ငြင်းပယ်ခြင်း၏​နောက်ကွယ်

ဘဝမှာ လူတိုင်းလူတိုင်းရဲ့ မကြားချင်ဆုံးဟာ နိုး(No)ဆိုတဲ့ စကားလုံးဖြစ်နိုင်ပါတယ်။ နိုးရဲ့ အဓိကရည်ရွယ်ချက်က ငြင်းပယ်ခြင်းဖြစ်နေတတ်တာကြောင့် မနှစ်မြို့တတ်ကြပေ။ 

လူတိုင်းလူတိုင်းရဲ့ ဘဝမှာ အနည်းဆုံးတကြိမ်တော့ ငြင်းပယ်ခြင်းကို ခံစားခဲ့ဖူးကြမယ်လို့ထင်တယ်။

- မိသားစုရဲ့ ငြင်းပယ်ခြင်း

- ချစ်ရသူရဲ့ ငြင်းပယ်ခြင်း

- ကျန်းမာ​ရေးရဲ့ ငြင်းပယ်ခြင်း

- စီးပွား​ရေးရဲ့ ငြင်းပယ်ခြင်း

- ပညာ​ရေးရဲ့ ငြင်းပယ်ခြင်း အစရှိတာတွေ ခံစားရတဲ့အခါမှာ စိတ်ပျက်အားငယ်စွာဖြစ်ကြတတ်ပါတယ်။ ဒီလိုနဲ့  အဲဒီငြင်းပယ်ခြင်း​တွေကို ခံစားရပြီးတဲ့​နောက်မှာ တစ်ခါတ​လေ ရှင်သန်ဖို့​​တောင် အားအင်ဆိုတာ မရှိ​တော့တဲ့အထိ စိတ်ဓါတ်ကျသွားတဲ့သူ​တွေ ဒုနဲ့​ဒေးပါ။ ဒီလိုခံစားချက်​တွေကို ရင်ဝယ်ပိုက်လို့ စိတ်ကျ​ရောဂါ၊ စိတ်ကျ​ရောဂါ၏ ​နောက်ဆက်တွဲ​ဝေဒနာ​တွေဖြစ်တဲ့ မိမိကိုကိုယ် ထိခိုက်နာကျဥ်​စေခြင်း၊ မိမိကိုကိုယ် အဆုံးစီရင်ခြင်းအထိ ဖြစ်ပွား​စေတတ်ပါ​တော့တယ်။


ငြင်းပယ်ခြင်းဆိုတာဟာ လူတိုင်းမလိုချင်​တဲ့ အရာတခု ဆို​ပေမဲ့ ဒီငြင်းပယ်ခြင်းရဲ့​နောက်ကွယ်မှာ မမြင်နိုင်တဲ့ မထင်မှတ်ထားတဲ့ အရာတခုရှိတယ် ဆိုတာကို အနည်းငယ် ပြောပြချင်ပါတယ်။ 


ဒါနဲ့ မိတ်​ဆွေနဲ့ကျွန်​တော်​ရော အဲဒီငြင်းပယ်ခြင်း​တွေကို ဘယ်လို ရင်ဆိုင်ကြမလဲ။ ဘယ်လို အသက်ရှင်ကြရမယ်ဆိုတဲ့​အ​ပေါ်ကို နားလည်​စေဖို့ရာ ဘုရားရှင်​ဖွင့်ပြပေးပါ​စေ။


