မိမိအပြစ်အတွက်နောင်တရခြင်းနှင့် ၀န်ချတောင်းပန်ခြင်း

အပိုင်း (၇)

ပြီးခဲ့သည့် အပိုင်း(၆)တွင် အပြစ်အမျိုးအမည်များနှင့် ဓမ္မဟောင်းကာလရှိ ပြစ်မှားသောအပြစ်များကိုအဖြစ် အပျက်နှင့်တကွ လေ့လာခဲ့ကြပြီးသည်သာမက မပြစ်မှားရန်ထာ၀ရဘုရားသခင် ပညတ်သော အပြစ်များစွာတို့ကိုလည်း စုံလင်စွာ ဖတ်ရှုဆင်ခြင်ခဲ့ပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။ ဤအပိုင်းတွင် အပြစ်၏ သဘောသဘာ၀နှင့် ဓမ္မဟောင်းကာလ၏ အပြစ်ဖြေခြင်းတို့ကို စေ့စေ့လေ့လာသွားမည်ဖြစ်သည်။ 


အပြစ်သည် ချုပ်နှောင်ပြီး လူသားများကို ကျွန်အဖြစ် မိမိစိတ်သဘောပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အတင်း အကြပ် မောင်းနှင်အုပ်စိုးစေခိုင်းတတ်သည့် သဘောအပြည့်ရှိသည်။ အပြစ်သည် လူသားတို့ကို ဒုက္ခပေးနေသောရောဂါဖြစ်ပြီး အသက်တာရဲ့ကဏ္ဍအားလုံးကို ထိခိုက်စေတဲ့သေလောက်သောရောဂါဖြစ်ပြီး ဘုရားမှတပါး မည့်သည့်လူသားကမျှ ကုစား၍မရပါ။ ဤရောဂါကို ပထမဆုံးလူသား အာဒံနှင့်ဧဝတို့က ကျွန်ုပ်တို့ထံ လက်ဆင့်ကမ်းပေးခဲ့ကြသည်။ အရိုးရှင်းဆုံးသောဝေါဟာရအားဖြင့် အပြစ်သည် ဘုရားသခင်၏ အလိုတော်နှင့်ဆန့်ကျင်နေသောအရာများ ဖြစ်ကြသည်။ ဆန့်ကျင်ခြင်းသည် စကြဝဠာ၏ အမြင့်ဆုံးသော ဘုရားသခင်လိုချင်သောအရာနှင့် ဆန့်ကျင်နေသည့်အတွေး၊ အပြောနှင့် လုပ်ရပ်များဖြစ်ကြသည်။


ကျမ်းစာက အပြစ်ကို ဖွင့်ဆိုထားသော ကျမ်းပိုဒ်ခြောက်ခုကို ဆက်လက်လေ့လာကြပါမည်။


တချို့နေရာတွင် ကျမ်းစာသည် အပြစ်ကို လူ၏လုပ်ရပ်၌ ပေါ်လွင်ကြောင်း ဖွင့်ဆိုထားသလို အောက်ပါကျမ်းပိုဒ်များကို ဖတ်ရှုဆင်ခြင်သည့်အခါတွင်လည်း အပြစ်၏သွင်ပြင်တခုစီသည် စာတန်နှင့်အာဒံ၏ မူလအပြစ်မှ စတင်ခဲ့သည်ကို သတိပြုမိလိမ့်မည်။


သုတ္တံ ၂၄း၉က အပြစ်ကို မိုက်သောအကြံအစည်ဟုခေါ်သည်။ စာတန်နှင့်အာဒံတို့က သူတို့သည်ဘုရားသခင်နှင့်တူနိုင်သည်ဟု ထင်သောအခါ တကယ်မိုက်မဲခြင်းဖြစ်ပြီး ဤတပ်မက်သောအကြံအစည်သည်အပြစ်ဖြစ်သည်။


၁ယော ၃း၄၌ အပြစ်ကို ပညတ်တော်ကိုလွန်ကျူးခြင်းဟုခေါ်သည်။ လွန်ကျူးခြင်းဆိုသည်မှာ ကျော်ဖြတ်ခြင်း (သို့) တားမြစ်သောနယ်နိမိတ်မျဉ်းကိုဖြတ်ကျော်ခြင်းဟုဆိုလိုသည်။ အာဒံနှင့်ဧ၀တို့သည် တားမြစ်ထားသော အသီးကို စားသောအခါ ဘုရားသခင်သတ်မှတ်ထားသောနယ်နိမိတ်မျဉ်းကို ကျော်နင်းခြင်းဖြစ်သောကြောင့် ဘုရားသခင်၏ ပညတ်တော်ကိုလွန်ကျူးကြသည်။



