ်မက်၏ အနက် (meaning)ကိုဖွင့်ဆိုရာတွင် Bibleကပြောသော အနက်(meaning)ကိုသာလျှင် အသားပေးကြည့်ပါမည်။

လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော်လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊(ယောဘဝတ္တု ၃၃း၁၅) 

နှစ်ခြိုက်စွာအိပ်ပျော်လျက်နေစဥ်၌ အိပ်မက်များ မက်တတ်ပါသည်။ ထိုအချိန်တွင် မက်သောအိပ်မက်တော်တော်များများသည် အလွန်ရှုပ်ထွေးကာ မည်သို့ဆိုလိုသည်ကိုလည်း သဘောမပေါက်နိုင်ပေ။ အိပ်မက်တိုင်းသည် ရှုပ်ထွေးသည်ဟု အချိန်တိုင်းဆိုလိုခြင်း မဟုတ်ပေ။ တချို့သော အိပ်မက်များသည် ညဥ့်၌ရသောရူပါရုံများ ဖြစ်သည်။ ဘုရားသခင်ထံကလာသော သန့်ရှင်းသော အိပ်မက်များသည် ရှင်းလင်း၍ စိတ်ကြည်လင်ကာ မှတ်မိသည်။ 

အိပ်မက်ကို လေ့လာသော ပညာရှင်တော်တော်များသည် အိပ်မက်ဟူသည် လူအိပ်နေစဥ် အခြားတဖက်၌ အိပ်မက်များစတင်ကာ ထိုအိပ်မက်များကို မိမိနိုးထလာသည့်အခါတွင် မှတ်မိကြသည်ဟု ဆိုပါသည်။ မှတ်မိသောအိပ်မက်ရှိသလို မမှတ်မိသော အိပ်မက်များလည်းရှိသည်မှာ စာဖတ်သူဓမ္မမိတ်ဆွေများ ကိုယ်တွေ့လည်းရှိမည်ဟု မြင်ပါသည်။

ယခုတွင် အိပ်မက်ဖြစ်စေသည့် အခြေအနေအကြောင်းရင်းများကို ဆက်လက်လေ့လာကြပါမည်။ 

အိပ်မက်များ မည်သို့မည်ပုံ ဖြစ်လာသောအကြောင်းအရင်းများကို အတိအကျမပြောနိုင်ကြသော်လည်း ကျမ်းစာက ပြောသောအရာမှာ

အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့သို့၊ စကားများသောအားဖြင့် မိုက်သောသူ၏အသံကို ကြားရ၏။ (ဒေသနာကျမ်း ၅:၃)

အမှုများသောအားဖြင့်၊ စကားများသောအားဖြင့် ပြောထားတာ တွေ့ရပါသည်။ တနေ့တာမိမိတွေ့ကြုံခံစားလှုပ်ရှားသွားလာသော အမှုများကြောင့်သာမက စကားများသောအားဖြင့်လည်း အသွေးအသားနဲ့ဆိုင်​သော အိပ်မက်များ ဖြစ်ပါသည်။ ထို့ကြောင့် အသွေးအသားဆီက လာသော အိပ်မက်များရှိပါသည်။

ဘုရားသခင်ကိုယ်တော်တိုင်ပေးသော အိပ်မက်၊ ရူပါရုံများကိုလည်း နှုတ်ကပတ်တော််ထဲ၌ စာဖတ်သူတို့လေ့လာပြီးသား ဖြစ်မည်ဟု ယုံကြည်ပါသည်။ 

(ကမ္ဘာ​ဦး ၈း ၁၀-၁၇)ကို လေ့လာကြည့်ဖို့ နှိုးဆော်ချင်ပါသည်။ အဓိကျသောကျမ်းပိုဒ်များကိုသာ ဖော်ပြချင်ပါသည်။  

မြင်ရသောအိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုဃ်းကောင်းကင်တိုင်အောင်မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည်၊ ထိုလှေကားဖြင့် ဆင်းလျက်တက်လျက်ရှိကြ၏။ ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံဘုရား၊ ဣဇာက်၏ ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သော မြေကို သင်နှင့်သင်၏ အမျိုးအနွယ်အားငါပေးမည်။ (ကမ္ဘာ​ဦး ၂၈:၁၂-၁၃) 

