အရည်အချင်း မလိုဘူး”

မြန်မာနိုင်ငံရှိ အချို့သောစီနီယာ အမှုတော်ဆောင်ဆရာများက 

နောက်မျိုးဆက်များကို ဖျက်ဆီးသော စကားတခွန်း

“အရည်အချင်း မလိုဘူး”


နိဒါန်း

စာရေးသူ ဒီစကားကို ကြားတာလည်း ကြာပြီ၊ နားထဲမှာ နားထောင်ရတာလည်း ကန့်လန့်ကန့်လန့် ဖြစ်နေတာလည်း ကြာပြီ၊ ဒါပေမဲ့ ဘာမှမပြောပဲ ကိုယ့်ဘာသာကိုပဲ ဆင်ခြင်နေတယ်။ စာရေးသူ ဒီနေ့တရားဟောချက် တပုဒ် နားထောင်မိတယ်။ နာမည်ပြောလိုက်တာနဲ့ အားလုံးသိတဲ့သူပေါ့။ သူ့ရဲ့ နာမည်တော့ မပြောတော့ပါဘူး။ ဒီစကားကို သူတယောက်တည်း ပြောတာမဟုတ်ဘဲ အခြားသောဆရာအများလည်း ပြောကြပြီးတော့ ဒီစကားက မြန်မာ့ခရစ်ယာန်လောကမှာလည်း ‌တော်တော်လေးကို ပျံ့နေတဲ့စကားတစ်ခွန်းဆိုလည်း မမှားပါဘူး။ 


အသုံးပြုသောကျမ်းနှင့် သူတို့၏အဆိုစကား

သူတို့တွေ အများဆုံးသုံးတဲ့ကျမ်းညွှန်းကတော့ (၁ကော ၁း၂၆-၂၈) ပဲ ဖြစ်ပါတယ်။ ထိုကျမ်းစာရဲ့ ဖော်ပြချက်ကတော့

 

“ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်းအကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိအများမပါ။ မင်းမျိုးမင်းနွယ်ဖြစ်သောသူအများမပါ။ ဘုရားသခင်သည် ပညာရှိသောသူတို့ကို ရှက် ကြောက်စေခြင်းငှါ၊ လောကီအရာ၌မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏” လို့ ဖော်ပြပါရှိပါတယ်။ 


ဤကျမ်းပိုဒ်မှာ ပြောထားတဲ့ ရှင်ပေါလုကပြောတယ်။

"မိတ်ဆွေတို့ ဘုရားသခင်‌ခေါ်တဲ့သူတွေက ပညာရှိတွေမဟုတ်ဘူး။ လောကပညာကို တတ်မြောက်နေတဲ့သူတွေ မဟုတ်ဘူး။ မင်းမျိုးမင်းနွယ်တွေ မဟုတ်ဘူး။ ဘုရင်သားတွေ လူကြီးသားတွေမဟုတ်ဘူး။ ဆင်းရဲနုံခြာတဲ့သူတွေကိုပဲ ဘုရားသခင်က ရွေးကောက်တာ" စသဖြင့်ပြောကြပါတယ်။ ပညာရှိတွေရှက်စေဖို့လို့ ပြောထားတယ်မိတ်ဆွေ။ ဒါကြောင့် အမှုတော်ဆောင်တွေကို ပညာရှိရှေ့မှာ၊ သူဌေးတွေ ရှေ့မှာ၊ လောကလူသားအားလုံးရဲ့အလယ်မှာ အသုံးပြုဖို့ ဘုရားသခင်ကရွေးကောက်ထားတာဖြစ်တယ်လို့ သွန်သင်ကြတယ်။ မဟုတ်ဘူးလားလို့ပြောရင် ရာနှုန်းပြည့်မဟုတ်ဘူးလို့ ငြင်းဖို့ခက်မယ်။ ဟုတ်လားလို့ ပြောပြန်ရင်လည်း အပြည့်အဝမထောက်ခံနိုင်ဘူး။ ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းကတော့ အင်မတန်နည်းတယ်လို့ ဆိုရလိမ့်မယ်။ 


