အပိုင်း(၁)
ကရင်ပြည်နယ် နယ်စပ်မြို့လေးနဲ့ မလှမ်းမကမ်းရွာလေးတရွာ။ အေးချမ်းပြီး ရိုးသားတဲ့တိုင်းရင်းသားတွေ စုဝေးရာရွာလေ။း အလိုရမက်နည်းပြီး ချစ်စရာအပြုံးလေးတွေရှိတဲ့ ဒီရွာလေးကို ဒေါက်တာခေတ်သစ်ဦး ရောက်လာတာ တပတ်ပင်ပြည့်တော့မည်။ မပူလည်းမပူသလို အေးလည်း မအေးတဲ့ရာသီလေးမို့လား သစ်ရိပ်ဝါးရိပ်တွေနဲ့အေးချမ်းနေတာလား မပြောပြတတ်ပေမဲ့ ဒီရွာလေးမှာနေရတာစိတ်ချမ်းသာရသည်။
"ကျော်ကျော်"ခေါ်သံကြောင့်လှည့်ကြည့်တော့ အတူနေ လက်ထောက်အကူလေးအယ်ထူး
(ကျော်ကျော်=ကရင်ဘာသာအားဖြင့်အကိုဟုခေါ်ခြင်း)
"အယ်ထူးပြောလေ ဘာကိစ္စလဲ"
"ရွာထဲသွားရအောင်ကျော်ကျော် အယ်သောလေးနေမကောင်းလို့တဲ့ ဖထီးလာခေါ်လို့"
"အယ်သောလေးဆိုတော့ ဟိုထမင်းဖိတ်ကျွေးတဲ့ ကျောင်းသားလေးလား"
"ဟုတ်တယ်ကျော်ကျော်"
(အယ်ထူး=ချစ်ရွှေ)
(အယ်သော =အချစ်သစ်)
"အေး... သွားရအောင်... လာအယ်ထူးရေ"
ခေတ်သစ်နဲ့အယ်ထူးတို့နှစ်ယောက် အိမ်ရှေ့ရောက်တော့ အယ်သောလေးရဲ့အကို, ကိုသောစေးက အိမ်ထဲလှည့်ရင်း
"အပါကသံသရ၃်ဟဲဒူယီးတားလီzခလီ၃်"
"ယမzဝံလံဟဲကိးထီ၃်ကသံသရ၃်ဖိ"
"မ့၃် အပါ"
သားအဖတွေ ကရင်ဘာသာစကားနဲ့ ပြောနေကြတာမို့ ခေတ်သစ် ဘာမှနားမလည်ဖြစ်နေတာကို ရိပ်မိတဲ့ အယ်ထူးက ခေတ်သစ်လက်လှည့်ကာ
"အကိုက ဆရာဝန်ရောက်ရင် ဖျားခင်းထားလို့ပြောတာ။ ဖထီးကပြီးပြီတဲ့။ ဆရာ့ကို အပေါ်ထပ်ခေါ်ခဲ့တဲ့။ အကိုကဟုတ်ကဲ့အဖေလို့ ပြန်ပြောတာ"
"အော်ဟုတ်လား... နောက်ဆို အယ်ထူး ကျွန်တော့်ကို ကရင်စကား သင်ပေးပါနော်"
"စိတ်ချပါကျော်ကျော်... အယ်ထူးသင်ပေးပါ့မယ်"
အိမ်ပေါ်ရောက်တော့ ခင်းထားတဲ့ဖျာဘေးက အိပ်ယာလေးမှာ ခွေခွေလေး လှဲနေတဲ့အယ်သောလေး
"ဖျားတာကြာပြီလား ဖထီး"
"မကြာသေးဘူးဆရာလေးရေ။ မနေ့ကအကောင်းပါ။ ညကမှ မောတယ်တဲ့ဝေ့"
"အော် သားအယ်သောလေး စမ်းသပ်ကြရအောင်နော်"
"အင်း... ဟုတ်ကဲ့ဒေါက်တာ"
