မန္တလေးမြို့ ဇာတ်လမ်းတပုဒ်


အိပ်မက် (၁)

ရုပ်သံဌာနတခုရဲ့ အစီအစဉ်တခုမှာ လူတစု အလေးအနက်ထား ဆွေးနွေးနေကြတဲ့အသံတွေက လွှမ်းခြုံထားပါတယ်။ ငါးယောက်တည်းသာပါရှိတဲ့ အစုအဖွဲ့လေးမှာ အကျိတ်အနယ်ပြောနေကြတဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားဖွယ်ရှိလှပါတယ်။

ဘာအကြောင်းအရာများ ပြောဆိုနေကြတာပါလိမ့်…။

ဘာကြောင်းများပါလိမ့်…။

ရိုက်ကူးရေးမှာ ခဲရာခဲစစ် အင်္ဂလိပ်စကားနဲ့ ပြောကြပေမဲ့ အမေရိကန်သုံး အင်္ဂလိပ်စကား ဖြစ်တာမို့ မြတ်တရာအတွက် အခက်အခဲမရှိပေ။

“ကဲ နားကြဦးစို့။ ညချမ်းချိန်ရောက်ရင် တခေါက် ရိုက်ကူးရေးလုပ်ရဦးမယ်။ အားမွေးထားကြဦးဗျိူး”

ဒါရိုက်တာရဲ့ အားပေးလှုံ့ဆော်သံနဲ့အတူ ကိုရီးယားမလေးသုံးယောက် အပေါ်ထပ်ကို ကြွမြန်းသွားပါတော့တယ်။

ရုပ်သံအစီအစဉ် ခေါင်းစီးက “ဆိုကြဦးစို့ တွေးစကား ပြောစကား ဆိုစကား”

 

အိပ်မက် (၂)

အခန်းနံပတ်(၂၀၃)ရဲ့ သော့ချောင်းကို အဆောင်မှူးဆီက ဆွဲယူလိုက်ရင်း အပေါ်ထပ်ကို ကြွမြန်းရတဲ့ မြတ်တရာဟာ ရိုက်ကူးရေးတုန်းမှာ ပုဆိုးနဲ့တီရှပ်နဲ့ဖြစ်နေတာမို့ ဖက်ရှင်ဒီဇိုင်းကာလာ စုံညီလှတဲ့ ကိုရီးယားတွေကြားထဲမှာတော့ တာဇံဖြစ်ခဲ့လိုက်ရပါသေးတယ်။ ဒါပေမဲ့ သူတို့က အမှုမထားပါဘူး။ သူတို့အတွက် ဒီမြင်ကွင်းက ထူးခြားလှဟန်မရှိတော့ပါဘူး။ ဒါက အစီအစဉ်တခုပဲ ဖြစ်တယ်။ ဒီအစီအစဉ်မှာ တစိတ်တပိုင်းအနေနဲ့ ဇာတ်ကောင်အဖြစ် ပါဝင်ကြမယ်။ ပြီးရင် သရုပ်ဆောင်ခယူမယ် မဟုတ်လား။ ပရော်ဖက်ရှင်နယ် ဆန်ကြတဲ့ သူတွေပေါ့။

 

အိပ်မက် (၃)

အခန်းနံပတ်(၂၀၃)ကို မရောက်ခင် စပ်ကြားကာလအထပ်မှာ GYMခန်းတခန်းကို ဖြတ်ကျော်ရပါတယ်။ အဲဒီအခန်းထဲမှာ အစောပိုင်း ရိုက်ကူးရေးလုပ်နေတုန်းက နတ်မိမယ် ကိုရီးယားနှစ်ယောက်ကို တွေ့ရှိ့ရပါတယ်။ သူတို့တွေ GYMကစားနေကြပါတယ်။ GYMအ၀တ်အစားနဲ့ ပနံရသင့်နေပြီး လောကကြီးထဲကကိစ္စတွေကို အမှုမထားပဲ နေ့တဒူဝအလုပ်ကို ထမ်းဆောင်နေတဲ့ အရုပ်စစ်သည်တွေနဲ့ အတော်ကြီး တူနေပါရောလားလို့ မြတ်တရာမှတ်ချက်ပြုမိတယ်။

