အခန်း (၁)
ဆရာထွဏ်းထွဏ်းလင်း ။ ။ မနက်ဖြန် သင်းအုပ်ဆရာမိသားစု ခြေတော်ကြွမယ်တဲ့ ရှင်မရေ။ ငါတို့မှာဘာရှိလဲ။ ကောင်းပေ့ ညွှန်းပေ့လေးတွေရှိရင် ချက်ထားပါ။ ရော့လက်ထဲမှာ ငွေငါးထောင်ယူထား။ Love Giftလေး စုထားတာ။ ရှိတာ ဒါအကုန်ပဲ။
ဆရာမနွန် ။ ။ ဟုတ်ကဲ့။ ကြက်သား ကာလသားချက်ဖို့တော့ စဉ်းစားထားတယ်။ သူတို့ စားတတ်ပါ့မလား မသိဘူး။ ငရုတ်သီး စပ်ရွှဲရွှဲနဲ့ဆို ခံတွင်းသိပ်မြိန်မှာ သေချာတယ်။
ဆရာထွဏ်းထွဏ်းလင်း ။ ။ ဟုတ်ပြီလေ။ မနက်ဖန် အဆင်ပြေသွားရင် ရပါပြီ။
ဆရာမနွန် ။ ။ ဆရာရေ တကယ်တော့ ကျမတို့အိမ်ထောင်က အိမ်မှာလေ ဖွယ်ဖွယ်ရာရာ စုံလင်စွာလည်း မရှိဘူးဆိုတဲ့ သီချင်းစာသားထဲကလိုပဲနော်။
ဆရာထွဏ်းထွဏ်းလင်း ။ ။ သီချင်းအဓိပ္ပါယ်ကို သေချာခံစားတတ်ရင် ခရစ်တော်ပါတဲ့ အိမ်ထောင်လောက် ကောင်းမြတ်တာ မရှိဘူးဆိုတာကို ရှင်မ သိမှာပါ။
ဆရာမနွန် ။ ။ ပြောရောပေါ့ဟယ်။ ကျေးဇူးတော်ကြောင့်လေ။ မနက်ဖြန်အတွက် ဈေးသွားပြီ ဆရာရေ။
ဆရာထွဏ်းထွဏ်းလင်း ။ ။ အေး အေး။ ဂရုစိုက်သွားဦး။ နယ်ဘက်ဧ၀ံဂေလိသွားတုန်းက လက်ကျန် Maskနဲ့ လက်ဆေးရေ ယူသွား။ လမ်းမှာ ဝေစာလေးပေးခဲ့။ ဒါက လမ်းကြုံ။
ဆရာမနွန် ။ ။ သိပါ့တော်။ အိမ်တော်သားကို ယူထားမှတော့ ဒါမျိုးက ကျွမ်းကျင်နေရမှာပေါ့။ ဟောဒီမှာ တွေ့လား…။
ဆရာထွဏ်းထွဏ်းလင်း ။ ။ အမှုတော်ဆောင်ကတော် ပီသပါပေ့။
အခန်း (၂)
လမ်းခရီးရဲ့သာယာမှုက ဆရာစွမ်းတို့မိသားစုအတွက် အညောင်းပြေစေပါတယ်။ လမ်းခရီးကောင်းလွန်းလို့ မနက်စာ လွတ်သားလို့သာ မဟုတ်ရင်တော့ အတော်ကြီး ပြည့်စုံလှတဲ့ မိသားစုခရီးလေးဖြစ်မှာတော့မလွဲပါဘူး။
ဇင်ဇင်။ ။ စောစောစီးစီးထွက်လာတာ မှန်သွားတယ်။ နို့မဟုတ်ရင် ရေကြီးတာနဲ့ကြုံ မိုးနဲ့ပါကြုံရင် ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာဖြစ်နေမယ်။
အမေကြီး ။ ။ ဘယ့်နှယ့် ကံဆိုးမတုန်း။ ဒါက ကျေးဇူးတော်ချီးမွမ်းဖို့ ဘုရားနဲ့ ပဋိညာဉ်ပြုထားတာကို ကျေးဇူးတော်ချီးမွမ်းဖို့ သွားတာလေ။ ရောက်ရာအရပ်မှာ ဘုရားကွယ်ကာမှာပေါ့။ စိတ်ချစမ်းပါကွာ။
