အနောက်တိုင်းဆန်ဆန်ပြောရရင် စတေးအက်ဟုမ်း သီသြလော်ဂျီ။ မြန်မာဆန်ဆန်လေး ဆိုရင် အိမ်တွင်းပုန်း ဓမ္မဗေဒ ဆိုပါတော့။
မနက်ဖန်ကစ(စက်တင်ဘာလ ၂ရက်နေ့)လို့ ရန်ကုန်ရဲ့ မြို့နယ် ၇ မြို့နယ်တွေ စတေးအက်ဟုမ်း လုပ်ကြဖို့ အစိုးရက အမိန့်ထုတ်လိုက်တဲ့သတင်း တက်လာပါပြီ။ ကိုဗစ် ၁၉ ကာလမှာ အရင်ကကြုံဖူးနေကျမဟုတ်တဲ့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ ခြောက်ပေခြား နေရတာ၊ ကွာရန်တင်းဝင်တာ၊ အခု စတေး အက်ဟုမ်း နေတာတွေ လုပ်ရပါတော့တယ်။ အရင်က မျက်နှာဖုံး၊ နှာခေါင်းစည်းတပ်ရင် သူခိုးလူဆိုးအဖြစ်အရေးယူတာ (မြစ်ကြီးနားမှာ၊ ဒေသန္တရအမိန့်ရှိ)၊ လက်ဆေးတာ သီးခြား ခပ်ခွာခွာနေတာဆိုရင် ဇီဇာကြောင်တာ၊ အိမ်တွင်းပုန်းရင် လူဝင်မဆံ့တာလို့ မြင်ထားပေမယ့် ခုတော့ အမြင်တွေ ပြောင်းလဲသွားပြီ။
ဒီသမရိုးကျမဟုတ်တဲ့ ဘဝနေနည်းကိုပဲ နယူးနော်မယ်လို့ ခေါ်ကြပြန်ပါတယ်။ ပုံစံသစ်ထဲမှာ ယုံကြည်သူပီပီ အိမ်တွင်းပုန်း ဓမ္မဗေဒကို ရှာဖွေဖော်ထုတ်ဖို့၊ ပုံစံသစ်ထဲမှာ အသုံးချဖို့ လိုလာပါတယ်။
အိမ်တွင်းပုန်း နေရတဲ့ အဖြစ်က၊
၁။ လူလူချင်း မေတ္တာပြသတာ ဖြစ်ပါတယ်။ မိမိကိုယ်ကိုချစ်သလို ကိုယ်နှင့်သက်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ဖို့က အရေးကြီးပညတ် တခုဖြစ်တယ်။ လူချင်းကူးလူး ထိတွေ့တာကို အဆက်ဖြတ်လိုက်တာမို့ ရောဂါပိုး ကူးစက်မှု စက်ကွင်းပြတ်တောက်စေပါတယ်။ အရင်က ပွေ့ဖက်တာ၊ အတူနေပေးတာ၊ ပေးကမ်းတာနဲ့ မေတ္တာပြခဲ့ကြပေမယ့်၊ ပုံစံသစ်မှာတော့ သီးခြားနေခြင်းဖြင့် မေတ္တာပြဖို့ ဖြစ်လာပါတယ်။ မိမိကိုယ်ကိုချစ်ခြင်းနဲ့ သူတပါးကိုချစ်ခြင်း ကို အရင်ကမစဥ်းစားဖူးတဲ့ အသစ်သောပုံစံနဲ့ ပြုဖို့ ဖြစ်လာပါတယ်။ ဥပမာ အိမ်မလည်ခြင်းဖြင့် ချစ်သောသူတို့ကို ကျေးဇူးပြုတာမျိုးဖြစ်လာပါတယ်။ လူလူချင်း အဆက်အသွယ်ကိုတော့ နည်းပညာကတဆင့် လုပ်နိုင်အောင် အသင့်ဖြစ်နေတဲ့ကာလမှာ ဒီကပ်ဘေး ရောက်လာပါတယ်။ အင်တာနက်မရ၊ ဖုန်းမရှိဘဲ စတေးအက်ဟုမ်း လုပ်ဖို့ဘယ်လောက်ခက်မယ်မှန်း စဥ်းစားမိကြပါရဲ့လား။
(အင်တာနက်ပိတ်ထားတဲ့ဒေသက လူမဆန်တဲ့ အခွင့်အရေးချိုးဖောက်ခံရတာကို အထင်းသား ခံသားမိနိုင်ပါတယ်။)
Mtt 22:37-40
Jesus said unto him, Thou shalt love the Lord thy God with all thy heart, and with all thy soul, and with all thy mind.