အခန်းနံပတ်(၂၀၃)ရှိတဲ့အထပ်ဆီ ရောက်တဲ့အခါမှာတော့ သင်းပျံ့တဲ့ရနံ့တခုကို မြတ်တရာ ခံစား တွေ့ရှိလိုက်ရပါတယ်။ ကိုရီးယားမလေးတယောက် အ၀တ်အစားလဲရင်း Lotionလိမ်းနေတဲ့မြင်ကွင်း။ တံခါးဖွင့်ထားပြီး ခန်းစီးလိုက်ကာ ဖြုတ်ထားတာမို့ အမှုမဲ့အမှတ်မဲ့ကြည့်မိတဲ့ မြတ်တရာမှာတော့ ရှက်သွေးဖြာမိပေမဲ့ တိုင်းတပါးသူကတော့ ဂရုတောင်မစိုက်အားပါ။ ရှိတယ်လို့ကို မထင်တဲ့သဏ္ဍာန်။

 အခန်းနံပတ်(၂၀၁)ကို ကျော်ဖြတ်အပြီးမှာတော့ (၂၀၃)ကို စိုက်စိုက်မြိုက်မြိုက် ရောက်ရှိသွားပြီး လက်ထဲကသော့ချောင်းနဲ့ အခန်းတံခါးကို ဖွင့်လိုက်ပါတယ်။ အခန်းနံပတ်(၂၀၂)ကတော့ ဘယ်နား ကျကျန်ခဲ့သလဲ မသိ။

 

အိပ်မက် (၄)

ကိုင်ထားတဲ့ နွမ်းလျလျ အ၀တ်ထည့်အိတ်ကိုင်းကို လွှတ်ချလိုက်ပြီး ပတ်ဝန်းကျင်ကို ဆယ်စက္ကန့်စာလောက် မေ့လျော့သွားတဲ့ မြတ်တရာမှာ သံသယစိတ် ဆယ်စက္ကန့်ဆိုတာ ဒါမျိုးဖြစ်ရမယ်လို့ တိုးတိုးတိတ်တိတ် ရေရွတ်နေရင်း အဆင့်အတန်းမြင့်လှတဲ့ အသုံးအဆောင်ပစ္စည်း၊ ပရိဘောဂတွေကို မိန်းမောနေမိပါတယ်။ တဆက်တည်းမှာ ဦးနှောက်ထဲက ဒိုပါမင်းဓာတ်တွေဟာလည်း သံသယပိုးတွေနဲ့ ကူးလူးနေပါတော့တယ်။ ယောက်ျားလေး မော်ဒယ်တဦးနှင့် မျှသုံးဖို့ထားတဲ့ အခန်းက ဤမျှလောက် ခမ်းနားပေစွလို့ မှတ်ချက်ချမိတာလည်း အတန်တန်။ ကြည်ဖြူလိုလားဟန်မရှိတဲ့ အနှီကိုယ်ဟန်ပြမောင်က အပေါ်ပိုင်းဗလာ GYM၀တ် ဘောင်းဘီတိုနဲ့ အောက်ထပ်ကို ဒုန်းဆိုင်းဆင်းသွားတဲ့အချိန်မှာ အခန်းတွင်း ၀င်လာကာစက မြတ်တရာကြောင့် ပြုတ်ကျသွားတဲ့လိုက်ကာစကို ချိတ်ပေါ်ပြန်တင်ဖို့ အလုပ်ရှုပ်ရင်း။

 

အိပ်မက် (၅)

နေ၀င်ရီတရော ရောက်လတ်တဲ့အခါမှာ ညစာစားဖို့ မြေညီထပ်ကို မြတ်တရာ ဦးတိုက်ရပါတယ်။ အပေါ်ပိုင်းဗလာနှင့် ကိုယ်ဟန်ပြမောင်များ၊ ဘီကနီလောက်သာ ၀တ်ဆင်ထားတဲ့ မိန်းမပျိုလေးများ ဥဒဟို သွားလာနေကြတဲ့ မြင်ကွင်းကြောင့် တီရှပ်အဖြူ၊ ကချင်ပုဆိုးဝတ်ထားတဲ့ မြတ်တရာမှာ ရှက်ရမလိုလို ရယ်ရမလိုလို မလုံမလဲ ဖြစ်နေရပါတယ်။

ညစာစားပြီးတဲ့သူတွေ မြေညီထပ် ခန်းမအနောက်နားက အခန်းကျဉ်းလေးထဲ ၀င်သွားကြပါတယ်။ ပြန်ထွက်လာတဲ့သူတွေလက်ထဲမှာတော့ အထုတ်ကိုယ်စီနဲ့။ ဒီအလုပ်က သူတို့အတွက် ပုံမှန်အလုပ်တခုလို ဖြစ်နေပါတယ်။ ပထမဆုံးအကြိမ် မြင်ဖူးတဲ့ မြတ်တရာအတွက် ထူးဆန်းတာပေါ့။