သေချာစမ်းသပ်စစ်ဆေးပေးပြီး ဆေးထိုးပေးကာအိပ်ခိုင်းထားပြီး
"ဖထီး ကျွန်တော်နဲ့ စကားနည်းနည်းပြောကြရအောင်"
"ပြောပါဆရာလေး"
"အယ်သောလေးက နဂိုကတည်းက အေးတာလား... ငြိမ်ငြိမ်ဘဲနေတာလား"
"မဟုတ်ဘူးဆရာလေးရ...။ ပြီးခဲ့တဲ့တလလောက်ကတည်းက ငြိမ်နေတာ။ အစကဆို တရွာလုံးအချစ်ခံလေးကွဲ့။ အရင်တုန်းကအတိုင်းသာဆို ဆရာဝန်လေးအိမ်ကို သူရောက်ပြီး ချက်ပြုတ်ပေးနေလောက်ပြီးကွဲ့"
"ဗျာ... ဘယ်လိုဖထီး"
"တရွာလုံးလာသမျှဧည့်သည် သူပဲဧည့်ခံနေတာ ကျောင်းဆရာလေးအိမ်ဆို သူအမြဲသွားလိုက်ပေးတယ်။ရွာထဲက အဘိုးအဘွားတွေလည်း သူလိုက်လုပ်ပေးနေတာပဲ။ အဖီးဖောသာဆို သေတော့အမွေတွေအကုန် သူ့ကိုပေးခဲ့တာ။ အဲလိုအထိ လူတွေချစ်တာကူညီတတ်တယ်လေ။ ဖထီးတို့ကလည်း သားအငယ်ဆုံးလေးရွာမှာ ဘာအန္တရာယ်မှမရှိတော့ သူပျော်သလိုနေခိုင်းတာ"
"သူဘယ်သွားသွား ဖထီးတို့သိလား"
"သိတာပေါ့ ခွားလေးကလိမ္မာတယ်ဆရာရဲ့။ သူသွားမယ်ဆိုပြောခဲ့တယ်"
"သူဘယ်သွားမယ်ပြောခဲ့လဲဖထီး"
"ကျောင်းဆရာအိမ် ထမင်းသွားချက်ပေးမလို့တဲ့။ အိမ်က သူ့ကျော်ကျော်ဝယ်ထားတဲ့အသားတွေတောင်ယူသွားပေးသေးတယ်။ ညဉ့်နက်မှ ပြန်လာတာ ညဆယ်နာရီပေါ့... ဒီမှာက ဆယ်နာရီဆိုနောက်ကျနေပြီလေ။ အဲနေ့ကတည်းက အပြင်မထွက်တော့တာဆရာရေ"
"အယ်သောလေးအသက်က"
"နောက်သုံးလဆိုဆယ့်ခုနှစ်နှစ်ပြည့်ပြီ"
ဆရာ့ဆီဆိုတော့ ကျောင်းဆရာတခုခုများလုပ်ခဲ့လား။ ဘာကြောင့်ကလေးက အရမ်းငြိမ်သွားရတာလဲ။ စောအယ်သောလေးက တိုင်းရင်းသားပီသစွာ အသားဖြူဖြူအရပ်ရှည်ရှည်နဲ့ ချစ်စရာကောင်းသော တတ်သစ်စလူငယ်လေးဖြစ်သည်။ ကျောင်းဆရာဘာများပြောလိုက်လို့ ကလေးကနေမကောင်းဖြစ်တဲ့အထိ စိတ်အားငယ်သွားရလည်း စဉ်းစားမရတော့ပေ။
ဆက်ရန်
မာန်လေးနွယ်
(စာရေးသူ မာန်လေးနွယ်သည် ကလေးပုံပြင်မြောက်များစွာ ရေးသားနေသူဖြစ်သည့်အပြင် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာ တဦးလည်းဖြစ်သည်)