ဘုရားပေးသောအိပ်မက်သည် ရှင်းလင်း၍ မိမိစိတ်ဝိညာဥ်ကို စကားပြောသည်။ အနာဂတ်၌ ဖြစ်လာမည့်အရာများကိုလည်း ကြိုတင်ဖော်ပြသည်။ မည်သို့ကောင်းချီးပေးမည်။ ကတိတော်နှင့် စပ်ဆိုင်သောဖွင့်ပြချက်များ၊ ဆုံးမသွန်သင် သတိပေးသည့်အခါ သွားသင့်သည့်လမ်း၊ မသွားသင့်သည့်လမ်း၊ ဝိညာဥ်ဆိုးနှောင့်ယှက်မှုများကို ဖော်ပြသည်သာမက ဘုရားရှင်သည် အခြေအနေတိုင်းတွင် လူသားကို အိပ်မက်အားဖြင့်လည်း လူကို စကားပြောပါသည်။  လူတယောက်၏ ဖြစ်လာမည့်အနာဂတ်၊ သူ၏ခေါ်ခြင်းကိုလည်း တဆင့်ချင်းစီဖော်ပြပါသည်။ ယောသပ်ဘဝ ကိုကြည့်နိုင်ပါသည်။

စာတန်မာရ်နတ်ပေးသော အိပ်မက်များလည်းရှိပါသည်။ စာတန်ပေးသော အိပ်မက်များသည် ကြောက်စရာ ထိတ်လန့်စရာ စိတ်ဝိညာဥ်ကို ခြောက်လန့်ကာ ​ငြိမ်သက်ခြင်းမရှိပေ။

အိပ်မက်များရာ၌၎င်း၊ စကားများရာ၌၎င်း၊ အချည်းနှီးသော အကြောင်းအရာပါတတ်၏။ သင်မူကား ဘုရားသခင်ကို ကြောက်ရွံ့လော့။ (ဒေသနာကျမ်း ၅:၇)

စာတန်ပေးသောအိပ်မက်များသည် ဝိညာဥ်ရေးရာကို ကျဆင်းစေရုံမျှမက ယုံပြီးလိုက်လုပ်သော သူတို့အဖို့လည်း စာတန်၏ထောင်ချောက်ထဲ ရောက်ရန်လွယ်ကူလှသည်။ 

အိပ်မက်အားဖြင့်လည်း စာတန်တိုက်ခိုက်ပါသည်။ လှည့်ဖြားတတ်သော ဝိညာဥ်ဆိုးများလည်း လူများကို သွေးဆောင်ဖြားယောင်းဖို့ရန် အိပ်မက်ကို သုံးပါသည်။ 

အိပ်မက်ထဲ၌ ဝိညာဥ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်ရသည့် အခြေအနေလည်း ရှိပါသည်။ စာရေးသူ၌ ကိုယ်တွေ့များစွာရှိပါသည်။ (ဘုရားရှင်ပြင်ဆင်ပေးလျှင် အသေးစိတ်ရေးသားဖော်ပြပါအုံးမည်) 

ယုံကြည်သူတိုင်းကို မေတ္တာဖြင့် သတိပေးလိုသည်မှာ မိမိမက်သောအိပ်မက်တိုင်းကို ဘုရားရှင်ထံ အနက်(meaning) ဖွင့်ပြပေးဖို့ရန် အထူးဆုတောင်းဖို့ လိုအပ်ပါသည်။ နားလည်သည်အထိ ဆုတောင်းပါ။ ထိုအိပ်မက်များသည် သန့်ရှင်းသောဘုရားသခင်ပေးသော အိပ်မက်လား။ မိမိအသွေးအသားကြောင့် မက်တာလား။ စာတန် မိမိကိုတိုက်ခိုက်ဖို့ရန်အတွက်ပေးသော အိပ်မက်လားဆိုတာ ပိုင်းခြားသိမြင်ဖို့ အထူးလိုအပ်ပါသည်။ စာတန်ပေးသောမကောင်းသော ညစ်ညူးသော အိပ်မက်များကို သခင်ယေရှု၏အသွေးတော် နာမတော်အားဖြင့် ချေဖျက်လို့ရပါသည်။ မယုံမိဖို့တော့ လိုပါသည်။ 

ဖတ်ရှုသောမိတ်ဆွေများ မိမိအသက်တာ ခန္ဓာ၊ စိတ်ဝိညာဥ်အတွက် သတိရှိဆင်ခြင်ခွန်အားယူနိုင်ပါစေဟုဆုတောင်းမေတာပို့ပါ၏။


အစ်စတဲလ်


(ဆောင်းပါးရှင် အစ်စတဲလ်သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည်)