“အမှတ်ကောင်းရဲ့လား”လို့ တစ်စုံယောက်ရဲ့ အသံပြုမှုကြောင့်

ထမင်းစားလက်စကို ခေတ္တရပ်နားပြီး

“ဆယ်တန်းအောင်တာ ကြာလှပြီ”လို့ မြတ်တရာ ခွန်းတုံ့ပြန့်ဖြစ်ပါတယ်။ မေးခွန်းမေးသူမှာ ရင်းနှီးကျွမ်းဝင်သူ တယောက်ရဲ့ စကားသံနဲ့ ထပ်တူကျလှပါတယ်။

မြတ်တရာရဲ့ အသိစိတ်ထဲမှာ အလုပ်လျှောက်လွှာပို့တဲ့သူတွေဟာ အတွေ့အကြုံ နုနယ်လှပြီး မေးမြန်းစပ်စုခြင်းမရှိ အလုပ်ရရင်ပြီးရော၊ လစာများရင်ပြီးရောဆိုတဲ့စိတ်နဲ့ ဖောင်ဖြည့်ကြတဲ့ လူငယ်တွေ များမယ်နဲ့တူတယ်လို့ မှတ်ချက်ချမိလိုက်ပါတယ်။

 

အိပ်မက် (၆)

အချိန်ကာလ တအောင့်ကြာတဲ့အချိန်မှာ အ၀ါရောင်နဲ့ အဖြူရောင် စပ်ကြား ကားတစင်းကလည်း ချက်ချင်းလက်ငင်း တိုက်ခန်းရှေ့မှာ ထိုးရပ်လိုက်ပါတယ်။ ယောက်ျားလေးတယောက်နဲ့ မိန်းကလေး တယောက် ကားခန်းထဲကနေ ထွက်လာပါတယ်။ သူတို့က ကိုယ်ဟန်ပြလုပ်ဖို့ နယ်ဘက်ခြမ်းကလာတဲ့ သူတွေပါ။ နှစ်ယောက်လုံးဗမာတွေပါပဲ။

“မင်္ဂလာပါ။ ကျုပ်လည်း လူသစ်ပါပဲ။ နိုင်ငံရေးသမား တယောက်လည်းဖြစ်သလို အလွတ်တန်း သတင်းထောက်တယောက်ဆိုလည်း မှန်တယ်။ လက်ရှိတော့ တနှစ်စာချုပ်နဲ့ ဒီမှာခေတ္တ အလုပ်လာ လုပ်နေတဲ့သူပေ့ါ။ နောင်ကြီးကော”

“ကျုပ်ကတော့ အနည်းဆုံး နှစ်နှစ်စာချုပ်နဲ့ ဒီမှာအလုပ်လုပ်ဖို့လာတာပါ။ နယ်ဘက်မှာ အလုပ်အကိုင်လည်း ရှားတာကိုးဗျ။ နယ်ဘက်ဆို ဒီအေဂျင်စီကလွှင့်တဲ့ အစီအစဉ်တွေကို လွှတ်ကြိုက်တာဗျိုး။ ကျုပ် ဒီမှာအလုပ်ရပြီဆိုတော့ ရွာကလူတွေ ၀မ်းသာဂုဏ်ယူနေကြမှာ သေချာတယ်”

“ဟုတ်ပါပြီဗျာ။ ဒါပေမဲ့ သတိတော့ထားပေါ့ဗျာ။ ဒီအလုပ်က မူသိပ်မမှန်ချင်ဘူး။ ကျုပ်တို့ စကားဖောင်ဖွဲ့တာကိုလည်း သူတို့ သိပ်ကြိုက်မယ်မထင်ဘူး။ ကျုပ်တို့ကို သူတို့ ခွဲလိမ့်မယ် ကြည့်ထား”

မြတ်တရာနဲ့ သူစိမ်းလူသစ်ကောင်လေး ပြောဆိုနှုတ်ဆက်ကြနေတုန်းမှာ ခွေးဘီလူးကားတစီး တိုက်ခန်းမျက်နှာစာရှေ့ကနေ မောင်းသွားပါတယ်။ ထိုသူမှာ မြတ်တရာလေးစားရတဲ့ ဆရာတဦးဖြစ်သူ ဆရာဂင်။ သူ့သားဖြစ်သူကို ကားလျှောက်မောင်းပြနေခြင်း ဖြစ်ဟန်တူလေရဲ့။

