ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး (၃) ထဲက ရွှေကျမ်းချက်တွေကို ဖတ်နေရင်း လူတယောက်ရဲ့ ရွေးချယ်မှုဆိုတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဆင်ခြင်မိတဲ့အရာလေးတွေကို ပြောပြချင်ပါတယ်။
တနေ့ကျတော့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုတဲ့ လူငယ်လေး (၃)ယောက်က သူတို့ဘ၀ရဲ့ turning point ဖြစ်စေနိုင်လောက်မယ့် ဆုံးဖြတ်ချက်တခုကို ချခဲ့ပါတယ်။ ရုပ်တုကိုကိုးကွယ်ပြီး အသက်ရှင်နေမှာထက် ဘုရားသခင်ကို "သေရင်သေပါစေ ကိုးကွယ်မယ်၊ ဘုရားသခင်က မီးဖိုထဲက မကယ်တင်ရင်လည်း အရှင်မင်းကြီးကိုးကွယ်တဲ့ ရုပ်တုတို့ကို မကိုးကွယ်ဘူးလို့" ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တဲ့ အသက်တာလေးက ကျွန်မကို အံ့အားသင့်စေခဲ့တယ်။ ဘုရင်တယောက်ရဲ့ အမိန့်ကို ငြင်းဆန်တယ်ဆိုတာ တကယ်လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဘုရားနဲ့ ပတ်သက်လာရင်တော့ သူတို့တွေ သတ္တိရှိစွာ ရွေးချယ်ခဲ့တဲ့အရာက တကယ်ကို သင်ယူစရာကောင်းလှပါတယ်။ ဒီလူငယ်လေး (၃)ဦးက ဘုရားကို ကိုးကွယ်ဖို့ ရွေးချယ်ခဲ့တဲ့အခါ ဘုရားသခင်ရဲ့ သားတော်က သူတို့နဲ့ အတူမီးထဲမှာ သွားလာတယ်ဆိုတာတွေ့ရပါတယ်။ ဘုရားသခင်က သူ့ကိုရွေးချယ်ခဲ့တဲ့သူတဲ့ကို ပစ်မထားဘူးဆိုတာ အထင်အရှားပါပဲလေ။ ဒီအဖြစ်အပျက်တွေကို မြင်နေရတဲ့ ဘုရင်ကြီးကလည်း အံ့အားသင့်ခဲ့ပြီး ထာဝရဘုရားကို ချီးမွမ်းကိုးကွယ်ခဲ့တယ်ဆိုတာတွေ့ရပါတယ်။
ကျွန်ုပ်တို့ရဲ့ အသက်တာမှာလည်း မီးဖိုထဲချလောက်အောင် ကြောက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ ရင်ဆိုင်ချင်မှရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာကတော့ ကျွန်ုပ်တို့က “ဘုရား (God) ရွေးချယ်မလား” ဒါမှမဟုတ် “ကိုယ့်စိတ်ကြိုက် (god) ရွေးချယ်မလား" ဆိုပြီးတော့ ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သခင်နှစ်ဦးရဲ့ အစေကိုခံလို့မရဘူးလို့ သမ္မာကျမ်းစာက အတိအကျသွန်သင်ထားပါတယ်။ (မသဲ ၆း၂၄၊ လုကာ ၁၆း၁၃)။ သခင်တဦးရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိဖို့ဖြစ်တယ်။
ဒါကြောင့်မလို့ ကျွန်ုပ်တို့ရွေးချယ်မှုက အရေးကြီးတယ်။ ဘယ်အခြေအနေ ဘယ်လိုအခက်အခဲတွေပဲလာလာ ဘုရားသခင်ကို ရွေးချယ်ကြဖို့ ခွန်အားပေးချင်ပါတယ်။ မှန်တယ်၊ တခါတလေ ဘုရားကိုရွေးချယ်ဖို့ လွယ်ကူချင်မှကူလိမ့်မယ်။ ဒါပေမဲ့ ရွေးချယ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ ဘုရားသခင်က မီးထဲမှာပစ်ထားမယ့်ဘုရားမဟုတ်ဘူး။ မီးထဲမှာအတူရှိပေးတဲ့ အသက်ရှင်သောဘုရားဖြစ်တယ်။ ရွေးချယ်မှုမှန်ကန်ရင်တော့ ဘုရားသခင်ဘုန်းထင်ရှားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ ဘေးကလူတွေကိုလည်း တည်ဆောက်စရာဖြစ်စေနိုင်ပါတယ်။
တဖက်မှာတော့ ဘုရားမဟုတ်တဲ့ ဘုရားမနှစ်သက်တဲ့ အရာတွေကိုပဲ ရွေးချယ်နေမယ်ဆိုရင်တော့ သင့်ဘ၀မှာ ပျက်စီးခြင်း၊ စိတ်ပျက်ခြင်း၊ ၀မ်းနည်းခြင်းတွေနဲ့ပဲ နိဂုံးချုပ်ရပါလိမ့်မယ်။ ရှင်လျက်နဲ့ သေလူဆိုတဲ့ ဘ၀ကိုပဲ ပိုင်ဆိုင်ရလိမ့်မယ်။ ရွေးချယ်မှုမှားသွားရင်တော့ “ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ဆိုသလိုပဲ မိမိနဲ့တကွသက်ဆိုင်တဲ့သူတွေပါ ဒုက္ခရောက်သွားနိုင်ပါတယ်။
ဒီစာကိုဖတ်နေတဲ့ မိတ်ဆွေရော ဒီနေ့ ဘာတွေ ရွေးချယ်နေလဲ?
ကျဲရ်
(စာရေးသူ ကျဲရ်သည် ကဗျာ၊ အက်ဆေး၊ ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)