[38] This is the first and great commandment.
[39] And the second is like unto it, Thou shalt love thy neighbour as thyself.
[40] On these two commandments hang all the law and the prophets.
၂။ ဘဝအဖြစ်သနစ်ကို သုံးသပ်ဖို့အချိန်ဖြစ်တယ်။ ဆန်းစစ် သုံးသပ်မှုမရှိတဲ့ ဘဝက နေရကျိုးမနပ်လို့ တွေးခေါ်ရှင် ဆိုကရေးတီးဆိုမိန့်ခဲ့ပါတယ်။ ကိုယ့်ဘဝနေ့ရက်ကို သုံးသပ်ဖို့ ကျမ်းစာကလဲ အားပေးပါတယ်။ စတေးအက်ဟုမ်းအမိန့်က နေ့စဥ်ဘဝအရေးကိုချည်း ခေါင်းစိုက်ကာ စက်ရုပ်လို လုပ်နေရတဲ့ဘဝကနေ ခဏရပ်တန့်စေတယ်။ သာမာန်ချိန်မှာ အလုပ်ထဲမှာ၊ ကိုယ့်ဘဝကိုကိုယ် သုံးသပ်ဖို့၊ စီးပွားရေး ကိစ္စတွေ၊ အင်စတီကျူးရှင်းတွေဆိုတာ အမြဲခိုင်မာလိမ့်မယ်လို့ ယူဆထားမိကြမှာပါ။ အခုတော့ ဒီကပ်ရောဂါကြားမှာ ဘဝဖြစ်အင်နဲ့ လောကရဲ့ လွယ်လင့်တကူ ပြိုလဲနိုင်တာ၊ မမြဲခြင်းသဘောကို အရှိအတိုင်း ရှုမြင်ခွင့်၊ သုံးသပ်ခွင့်ရစေပါတယ်။
ဘုရားနှင့်ယှဥ်သော် လူ့ဘဝ၊ လောကအဖြစ်တို့သည် ခဏငယ်မျှသာရှိသော အခိုးအငွေ့ပမာ၊ နေ့မြင်ညပျောက် သဘော လို့ အမှန်မြင်၊ စိတ်ကြီးဝင်တာကို လျှော့ကျစေပါမယ်။ နောင်တလဲရဖို့အချိန်ဖြစ်ပါတယ်။
Ephesians 5:15-16
"Be very careful, then, how you live — not as unwise but as wise, making the most of every opportunity, because the days are evil."
၃။ အထက်ကိုမျှော်ကြည့်ဖို့ အချိန်အခါဖြစ်တယ်။ ဘုရားကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှနဲ့ ချစ်ဖို့က အရေးကြီး ပညတ် တခုဖြစ်တယ်။ နေဧရဲ့သင်္ဘောမှာ ပြူတင်းပေါက်ကို ခေါင်ထိပ်မှာပဲ ထားခိုင်းပါတယ်။ ရေလွှမ်းမိုးခြင်းကာလမှာ ဘေးဘီကိုမကြည့်ပဲ အထက်သို့မျှော်ကြည့်ဖို့ ဖြစ်ပါတယ်။ ဘေးဘီကသတင်းဆိုးကြားမှာ အထက်ကနေ မျှော်လင့်ချက်ယူဖို့ ကာလဖြစ်ပါတယ်။
စတေးအက်ဟုမ်းရင်း၊ ပုံစံအသစ်နဲ့ လူကိုလဲ မေတ္တာပြခွင့်၊ လူနဲ့ပတ်ဝန်းကျင်ကို ပကတိရှုမြင် ဥာဏ်ကြီးလာခွင့်၊ အထက်အရာကိုလဲ မျှော်ကြည့် ဆည်းပူးခွင့်ရ ကြရပါစေ။
ကိုဂျေ
(ဆောင်းပါးရှင် ကိုဂျေသည် ဓမ္မရေးရာစာစု မြောက်များစွာရေးသားနေသူဖြစ်သည့်အပြင် Theologian ပညာရှင် တယောက်လည်း ဖြစ်သည်)