“ဟေး အားလုံးပဲ အထဲကိုဝင်ကြ။ ခေတ္တအပန်းဖြေကြဦး။ အမောပြေမှပဲ အခန်းလိုက်ပြတော့မယ်။ နားနှင့်ကြပါဦး”

 

အိပ်မက် (၇)

ခန်းမရဲ့အလယ်ပိုင်းကျကျ စက်တီခုံတခုမှာထိုင်နေတဲ့ မိန်းမပျိုတဦး ပိုက်ဆံရေတွက်နေတုန်းမှာ အားကောင်းမောင်းသန် လုံခြုံရေးအရာရှိတဦးက မိန်းမပျိုလေးကို ဆေးကတ်တကတ် ပေးလိုက်တာကို မိန်းမပျိုက ငြင်းလွှ့တ်ပါတယ်။

“ငါ့ထဲမှာ ဗီတာမင်တွေ အားဆေးတွေ စုံနေပြီ။ ဒါမျိုးတွေ မလိုတော့ဘူး။ အေးဆေးပဲ”

(ငါ့ဗိုက်ထဲ သုတ်ပိုးတွေ ရှိနေပြီပဲ။ အားပြည့်နေပြီ။ အားဆေးမလိုတော့ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး မြတ်တရာ ကောက်ယူလိုက်ပါတယ်)

နာရီစက္ကန့်နဲ့အပြိုင် မြင်ကွင်းရှုထောင့်ဟာလည်း ပိုအသက်ဝင်လာသလို မြတ်တရာရဲ့ စိတ်အစဉ် ဟာလည်း ဒေါသအမျက် ချောင်းချောင်ထွက်ပါတော့တယ်။

“ကောင်းတာမဖြစ်။ ဖြစ်တာမကောင်း။ ဒီလိုအလုပ်မျိုးကို ရွံတယ်ကွာ။ ကြံစမ်း”

နာကျည်းချက်နဲ့ ရှက်စိတ်၊ ဒေါသစိတ်နဲ့ ကရုဏာစိတ်ကြောင့် ပေါ်ထွက်လာတဲ့ တုန့်ပြုမှုတခု ထွက်ပေါ်လာတာလို့ ဆိုရပါမယ်။

“ဘုရားသခင် ဒီမိသားစုရဲ့ လုပ်ငန်းကိုင်ငန်းကို သတိပေးပါ။ စီရင်တော်မူပါ။ သူတို့အပေါ် ကိုယ်တော် အမြတ်ထွက်တော်မူပါ။ သူတို့ပြုလုပ်မိတဲ့အမှားကို ကိုယ်တော် ဆုံးမတော်မူပါ။ သခင်ယေရှု၏ မြတ်သော နာမကို အမှီပြု၍ ဆုတောင်းပါ၏။ အာမင်”

မိန်းမပျိုဆီက မထင်မှတ်ပဲ ထွက်ကျလာတဲ့ စကားသံကြောင့် ၀င်ပေါက်အနားရှိ Reception Cornerမှာ စုဝေးထိုင်နေတဲ့ အေဂျင်စီပိုင်ရှင်၊ အဆောင်မှူးနဲ့ ဒါရိုက်တာတွေကတော့ ခေါင်းချင်းဆိုင် တိုးတိုးကျိတ်ကျိတ် စကားပြောနေကြပါတော့တယ်။ မြတ်တရာမှာ အခန်းအလယ်ခေါင်မှာ ကိစ္စကြီးတခုကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

 

(စာကြွင်း ။ ။ တိုက်ခန်းကတော့ မန္တလေးမြို့တွင်း တောင်ပြင်က တနေရာမှာ တည်ရှိပါတယ်။ တိုက်ခန်း မြေညီထပ်မှာ လက်ဝါးကပ်တိုင် ထောင်ထားပါသေးတယ်။ သမ္မာကျမ်းစာပါ ကျမ်းပိုဒ်လေးတွေလည်း ချိတ်ဆွဲထားပါသေးတယ်)

 

စဲလာအို

(စာရေးသူ စဲလာအိုသည် ရသမြောက်သော ၀တ္ထုများ ရေးသားနေသည့် လူငယ်စာရေးဆရာတဦး ဖြစ်သည်)