မောရှေကို ထာဝရဘုရားက ခေါ်တဲ့အခါမှာ သူသည် အသက်ကြီးပြီ။ စကားပြောရာတွင်လည်း နှေးပြီးဖြစ်တယ်၊ အားလည်း နည်းနေလောက်ပြီလို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်လည်း မောရှေက သူ့ကိုယ်သူ သုံးသပ်မိတယ်၊ ငယ်ငယ်ကလို စိတ်မြန်လက်မြန်၊ နှုတ်ရေး၊ လက်ရေး၊ မကျွမ်းကျင်တော့ဘူး စသဖြင့် ကိုယ့်အခြေအနေကိုယ်သိသောသူ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း သူ့လိုလူရဲ့စကားကို ရှင်ဘုရင်တပါးက ဘာလို့ နားထောင်နိုင်စရာ အကြောင်းရှိနိုင်မလဲ၊ သူသည် အညတရတယောက်သာ ဖြစ်တယ်လို့ ထာဝရဘုရားကို ဆိုခြင်းမျိုးမြင်တွေ့ရပါတယ်။
ထွက်မြောက်ရာကျမ်း ၄:၂
ထာဝရဘုရားကလည်း၊ သင်၏လက်၌အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟုလျှောက်၏။
သို့သော် ထာဝရဘုရားက သူ့ရဲ့ အခြေအနေ၊ သူ့ရဲ့ တတ်စွမ်းနိုင်ခြင်း၊ သူ့ရဲ့ ဖြစ်တည်မှုကို စိတ်မဝင်စားခဲ့ပေ။ မင်းရဲ့ လက်ထဲမှာ ဘာရှိသလဲဆိုသော စကားတခွန်းသာ မေးတယ်။ ထိုအရာကို ဖြေဆိုရန်သာ မောရှေအတွက်တော့ လိုအပ်သည် မဟုတ်ပါလား။ မောရှေ၏ လက်ထဲမှာရှိသော အရာတွေဖြင့်သာ အလုပ်လုပ်သွားတာကိုလည်း မြင်တွေ့ရတယ်။
ကျွန်တော်တို့ ယုံကြည်သူတွေကလည်း ရှိတဲ့နေရာမှာ ရှိတဲ့အရာနဲ့ ဘုရားသခင်၏ အမှုတော်မြတ်မှာ ပါဝင်တတ်ဖို့ ခေါ်တော်မူခြင်းကို ခံရသူတွေလို့ ဆိုရရင်လည်း မမှားပါဘူး။ ဒါ့ကြောင့် ဘာရမှ ဘယ်လိုပါဝင်မယ်၊ ဘာရောင်းရမှ ဧဝံဂေလိအတွက်ပါဝင်မယ်၊ ဘယ်လောက်ရရင် ဘယ်လောက်ပါဝင်ဖို့ ဆုတောင်းထားတယ် စသဖြင့်တွေထက် မောရှေကို မေးသလို ဘုရားသခင်က ဒီနေ့မှာလဲ သင့်ကိုမေးနေပါတယ်။
ငါ့သား ငါ့သမီး "သင့်လက်ထဲမှာ ဘာရှိသလဲ"
မိတ်ဆွေ သင့်ရဲ့ ရှိတဲ့အရာအပေါ်မှာ သစ္စာရှိစွာ ပါဝင်တတ်သောသူဖြစ်စေဖို့ ဘုရားသခင် အလိုတော်ရှိတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ယုံကြည်သူတွေသည် ဘုရားသခင်၏နိုင်ငံတော်အတွက်၊ ဧဝံဂေလိအတွက်၊ အသင်းတော်အတွက် စသဖြင့် ကျွန်တော်တို့မှာ ရှိတဲ့အရာ၊ ရှိတဲ့ အစွမ်းသတ္တိ၊ ရှိတဲ့ အချိန်နာရီ၊ ရှိတဲ့ အပေါ်မှာ သစ္စာရှိစွာပါဝင်ကြပါစို့ဟု အနည်းငယ် တိုက်တွန်း ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi
(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)