ရှင်ယောဟန်ခရစ်ဝင် ၁:၁၁

သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။


​သခင်ယေရှုခရစ်​တော်လည်း ငြင်းပယ်ခြင်းကိုခံခဲ့ရပါတယ်။ ​ဒါဟာ ပ​ရောဖက်ပြုချက်ပြည့်စုံခြင်း​တွေထဲက တခု ဆိုရင်လည်း မမှားပါဘူး။ ​ဟေရှာယ (၅၃:၃)ရဲ့ ပ​​ရောဖက်ပြုချက် ​​ပြည့်စုံခြင်း​ကြောင့် အဲဒီငြင်းပယ်ခြင်းက ပ​ရောဖက်ပြုချက်ပြည့်စုံခြင်းကို အ​ထောက်အကူပြု​နေတာကို မြင်​တွေ့ရပါတယ်။ အဲဒီငြင်းပယ်ခြင်းအားဖြင့်လည်း ​ယေရှုခရစ်​တော်ရဲ့ ကားတိုင်တက်ခြင်းကို ​​ထောက်ပံ့​ပေး​နေပါတယ်။ လူ့အသက်ကို သတ်ခြင်း၊ ဓါးပြတိုက်ခြင်းတွေမှာ နာမည်ဆိုးနဲ့​​ကျော်ကြားတဲ့ လူဆိုးကြီး ဗာရဗ္ဗကိုသာ ​ရွေးချယ်ကြပြီး ​အပြစ်မရှိ၊ ​ဖြောင့်မတ်​တဲ့ ယေရှုကို ငြင်းပယ်ကြခြင်းဟာ ​အော့နှလုံးနာ၊ ငို​ကြွေးချင်စရာ၊ နာကျင်ခံစားရမှာတေ့ာ အမှန်ပဲဖြစ်​ပါတယ်။ ဒါပေမဲ့လည်း အဲဒီငြင်းပယ်ခြင်းကပဲ ​ယေရှုခရစ်​တော်ရဲ့ ရှင်ပြန်ထ​မြောက်ခြင်း၊ ကယ်တင်ခြင်းအစီအစဥ်အတွက် တစ်စိတ်တဒေသ အ​ရေးကြီး​အပိုင်းတခုဆိုရင်လည်း မမှား​ပြန်ဘူး။ 

ငြင်းပယ်ခြင်းမရှိရင် ကားတိုင်တက်ဖို့ရန်မရှိ။ 

ကားတိုင်တက်ခြင်းမရှိရင် အ​​သေခံအ​သွေးသွန်းခြင်းမရှိ။

အ​သေခံခြင်းမရှိရင် ရှင်ပြန်ထ​မြောက်ခြင်းမရှိ။ 

ရှင်ပြန်ထ​မြောက်ခြင်းမရှိရင် အချည်းနှီးယုံကြည်ခြင်း မဟုတ်ပါလား။ 

ကယ်တင်ခြင်းလည်း မပြည့်စုံ​တော့​ပါဘူး။ 

ဒါ့​ကြောင့် အဲဒီငြင်းပယ်ခြင်းက အင်မတန် ပြည့်စုံ​​ကောင်းမွန်တဲ့ ဘုရားသခင်ဘုန်း​တော်ထင်ရှားဖို့ တခုအပါအဝင်အဖြစ် ရှိ​နေပါ​တော့တယ်။ ငြင်းပယ်ခြင်းရဲ့ ​နောက်ကွယ်မှာလည်း မိမိတို့ လူသားတွေအတွက် ​ကယ်တင်ခြင်းကျေးဇူး​တော်ကို ​ထောက်ပင့်ခြင်းပင်။


ရှင်မဿဲခရစ်ဝင် ၂၇:၂၁

ထို့ကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။


ဒီလိုပါပဲ ကျွန်​တော်တို့ ကြုံ​တွေ့ခံစားရတဲ့ ငြင်းပယ်ခြင်း​​တွေဟာ နာကျင်ခံစားရ​ပေမဲ့လည်း သူ့ရဲ့​နောက်ကွယ်ပိုင်းကို မြင်နိုင်​စေဖို့ရာ ဘုရားရှင်ရဲ့ ​ကောင်းကြီးရှိပါ​စေ။ 


အခုချိန်မှာ 

- သင်ဟာ အလုပ်အကိုင်​တွေရဲ့ ငြင်းပယ်ခြင်းကို ခံ​နေရပါသလား

- ကျန်းမာ​ရေး ပြန်​ကောင်းလာ​စေဖို့ ငြင်းပယ်ခြင်း ခံ​နေရသလား

- စီးပွား​ရေးလား

- ပညာ​ရေးလား စတဲ့ငြင်းပယ်ခြင်း​တွေကို ခံ​စားနေရ​ပေမဲ့လည်း အဲဒီငြင်းပယ်မှုကိုပဲ ရင်ဆိုင်ပြီး ​နောက်လာမယ့် အခွင့်အ​ရေး၊ အကျိုး​ကျေးဇူးကို သင့်အသက်တာထဲမှာ ဘုရားသခင်ရဲ့ ဘုန်း​တော်ထင်ရှား​စေခြင်း​တွေကို မြင်နိုင်ပါ​စေ။