ကြန်ကြန် ။ ။ အမေကြီး ဟိုမှာကြည့်စမ်း လူတွေလူတွေ လမ်းခရီးတလျှောက် သက်ငယ်တဲလေးတွေ ကိုယ်စီ ကိုယ်စီနဲ့။ ဟိုးဘက် ကြည့်လိုက်ဦး။ လက်ဖက်ရည်ဆိုင်ဖွင့်ထားတယ်တော့။
ဇင်ဇင် ။ ။ အဲဒီမှာ ထူးဆန်းနေလိုက်။ ဒီနေရာဆိုတာ မိုးရာသီရောက်ရင် ဒီလိုဖြစ်နေကျပဲ။ မကြာဘူး နွားတွေ ကျွဲတွေနဲ့ လူတအုပ်တမကြီး တွေ့ပါလိမ့်ဦးမယ်။
ကြန်ကြန် ။ ။ အစ်မပြောတာ မှန်တယ်ရော်။ တော်ချက်။
ထွဏ်းကင်းမ် ။ ။ တော်မှာပေါ့။ ဒီနေရာမှာ သူ ကျင်လည်ဖူးတယ်လေ။
မွန်မွန်း ။ ။ အော်… အော်..။ အဲဒီလိုလား။
လမ်းခရီးတလျှောက် အညာရနံ့ထုံမွှေးလှပါတယ်။ မြေအိုး၊ တဲထိုး၊ လယ်၊ ယာ၊ ထနောင်း၊ ကုက္ကို၊ စာငှက်၊ လှည်း၊ စေတီပုထိုး၊ ထန်းရခိုင်ကြီးများနဲ့ စည်ကား ၀ပြောလွန်းလှပါတယ်။ အညာစစ်ခြင်းပြယုဂ်ကတော့ ကတ္တရာတပိုင်းတစနဲ့ ဖုန်လုံးကြီးတွေပဲဖြစ်ပါတယ်။
ဆရာထွဏ်းထွဏ်းလင်း ။ ။ ရှေ့ဘက်လမ်းအတိုင်း တည့်တည့်သွားပြီး ပထမဆုံးတွေ့တဲ့ လမ်းကြားထဲ ချိုးကွေ့လိုက်ရင် တွေ့မှာပါ။
ဆရာစွမ်း ။ ။ ဟုတ်ကဲ့ ဆရာ။ ကားဆရာကို ပြောလိုက်ပါမယ်။
အခန်း (၃)
ကား ။ ။ တီ တီ။
ဆရာထွဏ်းထွဏ်းလင်း ။ ။ ဟော သူတို့တွေ ရောက်ကုန်ကြပြီ။ ထမင်းတွေ ခူးထား ရှင်မရေ။
ဆရာမနွန် ။ ။ အထဲလာပါ ဆရာတို့။ မောနေရောပေါ့။ ရေသောက်ဦး ဆရာတို့။
ဆရာစွမ်း ။ ။ နေအေးလို့ ခရီးတွင်တာရယ်ပါ။ တကယ်တော့ ဘုရားပို့ဆောင်လို့ ဒီလိုမျိုး ဘေးမထိ ခလုတ်မတိုက်ပဲ ရောက်လာနိုင်တာပါ။
ဆရာထွဏ်းထွဏ်းလင်း ။ ။ ဟုတ်တာပေါ့ ဆရာ။ ဘုရားကျေးဇူးတော်ကြောင့်ပါ။
ဆရာမနွန် ။ ။ နေ့လယ်တောင် ရောက်နေပြီ။ ဗိုက်ဆာရောပေါ့။ ထမင်းလည်း ခူးထားပြီးသား ၀င်စားလိုက်ကြတော့ ဆရာတို့ရေ။
အမေကြီး ။ ။ ဟာဗျာ… ဒုက္ခရှာလို့။
ထွဏ်းကင်းမ် ။ ။ ကားဆရာတော့ ဆာနေမှာ သေချာတယ်။ မနက်စာလည်း ၀မှာ မဟုတ်ဘူး။
ဆရာထွဏ်းထွဏ်းလင်း ။ ။ ကားဆရာ အထဲဝင်ပါဦး။ တခါတည်းလည်း ၀င်စားလိုက်တော့ဗျာ။ ပူတုန်းလေး။
ကားဆရာ ။ ။ ၀ါး… ကြက်သားကာလသားချက်ပဲ။ ရှယ်ပဲဗျာ။ အားမနာတော့ဘူးနော်။
ဆရာမနွန် ။ ။ စားပါရှင်။ စားဖို့ချက်ထားတာပဲ။ အားနာစရာမလိုဘူး။ လက်ရာကောင်းမကောင်းတော့ စားပြီးရင် ပြောပေါ့။
ထွဏ်းကင်းမ် ။ ။ ကားဆရာတော့ နှစ်ပန်းကန်တော့ ကုန်မှာသေချာတယ်။ ကျနော်လည်း နှစ်ပန်းကန်ပဲ။ ဟား ဟား။
