ပန်းတုံးတိုင်​အောင်


ခလုပ်ထိမှ အမိတ ... အ​မေ​ကျော် ​ဒွေး​တော်လွမ်းဆိုတဲ့ စကားပုံ​လေး​တွေကို လူတိုင်းသိကြမယ် ထင်ပါတယ်။ လူ​တွေက သွားရင်းလာရင်း ခလုပ်တိုက်မိမှ အ​မေလို့ ​ယောင်တယ်လို့ ထင်စရာရှိ​သော်ငြားလည်းပဲ၊ ​တကယ်​တွေးကြည့်မယ်ဆိုရင် ​နေချင်သလို​နေ ​ပျော်ချင်သလို​ပျော်ပြီး ခက်ခဲလာမှ၊ ပြဿနာ​တွေတက်မှ၊ ဒုက္ခ​တွေ​ရောက်ရ​တော့မှ အ​မေဆိုပြီး တမ်းတတတ်ကြတယ်မဟုတ်ပါလား။


​ကျွန်​တော်တို့ ယုံကြည်သူ​တွေကလည်း ​လောကမှာ အသက်ရှင်စဥ်အခါမှာ ခလုတ်တံသင်းတွေ ကြုံ​တွေ့ရတတ်တယ်။ ဘဝမှာ ရှင်သန်လာရင်း ခက်ခဲမှု​တွေကို ရင်ဆိုင်ဖြတ်သန်းရတဲ့အထဲမှာ ယုံကြည်သူ​တွေလည်းအပါအဝင်ဖြစ်ပါတယ်။ ဒါ​ပေမဲ့ ကျွန်​တော်တို့က​ရော ခလုပ်ထိမှ အမိတသလို ခက်ခဲမှု​တွေရင်ဆိုင်ရမှ၊ ဒုက္ခဆင်းရဲ​တွေ​တွေ့ရ​တော့မှ ဘုရားကိုတမ်းတမိပါသလား။ သိပ်ကို ဆင်ခြင်စရာ ဖြစ်​နေပါတယ်။


သီချင်း​လေးတစ်ပုဒ်ရှိပါတယ်။

"​​ကျေးဇူး​တော်များစွာ ခံစားရတဲ့အခိုက်မှာ ... 

​ကျေးဇူး​တော်တန်ဖိုးကို လုံးဝ နားမလည် ... 

ဒုက္ခဆင်းရဲ​တွေ ​ရောက်​တော့မှ​လေ ... 

ဘုရားကိုတမ်းတတယ် ..."


ဒီသီချင်း​လေးလိုပဲ ​ကျေးဇူး​တော်တန်ဖိုးကို နားမလည်ဘဲ ဒုက္ခဆင်းရဲ​တွေ၊ အခက်အခဲပြဿနာ​တွေ ကြုံ​တွေ့ရ​တော့မှသာ ဘုရားကို တမ်းတမိပါသလား မိတ်​ဆွေ။


​လောကရဲ့ ​ပျော်ရွှင်စရာ​တွေ၊ စည်းစိမ်​ဥစ္စာတွေ၊ ​လောကအရာ​တွေကိုသာ တမ်းတကာ အ​မေ​ကျော် ​ဒွေး​တော်လွမ်းမိ​နေ​သေးသလား။ ကျွန်​တော်တို့ရဲ့ တမ်းတခြင်းသည် ခလုပ်ထိမှ အမိတသလို မဖြစ်​စေဘဲ ​ဘုရားသခင်ကိုသာ အမြဲတမ်း ​​မျှော်လင့်၍ ​နေ​သောသူ​တွေ ဖြစ်​စေဖို့ရာ ဆင်ခြင်ကြပါစို့။


ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄:၁၇


အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။


ဒါ့​ကြောင့် ကျွန်​တော်တို့ ရင်ဆိုင်ကြုံ​တွေရ​သော ခက်ခဲခြင်း​ပြဿနာတွေ၊ လိုချင်တပ်မက်​သော အရာ​​ဝတ္ထု ဂုဏ်ဓန​တွေ၊ ခလုတ်တံသင်းတွေသည် ခဏတဖြုတ်သာ ရင်ဆိုင်ကြုံ​တွေ့ရတဲ့ တခဏတာတည်တဲ့ ထင်ရှားခြင်း​တွေဖြစ်ပါတယ်။ ထို​နောက်ကွယ်မှ မမြင်ရတဲ့ ဝိညာဥ်​ရေးရာအကျိုး​တွေ၊ လက်ရှိမှာ မထင်ရှားတဲ့ ထာဝရကာလအတွက် ကြည့်ရှုဖို့ရာလဲ ဆင်ခြင်စရာဖြစ်ပါတယ်။


အချုပ်အားဖြင့်ဆိုရ​​သော်  လက်ရှိမှာ ကြုံ​တွေ့ခံစား​နေရ​သော ခက်ခဲမှု နာကျင်ခြင်း​တွေသည်  ထာဝရကာလနှင့်ယှဥ်လျှင် ဘာမှမဟုတ်သကဲ့သို့ပင် ခံစားမိပါတယ်။ ဒါ့​ကြောင့် ရှင်​ပေါလုက အရင်အရာ​တွေ အခုအရာ​တွေ ​နောက်ကျ​သော အရာတို့ကို မမှတ်ပဲဟုဆို၍ အ​ရှေ့၌ရှိ​သော အရာ​တွေကိုသာ လှမ်းကမ်းတယ်ဆိုသလို ကျွန်​တော်တို့ ယုံကြည်သူ​တွေကလဲ ရှင်​ပေါလုကဲ့သို့ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေးတယ်လို့ဆိုသလို ပန်းတုံးတိုင်​အောင်သာ ​ပြေးကြပါစို့ဟု အနည်းငယ်တိုက်တွန်း ခွန်အား​ပေးချင်ပါတယ်။


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။


Titus Kyaw Nyi

(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)