၁ ယော၅း၁၇ ၌ မတရားသော အမှုအားလုံးသည် အပြစ်ဖြစ်၏ဟုဆိုသည်။ တရားသောအရာ(ဖြောင့်မတ်ခြင်းတရား)၏ ဆန့်ကျင်ဘက်အရာသည် အပြစ်ဖြစ်သည်။ ဘုရားလုပ်စေလိုသောအရာနှင့်ဆန့်ကျင်ဘက် မိမိစိတ်ဆန္ဒဖြင့် လုပ်မိသောအခါ မတရားသောအမှုအရာရောက်ပေသည်။ 


ယာကုပ် ၄း၁၇က အပြစ်ကိုကောင်းသောအကျင့်ကိုမကျင့်ခြင်းဟု ဖော်ပြထားသည်။ ကောင်းသော အကျင့်ကို သိလျက်မကျင့်ဘဲနေသောသူသည် အပြစ်ရှိပါသည်။ အာဒံကိုယ်တိုင်ပင်လျှင် ဘုရားသခင်၏ပညတ်နှင့် နှစ်သက်သောအရာကို သိသော်လည်း ကောင်းသောအရာကို မပြုလုပ်ခြင်း ပြုလုပ်ရန်ပျက်ကွက်ခြင်းသည်လည်း အပြစ်ဖြစ်သည်။ 


ရောမ ၁၄း၂၃က အပြစ်ကို မယုံကြည်ခြင်းဟုဖွင့်ဆိုခဲ့ သည်။ တမန်တော်ရှင်ပေါလုက ယုံကြည်ခြင်းမပါဘဲပြုလုပ်သမျှသည် အပြစ်ဖြစ်သည်ဟု ဆိုသည်။

အာဒံနှင့်ဧဝသည် ဘုရားပြောသောစကားထက် စာတန်ပြောသောစကားကို ယုံကြည်လိုက်သည်နှင့် လူသားတမျိုးနွယ်လုံး အပြစ်ထဲသို့နွံနစ်ခဲ့ကြခြင်းဖြစ်သည်။


သုတ္တံ ၂၁း၄က ကောင်းသောအကျင့်ဖြင့် ဖြောင့်မတ်ရန် ကြိုးစားခြင်းသည် အပြစ်ဖြစ်သည်ဟုဆိုသည်။ ထောင်လွှားသော မျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏ အလင်းသည် အပြစ်ပါသည်။ မည်မျှလူတို့အပေါ် ကောင်းသောအမှုကို ပြုနေစေကာမူ စိတ်နှလုံးထဲ၌ အထူးထူးအပြားပြားသော စိတ်နေစိတ်ထားများကိုဘုရားရှင် သိမြင်ပေသည်။ အတွင်းစိတ်ဝိညာဉ်သည် ထာဝရဘုရားနှင့်မချိတ်ဆက်ထားဘဲ နှလုံးသားကောင်းမွန်သော သူတပါးအပေါ်ကောင်းသော အမှုများကို ပြုနိုင်မည်မဟုတ်ပေ။



အပြစ်၏ အဓိပ္ပယ်ဖွင့်ဆိုချက်များကို လေ့လာပြီးနောက် အပြစ်၏သဘောသဘာဝနှင့် နောက်ဆက်တွဲ ဆိုးကျိုးရလဒ်များကိုလည်း ဆွေးနွေးကြမည်။ 


အပြစ်၏သဘာဝသည် မှောင်မိုက်တန်ခိုးများ စုစည်းခြင်း မိုက်မဲငြင်းဆန်ပုန်ကန်ဖြောင့်မတ်ခြင်းကို မုန်းခြင်းများစုဝေးရာဆီသို့ ခြေလှမ်းလှမ်းခြင်း ဖြစ်သည်။ 