အခန်း (၄)
အမေကြီး ။ ။ အိမ်က တအားကောင်းလှချည်လား ဆရာ။ သစ်သားတွေနဲ့ချည်း လုပ်ထားတာ။ အမိုးပူမယ်ထင်ထားတာ အတော်အေးတာပဲ။ အပြင်မှာလည်း သစ်ရိပ်နဲ့ လေတိုက်တော့ အေးချက်။
ဆရာထွဏ်းထွဏ်းလင်း ။ ။ ဟုတ်တယ် ကျေးဇူးတော်ကြောင့် ဒီနေရာမှာ နေခွင့်ရတာ။ ကျန်တဲ့နေရာက ဖုန်းဆိုးမြေချည်းပဲဗျိုး။ ဒီမြို့ရဲ့ ဒီလိုနေရာမှာ နေခွင့်ရတာ မလွယ်ဘူး။ ဘုရားကျေးဇူးပြုတာပါ။ နောက်၆လလောက်နေရင် အခြေခံလူတန်းစားအတွက် အိမ်ရာချပေးဦးမှာ။ ဒီနဲ့ သိပ်တော့မဝေးဘူး။ လမ်းမနဲ့ ပိုနီးတာပေါ့။ အဲဒီနေရာမှာ နေခွင့်ရဖို့လည်း ဆုတောင်းနေတယ် ဆရာတို့ရေ။
ဆရာစွမ်း ။ ။ ကောင်းတယ်ဗျိုး။ ကောင်းတယ်။ ကျောချစရာနေရာက လိုတယ်လေ။ မိသားစုများတော့ ပိုလိုတာပေါ့။ သူတို့လေးတွေ ဒီတလောတော့ ကျောင်းပိတ်နေမှာပေါ့။
ဆရာထွဏ်းထွဏ်းလင်း ။ ။ ဟုတ်ပါ့။ အကြီးကောင်က ၁တန်း။ အငယ်ကောင်က မူကြိုပေါ့ဗျာ။ ဆရာတို့ ရေသောက်ကြဦး။ လက်ဆေးချင်ရင် ရေကန်ဟိုဘက်မှာရှိတယ်။ ရှင်းနွန်ရေ ဒီကလက်ဆေးချင်တဲ့သူကို ရေကန်ဆီ လိုက်ပို့လိုက်ဦး။ (လက်ဟန်ဖြင့်)
အမေကြီး ။ ။ ဆရာ မုံရွာမှာ အိန္ဒိယပစ္စည်းဆိုင်ကောင်းကောင်းလေး ရှိလား။ ရှိရင် လိုက်ပို့ပါဦး။
ဆရာထွဏ်းထွဏ်းလင်း ။ ။ မြို့ထဲမှာတော့ ရှိတယ်။ နည်းနည်းတော့ သွားရဦးမယ် ဆရာမ။
အမေကြီး ။ ။ ဆရာ အခုလိုက်ပို့ပါလား။ အဆင်ပြေရင်ပေါ့။
ဆရာစွမ်း ။ ။ ဟာ… ဆရာတို့ကိုလည်း နေ့လယ်စာစားခိုင်းလိုက်ပါဦးဟ။ နင်တို့ကတော့ သူတို့ စားပြီးမပြီး မမေးတော့ဘူး။ တကယ်ပဲ။
ဇင်ဇင် ။ ။ ဟယ်… ဟုတ်သားပဲ။
အမေကြီး ။ ။ ဆရာစားပြီးမှ သွားကြတာပေါ့။ အားလည်းနာတယ်။
ဆရာထွဏ်းထွဏ်းလင်း ။ ။ ဟုတ်ကဲ့ ခဏတော့စောင့်ပေးပါဦး။ ထမင်းစားပြီးရင် လိုက်ပို့လိုက်ပေးပါ့မယ်။
မွန်မွန်း ။ ။ အေးအေးသာသာ စားပါ ဆရာရယ်။ ကျမတို့လည်း အနားယူလိုက်ပါဦးမယ်။
အခန်း (၅)
