ဘဝသစ်အတွက် ထမ်းဘိုးလဲလှယ်ခြင်း

နာကျင်ရခြင်းသည် လူတ​ယောက်၏ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်သည်။ တနည်းအားဖြင့်​ပြောရလျှင် လက်ရှိကြုံ​တွေ့​နေရ​သော အဆင်မ​ပြေခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ စိတ်ဓါတ်ကျဝမ်းနည်းခြင်း၊ ​ခြေကုန်လက်ပန်းကျခြင်း၊ ငို​ကြွေးမြည်တမ်းရခြင်း၊ စသည်ဖြင့် အတိုင်းအတာတခု အ​ရောက်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်လာ​စေခြင်းဖြစ်သည်။ 

 

အဆိုပါကိစ္စမျိုး ခံစားနေရသော လူတ​ယောက်သည် အကြောင်းကိစ္စအားလုံးကို တ​ဖြည်း​ဖြည်းနှင့် စိတ်ပျက်လာရင်း အားငယ်လာရင်းနှင့် စိတ်ဓာတ်ကျလာမည် ဖြစ်သည်။ ဤသို့ဖြင့် အဆုံးတွင် အသက်ရှင်ချင်​စိတ် ပျောက်ဆုံးလာကာ စိတ်ပျက်ရင်းဖြင့် ​​လောကကြီးကို စွန့်ခွာရန် ဖြစ်လာပါလိမ့်မည်။ 

အဆိုပါပြဿနာ၏ အရင်းအမြစ်ကို ရှာ​ဖွေကြည့်မိသောအခါတွင်လည်း အဆင်မ​ပြေခြင်း၊ မတရားသဖြင့်ခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊ သစ္စာ​ဖောက်ခံရခြင်း စသည့် အကြောင်းတရားများကြောင့်ဟု အ​ခြေခံအားဖြင့် နားလည်နိုင်ပါသည်။

 

ဟုတ်ပါသည်။ သည်လို ခံစားရသည့် ခံစားချက်​တွေတိုင်းသည် အင်မတန်နာကျင်စရာ ကောင်းလှပါသည်။ သို့​ပေသိ ဒဏ်ရာဗလပွနဲ့ဆိုတိုင်း ​မျှော်လင့်ချက်မရှိနိုင်​တော့ သည်တော့ မဟုတ်ပါ မိတ်​ဆွေ...။ 

မိတ်ဆွေ၏ ကြုံ​တွေ့ခံစား​နေရသော ရုပ်ပိုင်းဆိုင်ရာ နာကျင်ရခြင်းများ၊ စိတ်ပိုင်းဆိုင်ရာ ခါးသီးမှု​များအား ​ယေရှုခရစ်​တော်ဆိုသည့် ပုဂ္ဂိုလ်သည်လည်း ထပ်တူထပ်မျှခံစားခဲ့ရပါသည်။ မတရားသဖြင့်ခံရခြင်း၊ အပြစ်မရှိသည်ကို အပြစ်ရှိသည်ဟု ရိုးစွပ်ခြင်း၊ အရှက်ခွဲခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ​လှောင်​ပြောင်ခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊ သစ္စာ​ဖောက်ခံရခြင်း၊ စသဖြင့် ခံစားခဲ့ရဖူးသည်။ ထိုအတွက်ကြောင့် မိတ်​ဆွေ ကြုံတွေခံစားနေရသည်ကို ​ယေရှုခရစ်​တော်သည် ထပ်တူနားလည်ပါသည်။ 

 

ရှင်မဿဲခရစ်ဝင် ၁၁:၂၉-၃၀

ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏ဟု မိန့်တော်မူ၏။ 

 

​ရှေးဦးစွာ မိတ်​ဆွေ နာကျင်ခံစား​နေရ​သော ​လေး​သော ဝန်ကို ​ချနိုင်ဖို့ရာ ​ယေရှုခရစ်​တော်ထံ အရင်ဦးစွာ တိုးဝင်ပါ။ 

ငါ့ထံသို့လာကြ၊ ငါသည်ချမ်းသာ​ပေးမည်ဟု ဆိုသည့်အတိုင်း မိတ်​ဆွေအတွက် ငြိမ်ဝပ်ခြင်းချမ်းသာကို ရ​အောင်ယူပါ။ 

သင်၏ဝန်ထုတ်များကို မနိုင်ဝန်ထမ်း​နေမည့်အစား သခင်ခရစ်တော်တင်​သော ထမ်းဘိုးပေါ်သို့တင်ပါ၊ ထိုထမ်းဘိုးသည် ထမ်းလွယ်သည်၊ သခင်တင်သောဝန်သည် ​ပေါ့သည်ဟုဆိုသည့်အတိုင်း သင်မနိုင်​သောဝန်ကို သခင်ထံ မတင်ပါ။ 

 

သခင်​ပေး​သော ဝန်ကိုသာ ထမ်း၍ ဘဝသစ်ကို ထမ်းဘိုးအသစ်နှင့် ဝမ်း​မြောက်စွာ ​လျှောက်လှမ်းနိုင်ဖို့ သခင်အလိုရှိသည်။

သင်နာကျင်ခံစားခဲ့ရသမျှကို သခင်သည် နားလည်သည်၊ သိမှတ်သည်။ ဒါ့​ကြောင့်လည်း သင့်ကိုအလျှင်းပစ်၍မထားဘူးဟုလည်း ကတိ​တော်ရှိထားသည်။

သင်​ရော ထိုသခင်ထံ တိုးဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား၊ ထိုကတိ​တော်ကို လက်ခံဖို့ ပြင်ဆင်ပြီးပြီလား။

"မိတ်​ဆွေ အဆင်သင့်ဖြစ်ပြီဆိုရင်​တော့ သခင်ပြင်ဆင်တဲ့ ဘဝသစ်ကို ထမ်းဘိုးအသစ်နှင့် လဲလှယ်လိုက်ပါ​တော့လား"ဟု အနည်းငယ် ခွန်အား​ပေးတိုက်တွန်းချင်ပါသည်။ 

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

 

Titus Kyaw Nyi 


(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)