အပြစ်သည် လုပ်ပြီးသည်နှင့် သူ့ဘာသာအဆုံးသတ်ပြီး မပြီးသွားပေ။ 

အပြစ်ကျူးလွန်သောသူ၏ လိုအင်ဆန္ဒစိတ်ကို သာ၍ အပြစ်ပြုချင်အောင် ပြုတတ်အောင် ဆွဲဆန့်ပေးသလိုပင်ဖြစ်သည်။ 

ပထမတခေါက် အပြစ်လုပ်ခြင်းသည် လိုအပ်လျှင် ဒုတိယတခေါက်လည်း လုပ်နိုင်သည်။ 

မိမိကိုယ်တိုင် မလွတ်ရုံးနိုင်သေ ာအခြေအနေအောက်၌ ထိန်းချုပ် လှောင်ပိတ်ကာ ကျွန်အဖြစ် ခိုင်းစေသည်။ 

အပြစ်သည်လှည့်ဖြားခြင်းနှင့်ယှဉ်သော မှောင်မိုက်တန်ခိုးဖြစ်သည်။ 

မျက်နှာဖုံးကဲ့သို့ပင် အပြင်သဏ္ဍာန်၌လှပ၍ အထဲ၌ ကိုက်စားဖျက်ဆီးဝါးမြို အသေသတ်ခြင်းအပြည့်ရှိ၏။ 

အပြစ်သည် လူ့နှလုံးသားကို တဖြည်းဖြည်း သာ၍မာကြော ခက်ထန်စေသောအရာ။ 

အပြစ်လုပ်ဆောင်ချက်တိုင်းသည် လူ့စိတ်ဝိညာဉ် ဓမ္မအာရုံကိုပိတ်ပစ်သည်သာမက ကန်းစေသည်။ 

အပြစ်သည် မပြီးမပြတ်နိုင်သောအရာဖြစ်သည်။ 

လုပ်မိသည်နှင့်သာ၍ကြီးမားသော အပြစ်များကိုလည်း လုပ်ချင်လာအောင် လုပ်ဖြစ်အောင်အခြေအနေဖန်တီးပေးသည်။ 

အပြစ်သည်လူတစ်ဦးမှနောက်တစ်ဦးဆီသို့ အနေနီး၍ ကူးစက်တတ်သော မှောင်မိုက်တန်ခိုးဖြစ်သည်။ 

ထိုအပြစ်သည် ကျူးလွန်သောသူသာမက ကျူးလွန်သူနှင့် သက်ဆိုင်သောသူများပါ မကျန် နေထိုင်သည်သဘာဝပတ်ဝန်းကျင် လေထုမြေထုရေထုကိုပင် အမင်္ဂလာဖြစ်စေသည်။

အပြစ်ကြောင့် ဤလောကထဲသို့ အနာရောဂါ အမင်္ဂလာများ ဆုတ်ယုတ်ခြင်းများ ဆုံးရှုံးခြင်းများ ခန္ဓာအနာရောဂါ စိတ်ဝိညာဉ်ဒဏ်ရာအနာရောဂါများ ခါးသီးမှုများ အထီးကျန်ခြင်းများ မကျန်းမာခြင်းများ ချို့တဲ့ခြင်းများ လူကမ္ဘာ သဘာဝသယံဇာတများယိုယွင်းပျက်ဆီးခြင်း ကြောက်ရွံခြင်းတို့ ဝင်ရောက်နေရာယူအစား ထိုးလာခဲ့သည်။

အသက်ရှင်သောဘုရားကို ပြစ်မှားမိခြင်းဖြစ်စေ လူလူချင်း ပြစ်မှားမိသည်ဖြစ်စေ ပြစ်မှားခြင်းအတိမ်အနက်အလျောက် အပြစ်ရလဒ်နောက်ဆက်တွဲ ကွင်းဆက်များကို အပြစ်လုပ်သည့် မျိုးဆက်ကစ၍ သားစဉ်မြေးဆက် အဆက်ဆက်တိုင်း၌ အရိပ်ကဲ့သို့ တကောက်ကောက်လိုက်ကာ မျိုးဆက်တိုင်း၏ ခန္ဓာ၊စိတ်၊ဝိညာဉ်ကို ကျိန်ခြင်း၌ ဝါးမြိုကာ အပြစ်တရား၏ကျေးကျွန်ဖြစ်စေသည်မှာ ဧကန်မုချမလွဲပေတည်း။


ဆက်ရန်


အစ်စတဲလ်


(ဆောင်းပါးရှင် အစ်စတဲလ်သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည်)