ဆရာထွဏ်းထွဏ်းလင်း ။ ။ ဆရာတို့လာလို့ ကျနော်လိုက်ပို့ဖြစ်တာပါ။ တကယ်တော့ မြို့တွင်း ကျနော် သိပ်မသွားဘူး။ လက်ဖက်ရည်လည်း မကြိုက်တတ်တော့ ဒီလိုဆိုင်ထိုင်ဖို့ဆို ပိုဝေးရော။ CCCသာသနာပြုတွေ အားကောင်းတုန်းက ဗောဓိတထောင်ဘက်မှာ ယုံကြည်သူ ခရစ်ယာန်အိမ်ထောင်စု သုံးစုလောက်ရှိတယ်။ သူတို့ဆီ တရားဟောတာမျိုး Follow Upလုပ်တဲ့အချိန်မျိုးတို့လောက်ဆို အပြင်ထွက်ဖြစ်ပါတယ်။ ကျန်တဲ့အချိန်ဆို အိမ်တွင်းအောင်းတာပဲ။ ကပ်ဘေးကာလက အပြင်မထွက်လေ ကောင်းလေပဲ ဆရာရယ်။
ဆရာစွမ်း ။ ။ ဟုတ်တယ် ဟုတ်တယ်။ ဘုရားကျောင်းလည်း ပိတ်ထားတော့ အိမ်တွင်းအောင်းနေတာ အကောင်းဆုံးပါပဲ။
အမေကြီး ။ ။ ပြန်တော့မယ်နော် ဆရာလင်းလင်း။ လိုက်ပို့ပေးတာလည်း အထူးကျေးဇူးတင်မိပါတယ်။ ခရစ္စမတ်ကာလတော့ နောက်တကြိမ်လာချင်ပါသေးတယ်။ ရပ်ကွက် ခရစ္စမတ်မှာ ဒါနလာပြုချင်ပါသေးတယ်။ အဲဒီအချိန်တော့ ဘုရားအခွင့်ပြုရင် လာပါဦးမယ်။
ဆရာထွဏ်းထွဏ်းလင်း ။ ။ ဟုတ်ကဲ့ပါ ဆရာမ။
ဆရာစွမ်း ။ ။ သွားပြီနော်။
အခန်း (၆)
ဇင်ဇင် ။ ။ သူတို့လင်မယားကြည့်ရတာ စိတ်ချမ်းသာလိုက်တာ။ လင်ဝတ် မယားဝတ် သိပ်ကျေပွန်တာပဲ။
အမေကြီး ။ ။ ဟုတ်တယ်။ မိန်းမဖြစ်သူက အကြားအာရုံချို့တဲ့ပေမဲ့ သူလုပ်တတ်တာ ဆုတောင်းခြင်းပဲ ဆိုတော့ သူ့အမျိုးသားဖြစ်လာမဲ့သူအတွက် ဆုတောင်းပေးရင်း အမျိုးသားဖြစ်သူက ယုံကြည်သူဖြစ်လာတာ။ အခုဆို အမှုတော်ဆောင်ကြီးကိုဖြစ်လို့။ ဈေးပတ်ခေါ်တုန်းက ဘယ်လောက်ပြန်ချင်နေတုန်း သူ့မျက်နှာကို တွေ့မှာပေါ့။ အိမ်ခင်တာ အိမ်သူတော်လို့ပဲ မှတ်ထားကျ ညည်းတို့လည်း။
ထွဏ်းကင်းမ် ။ ။ ရိုးသားတည်ကြည် ဖြောင့်မတ်တဲ့ အမှုတော်ဆောင်ကို ဒီလိုမျိုး Love Giftပေးပြီး ချောမဆွဲသင့်ဘူးလို့ ကျနော်တို့ ယူဆတယ်။ သူက ဘုရားအစေခံပါ။ ဘုရားအမှုတော်အတွက်ပဲ အချိန်ပို ကုန်သင့်တယ်။ ပစ္စည်းဝယ်တာမျိုးလောက်က အမေတို့ အမျိုးသမီးချည်းတွေ သီးသန့်သွားဝယ်သင့်တယ်။ အအေးသောက်ဖို့ ပြောတုန်းကလည်း ပြန်ချင်နေတဲ့ သူ့အမူအရာကို အတိုင်းသား မြင်နေရသား။ လက်ဖက်ရည်ဆိုင်မှာ သူပြောတာကို အမေတို့ အရှက်ရသင့်တယ်ဗျာ။ အမှုတော်ဆောင်ဆိုတာ လက်တိုလက်တောင်းလုပ်ဖို့ လမ်းပြလုပ်ခိုင်းဖို့ မဟုတ်ဘူး။ ကျနော်တော့ စိတ်မချမ်းသာဘူးဗျာ။
စဲလာအို
(စာရေးသူ စဲလာအိုသည် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)