မိမိအပြစ်အတွက်နောင်တရခြင်းနှင့် ၀န်ချတောင်းပန်ခြင်း

အပိုင်း (၈)

ဤအပိုင်းတွင် ဓမ္မဟောင်း ကာလ၏ ခေါတ်အဆက်ဆက်ရှိ ထာ၀ရဘုရားနှင့်ဆိုင်သော လူသားများသည် ကမ္ဘာဦးမှစ၍ ဓမ္မဟောင်းကျမ်းကာလ အဆုံးထိ အမျိုးမျိုးသောယဇ်များကို ရွေးချယ်ကာဓမ္မဟောင်း ကာလအပြစ်ဖြေကာ ယဇ်ပုရောဟိတ်အားဖြင့် ထာ၀ရဘုရားသခင်၏ အပြစ်ခွင့်လွှတ်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းများ ရယူကြကာ ထာ၀ရဘုရားသတ်မှတ်ထားသော ဓမ္မဟောင်းကာလအပြစ်ဖြေခြင်း ပုံစံစည်းမျဉ်းများကို လေ့လာကြပါမည်။

ခမည်းတော်ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်အောင် အပြစ်ဖြေခြင်းသည် ဓမ္မဟောင်းကာလရှိ ဣသရေလလူတို့အတွက် အလွန်ပင်လေးနက်အဓိပ္ပါယ်ရှိ တန်ခိုးပါသော ထာ၀ရဘုရား ခမည်းတော်ဘုရားသခင်နှင့်ပြန်လည်သင့်မြတ် ကောင်းချီးမင်္ဂလာနှင့်ဆိုင်သောနည်းဖြစ်သည်။ ဤအရာကို ဣသရေလတို့ ရှောင်လွှဲ၍မရပေ။

ထာ၀ရဘုရားရွေးကောက်ထားသောအမျိုး ဘိုးဘေးအဆက်ဆက် ခမည်းတော်ဘုရားသခင်နှင့်ပြုခဲ့သည့် ပဋိညာဉ်ထဲ၌ ကျင်လည်ရှင်သန်ရသော သန့်ရှင်းသောအမျိုးအဖြစ် ဘုရားအသိအမှတ်ပြုခြင်းခံရသလို ဘုရားရှင်၏ မေတ္တာ ကရုဏာတော်ကိုဆန့်ကျင်ပုန်ကန်သောနေရာ၌လည်းအလွန်ပင် ခေါင်းမာသောအမျိုးဖြစ်ခဲ့သည်။ ဤဓမ္မဟောင်းကာလတွင် အပြစ်ဖြေခြင်းသည် အလွန့်အလွန်အရေးကြီးသောကြောင့် ဂျူးလူမျိုးတို့ ဗိမာန်တော်တွင် ပူဇော်ကြသော အပြစ်ဖြေရာယဇ်ကို ထာ၀ရဘုရားပြင်ဆင်ပေးခဲ့သည်။

ယဇ်အမျိုးအမည်များကိုမသွားခင်ယဇ်ပူဇော်ခြင်း၏ အဓိပ္ပါယ်နှင့်လေးနက်ပုံကို သိရှိရန်အထူးလိုအပ်ပါသည်။ ယဇ်ပူဇော်ခြင်းသည် လူ၏အပြစ်အတွက် အပြစ်ဖြေခြင်းဖြစ်သည်။ 

"အပြစ်ဖြေခြင်း" စကားလုံးတွင် အပြစ်ကိုသယ်ဆောင်သွားခြင်း၊ ရန်ငြိမ်းခြင်း (သို့) ဘုရားသခင်နှင့်မှန်ကန်သောရပ်တည်ခြင်း အယူအဆပါ၀င်သည်။ လူတစ်ဦးသည်အပြစ်အတွက် ယဇ်ပူဇော်သောအခါ ထိုအပြစ်ဖြေရာယဇ်သည် လူတစ်ဦး၏အပြစ်ကိုသယ်ဆောင်သွားခြင်းကို ပုံဆောင်သည့် ရလဒ်အနေဖြင့် ဘုရားသခင်နှင့်အပြစ်သားအကြား ပျက်ပြားသွားသောဆက်ဆံရေးသည် ယာယီပြန်လည်သင့်မြတ်သွားသည်။ 

အဘယ့်ကြောင့် ထာ၀ရဘုရားသည် အပြစ်ဖြေရာယဇ်ပုံစံကို ယာယီအပြစ်ဖြေရာတွင် ဓမ္မဟောင်းကာလ အတိုင်းအတာ တခုအထိ ပြင်ဆင်ပေးခဲ့ပါသနည်းဟု သင်၌မေးခွန်းရှိလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဓမ္မဟောင်းကာလရှိ ဣသရေလအမျိုးကို အထိန်းအဖြစ် တားမြစ်ထားသောအရာများကို ချိုးဖောက်ကြပြီး မလိုက်လျှောက်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ 

ကျမ်းစာက ပညတ်တရားသည် လူတို့အတွက်မှန်အဖြစ်လုပ်ဆောင်ရန် သွန်သင်ထားသည်သာမက ဤမှန်ထဲသို့မိမိကိုယ်ကို ကြည့်သောအခါ ထာ၀ရဘုရား၏ ဖြောင့်မတ်ခြင်း သတ်မှတ်ထားသော စံချိန်စံနှုန်းများဖြင့် ချိန်ကိုက်စစ်ဆေးဖို့ အထူးသမ္မာသတိရှိဖို့ ရန်ဖြစ်သည်။ မောရှေ၏ ပညတ်တော်ဆယ်ပါးအားဖြင့် ဘုရားသခင်သည် လူအားအမှန်နှင့်အမှားကို ခွဲခြားသိစေပြီး မိမိအပြစ်ကိုသိစေသည်။

မောရှေ၏ပညတ်သည် ဣသရေလလူမျိုးတို့အား တစ်နှစ်လျှင် အပြစ်ဖြေရာနေ့တစ်နေ့ကို ကျင်းပစေသည်။ ထို့နေ့တွင် ယဇ်ပုရောဟိတ်မင်းသည် ဗိမာန်တော်ထဲရှိ အသန့်ရှင်းဆုံးဌာနထဲသို့၀င်၍ ၀တ်ပြုရာအခန်းကြီး ၄တွင်ဖော်ပြထားသောယဇ်ကိုပူဇော်သည်။ ပညတ်တရားကတောင်းဆိုသောယဇ်ကို မပူဇော်ပါက လူတို့၏အပြစ်ကို ခွင့်လွှတ်မည် မဟုတ်ပါ။ ထိုဆိုလိုခြင်းမှာ ဘုရားနှင့်သင့်မြတ်ခြင်းကို မရွေးယူသည့်အတွက် ထာ၀ရဘုရားကိုယ်တိုင်ပေးမည့်ကောင်းချီးအတူပါရှိခြင်းလဲ ခံစားရတော့မည် မဟုတ်ပါ။ 

ထို့ကြောင့် ဤနေ့ရက်သည် အလွန်လေးနက်ပါသည်။ မောရှေ၏ ပညတ်၏ရည်ရွယ်ချက်မှာ လူအပြစ်ရှိကြောင်းကို ဖွင့်ပြ၍ ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်း လိုအပ်ကြောင်းသိစေရန်ဖော်ပြသော မှန်ဖြစ်သည်ဟု အထက်တွင်ဆွေးနွေးပြီးဖြစ်ပါသည်။  


ဆက်ရန်


အစ်စတဲလ်


(ဆောင်းပါးရှင် အစ်စတဲလ်သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည်)