ဘဏ္ဍာထိန်းတို့ဟူသည် မိမိတို့ကို အပ်နှင်းထားသောတာဝန်အရပ်ရပ်တို့ကို စိတ်နှလုံးပါလျက် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ စီမံခန်းခွဲကာ ဘုရားသခင်၏အလိုတော်နှင့်အညီ အသုံးတော်ခံလေ့ရှိကြသည်။
"အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏" (ကမ္ဘာဦး ၁း ၂၈)
ယုံကြည်သူတို့ သိရှိထားသော ဘဏ္ဍာထိန်းများသည် ငွေကြေး၊ အချိန် ၊ စည်းစိမ်၊ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်းတို့ကို ဤလောက၌အသက်ရှင်စဥ်ကောင်းမွန်စွာ အစေခံခြင်းဖြင့် ကောင်းကင်၌ဘဏ္ဍာသိုမှီးစုဆောင်းကြသည်။
"ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစာရမည်အကြောင်းနှင့်၊ သူတပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာ စိတ်ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း၊ မှန်သောအသက်ကို ဝင်စားလိုသောငှါ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဘို့ ဆည်းဖူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။
(၁ တိ ၆း၁၇-၁၉)
ထိုအကြောင်းအရာများထက် ယနေ့တွင် ဝိညာဥ်ရေးရာဘဏ္ဍာထိန်းအကြောင်းကို အနည်းငယ်လေ့လာကြဖို့ ဖိတ်ခေါချင်ပါသည်။
ဝိညာဥ်ရေးရာ ဘဏ္ဍာထိန်းသည်လည်း အထက်ပါ ဘဏ္ဍာထိန်းနည်းတူ သဘောတရားသက်ရောက်ပါသည်။
အသက်ရှင်သောဘုရားစေခိုင်းသောအမှုအရာတိုင်းကို သဘောချင်းတူလျက် လုပ်ဆောင်အစေခံခြင်းသည် သာမန်ပေးခြင်းထက်သာလွန်၍ သဘာဝလွန်အစေခံခြင်း အကောင်းဆုံး ပေးဆပ်ခြင်းဖြစ်သည်။
ထို့သို့ ပေးဆပ်အစေခံခြင်းသည် ယခုဘဝတွင်သာမကဘဲ ကောင်းကင်ဘုံ၌ပင် ကောင်းစားသူများဖြစ်ကြမည်မှာ ဧကန်မုချဖြစ်ပါသည်။
ခရစ်တော်၏ပဋိညာဥ်နဲ့ စပ်ဆိုင်မှသာလျှင် ဘုရားသခင်၏ ဘဏ္ဍာထိန်းဟု အတိအလင်းပြောနိုင်ပေမည်။ ယေရှခရစ်တော်မရခင် အသက်တာ၌ မိမိစိတ်ကြိုက် အသက်ရှင်လျှောက်လှမ်းကာ ဘုရားမိမိကိုအဘယ်သို့အလိုတော်ရှိသနည်းကိုစိတ်မဝင်စားချေ။ ထာဝရဘုရားက မိမိကိုအပ်နှင်းထားသောအရာများကိုလည်း လွဲမှားစွာအသုံးပြုမိသော အရာများစွာလည်းရှိသည်ကို လူသားတိုင်း ဝန်ခံရပေမည်။ ဝိညာဥ်ရေးရာ ဘဏ္ဍာထိန်းတိုင်း ယေရှုခရစ်တော်ကို ကိုယ်တိုင်ကိုယ်ကျ မသိသေးသောအသက်တာ၌ဝယ် မာရ်နတ်၏ သဘော သဘာဝတို့ ဖုံးလွှမ်းခြင်းခံရသည်မှာ ယုံကြည်သူတို့ပတ်ဝန်းကျင်၌ မျက်မြင်တွေ့ရစမြဲပင်။
"သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏"
(ရှင်ယောဟန် ၈း၄၄)
ဘုရားမိမိကိုပေးထားတဲ့ ဝိညာဥ်ရေးရာဆုကျေးဇူးကောင်းချီးများကို မည်သို့အသုံးချရမည်ကို မသိနားမလည်၊ မိမိတို့၏ မိသားစုအတွင်းသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်ရှိ သူတပါး၏အပေါ်၌သော်လည်းကောင်း ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ထိခိုက်စေသောအဖြစ်အပျက်မျိုး ဖြစ်တတ်ပါတယ်
"သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံမျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း"
(ရှင်ယောဟန် ၁၀း၁၀)
စာတန်၏တာဝန်အရေးသုံးပါးစလုံးသည် အမည်ခံခရစ်ယာန် အသက်တာ၌ဖြစ်စေ၊ ယုံကြည်သူအသက်တာ၌ဖြစ်စေ ကျင့်ကြံပြုမူခြင်း အားဖြင့်လည်း တွေ့ရနိုင်သည်။ ဘုရားရှင်အပ်နှင်းထားသည့်ဝိညာဥ်အရာများကို စာတန်အားသဘောတူအခွင့်ပေးခြင်း၊ မိမိကိုယ်တိုင်လဲ ခိုးခြင်းသတ်ခြင်းဖြတ်ခြင်း၌ အနည်းနည်းအဖုံဖုံပါဝင်မိခြင်း သာဓကများလဲ ငြင်းမရပေ။
ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်အဖြစ်သာမက အရှင်သခင်အဖြစ်ဦးဆောင်ဖို့ ဆက်ကပ်ထားပြီီးနောက်တွင်မူ သန့်ရှင်းသောဝိညာဥ်တော်ဘုရားအားဖြင့်ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းကို သစ္စာရှိခြင်း သန့်ရှင်းခြင်း ဘုန်းတန်ခိုး စသည့်ဝိညာဥ်အရာတို့ကို အမွေခံဖို့ရန်အလို့ဌာအသေးစိတ် သွန်သင်ဆုံးမလမ်းပြမည်ဖြစ်သည်။
"ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်"
(ရှင်ယောဟန် ၁၆း၈)
"အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ"
(ဧဖက် ၂း၁၀)
ကောင်းသောအကျင့်
ခရစ်တော်၏ဖြောင့်မတ်ခြင်း သစ္စာရှိခြင်း သန့်ရှင်းခြင်း အစရှိသည်တို့သည် ဘုရားသခင်ကိုယ်တိုင်ယုံကြည်သူတို့ကိုခရစ်တော်အားဖြင့် ပေးထားသော ဝိညာဥ်အမွေများကို ယုံကြည်သူတို့အားထမ်းစေလိုသည့် ကားတိုင်ဖြစ်သည့်အလျောက် ကောင်းမွန်စွာ ထမ်းနိုင်ဖို့ရန် ဝိညာဥ်ဆုကျေးဇူးများကို ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့ရန် မိမိ၏ဇာတိကိုရိုက်ချိုးပြီး ငါဆိုသည့် တစ်ကိုယ်ကောင်းဆန်သည့် မာရ်နတ်သဘောကို ချိုးဖဲ့ရိုက်ချိုးရမည်။ မိမိအသက်တာထဲ၌ သန့်ရှင်းသောဝိညာဥ်တော်၌ ဗတိဇံခံပြီးအပြည့်အဝ နေရာပေးကာ အုပ်စိုးဦးဆောင်ရန် သဘောတူပူးပေါင်းရပေမည်။ ဝိညာဥ်တော်ဖော်ပြသည့် အပြစ် မရိုးသားမဖြောင့်မတ်ခြင်းများကို ဘုရားကိုလည်းကောင်း လူကိုလည်းကောင်း ဝန်ချတောင်းပန်ကာ ဖြောင့်မတ်ခြင်း၌ ကြီးထွားဖို့ရန်ဆန္ဒပြုအပ်နှံပါက ခရစ်တော်နှင့်သာ၍ တူသောအသက်တာ ခရစ်တော်ထမ်းစေလိုသည့်ကားတိုင်ထမ်းခြင်း ကောင်းသောအကျင့်ကို ကျင့်၍ ပြုစုခြင်း ဝိညာဥ်အမွေကို ထိန်းသိမ်းခြင်းဖြစ်ပေမည်။ သို့မှသာ ဝိညာဥ်ဘဏ္ဍာစိုးကောင်းဖြစ်လာပေလိမ့်မည်မှာ ဧကန်အမှန်ဖြစ်သည်။
"စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့် ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏"
(ယောဘဝတ္တု ၃၆း၁၁)
"ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်း ဖြစ်ကြ၏"
(ရောမ ၈း၁၆-၁၇)
"ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏"
(ဂလာတိ ၃း၂၉)
အစ်စတဲလ်
(ဆောင်းပါးရှင် အစ်စတဲလ်သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည်)