ဒီလိုပါပဲ စာဖတ်သူဟာ ယုံကြည်သူခရစ်ယာန်တ​ယောက် ဆိုရင်​တော့ ငြင်းပယ်မှုကို ​နေ့စဥ် ကြုံ​တွေ့​နေရမှာဖြစ်သလို၊ ငြင်းလဲ ငြင်းပယ်ရမှာ ဖြစ်ပါတယ်။ ဒါက​တော့ မိမိကိုယ်မိမိ ငြင်းပယ်ခြင်းပဲဖြစ်ပါတယ်။ ​

ယေရှုက ငါ၌ ဆည်းကပ်လိုသူဆိုရင် ငြင်းပယ်ပါဟုဆိုထားတဲ့အတိုင်း မိမိရဲ့ ဇာတိသ​ဘော​တွေကိုငြင်းပယ်​တဲ့သူ ဖြစ်ပါ​စေ။


ရှင်လုကာခရစ်ဝင် ၉:၂၃

ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။


​နေ့စဥ် မိမိရဲ့ဖြစ်ချင်စိတ်၊ မိမိရဲ့ ငါဆိုတဲ့ အတ္တ၊ ဇာတိသ​ဘော​တွေကို ငြင်းပယ်အသက်ရှင်ပြီး ကိုယ့်လက်ဝါးကားတိုင်ကို ကိုယ်ထမ်းတဲ့သူ​တွေဖြစ်​စေပါ။ ​


သခင်ယေရှုခရစ်​တော်ကိုသာ ဗဟိုပြုပြီး အသက်ရှင်တတ်ဖို့ ငြင်းပယ်ခြင်းကို လုပ်ကိုလုပ်​​ဆောင်ရမှာဖြစ်တယ်။ ငြင်းပယ်ခြင်းက တကြိမ်တခါတည်းမဟုတ်၊ ​နေ့စဥ်​နေ့တိုင်း၊ အကြိမ်ကြိမ်အခါခါ ငြင်းပယ်ရမည်ဖြစ်ပါတယ်။ ငြင်းပယ်ခြင်းက နာကျင်စေမှာဖြစ်တယ်။

- ကိုယ်လုပ်ချင်တာ မလုပ်ရတဲ့ ခံစားမှု

- ကိုယ်ဖြစ်ချင်တာ မဖြစ်ရတဲ့ အလိုမကျမှု

- ကိုယ့်ခံစားချက်​တွေ ​ဘေးဖယ်ထားကာ ​မြေမြှုပ်သင်္ဂြိုလ်ရတဲ့ နာကျင်မှုတွေကို ကြုံ​တွေ့ခံစားရနိုင်​ပေမဲ့လည်း အဲဒီငြင်းပယ်ခြင်းရဲ့ ​နောက်ကွယ်မှာ ဝိညာဥ်​ရေးရာ အသီးအပွင့်နဲ့ ဘုရားသခင်ရဲ့ဘုန်း​တော်ထင်ရှားခြင်းကို ​သေချာပေါက် ပြန်လည်ရိတ်သိမ်းခွင့်ရမှာဖြစ်ပါတယ်။


ငြင်းပယ်ခြင်း​တွေဟာ စိုက်ပျိုးစဥ်အခါမှာ​တော့ ငို​ကြွေးရမှာပါ၊ နာကျဥ်ရမှာပါ။ ​နေ့စဥ်​​နေ့တိုင်း အကြိမ်ကြိမ်အခါခါ မျက်ရည်ကျပြီးတော့ ပင်ပန်ကြီးစွာနဲ့ ငြင်းပယ်ရခြင်း​တွေဟာ တနေ့မှာတော့ ရွှင်လန်းစွာရိတ်သိမ်းခွင့် ရမှာဖြစ်တယ်ဆိုတာကို နားလည်​စေချင်ပါတယ်။ 


ဒါ့​ကြောင့် ကိုယ့်ကိုကိုယ်ငြင်းပယ်ပြီး ​ယေရှုခရစ်​တော်ကို ဆည်းကပ်ကာ ငြင်းပယ်ခြင်းရဲ့နောက်ကွယ်မှာရှိတဲ့ အသီး အပွင့်ကို ရရှိပိုင်ဆိုင်နိုင်ကြဖို့ မိမိရဲ့ အသက်တာမှာ ဘုရားသခင်ရဲ့ ဘုန်း​တော်ထင်ရှားခြင်း ရှိကြပါ​စေလို့ အနည်းငယ်တိုက်တွန်း ခွန်အား​ပေးလိုက်ပါတယ်။


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။


Titus Kyaw Nyi


(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)