ကျမ်းစာ၏ဆိုလိုရင်း  

ထိုခေတ်အခါက ကောရိန္သုမြို့သားတို့ လူမှုအဆင့်အတန်းအခြေအနေသည် မိမိတို့၏မွေးဖွားသည့်ပုံစံပေါ်တွင်မူတည်လျက်ရှိသည်။ ဥစ္စာပစ္စည်းကြွယ်ဝသောသူများထက် မည်သူသည် မြင့်မြတ်စွာမွေးဖွားလာသနည်း။ မည်သူသည် နိမ့်ကျစွာမွေးဖွားသနည်းဆိုသည့်အပေါ်တွင် မူတည်၍ လူမှုအဆင့်အတန်းကို ခွဲခြားကြသည်။ ဘုရားသခင်၏ ဝိညာဥ်တော်ကို လက်ခံရရှိသူနှင့် ခေါ်တော်မူခြင်းခံရသောသူသည် ချမ်းသာ၊ ဆင်းရဲခြင်း အပေါ်တွင် မမူတည်ပါ။ ယခု ကောရိန္သုအသင်းတော်တွင်မူ ချမ်းသာသူ၊ ဆင်းရဲသူ၊ မြင့်မြတ်စွာဖွားမြင်သောသူများအပေါ်၌လည်း ဘုရားသခင်ရွေးကောက်အသုံးပြုသည်။ ကျွန်တော်တို့ သတိပြုရမည့်အရာသည် တမန်‌တော်ရှင်ပေါလုပြောသည့် ဆိုလိုရင်းကို မလွဲသွားစေဖို့ရန်ဖြစ်သည်။ 


“‌ခေါ်တော်မူ‌သောသူ”ဟု ဆိုရာ၌ ဘုရားသခင်သည် အဆင့်အတန်း မြင့်မားစွာမွေးဖွားလာသူများ၊ ချမ်းသာကြွယ်ဝ‌သောသူများနှင့် တန်ခိုးအာဏာရှိသောသူများ၌ ဘုရားသခင်၏ သတင်းစကားကိုသော်လည်းကောင်း၊အမှုမြတ်တွက်ရွေးချယ်ခန့်ထားဖို့ရန်သော်လည်းကောင်း မခေါ်ခဲ့လျှင် ဘုရားသခင်နှင့် ဘုရားစကားသည် တရားမျှတမှုမရှိရာ ကျသွားပေမည်။ 


(၂၆) ဘုရားသခင်သည် ဧဝံဂေလိတရားဖြင့် ကိုယ်တော်၏လူများကို အထံတော်ပါးသို့ ခေါ်‌ဆောင်စုစည်းပါသည် (ငယ် ၂၆-၂၉)။ ထိုကာလတွင် ကောရိန္သုအသင်းသူအသင်းသားများသည် ယုံကြည်ခြင်းအားကြီးသူများဖြစ်ကြသော်လည်း တစ်ခါကတဘဝကို ပြန်စစ်လျှင် ဉာဏ်ပညာမြင့်မားကြသူများ၊ ဘုန်းတန်ခိုးရှိသူများ၊ ဂုဏ်အသရေရှိသူများ မဟုတ်ကြ။ ထိုသူများသည် ဉာဏ်ပညာ၊ ဘုန်းတန်ခိုး၊ ဂုဏ်အသရေရှိသော်လည်း များများစားစား မရှိကြဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် အင်္ဂလိပ်သူကောင်းမျိုးပြုခြင်းခံရသော အမျိုးသမီးသည် နာမည်ရှေ့တွင် “ဆာ” ဘွဲ့ခံရသည်။ ကောရိန္သုသားများ၏ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းတွင် ထိုကဲ့သို့သောလူမရှိ။ ဧဝံဂေလိတရားကို သိရှိကြသော်လည်း ဒဿနပညာကဲ့သို့ တန်ဖိုးထားအလေးပေးခြင်း၊ အသိအမှတ်ပြုခြင်း မရှိကြ။ လူ့အသိပညာအား စံချိန်စံညွှန်းဖြင့် သတ်မှတ်ကြလျှင် ကမ္ဘာတစ်ဝှမ်းလိုက်လံဟောပြောသော ဧဝံဂေလိတရားကို အဘယ့်ကြောင့် လောကပညာများလောက်တောင် မခံယူနိုင်ကြသနည်း။ သို့ပေသိ ဘုရားသခင်ခေါ်ယူထားသူသည် လူ့ဉာဏ်ပညာဖြင့် အသိအမှတ်ပြုခြင်းထက် ကြီးမြတ်သည်။ 


(၂၇)ဘုရားသခင်သည် လောကပညာရှိများကို အရှက်ရစေရန်စေရန် လောကသားများက မိုက်မဲခြင်းတရားဟု စွပ်စွဲကြသောတရားကို ဉာဏ်ပညာတရားအဖြစ် ရွေးချယ်သည်။ ရှင်ပေါလုသည် ဘုရားသခင်၏သတ်မှတ်ချက်နှင့် တန်ဖိုးထားခြင်းတို့မှာ လောက၏အရာအားဖြင့် သတ်မှတ်တန်ဖိုးထားခြင်းနှင့် မတူကြောင်းကို အဓိကထား၍ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် လောက၏မှားယွင်းသောသတ်မှတ်ချက်နှင့် တန်ဖိုးထားခြင်းများကို ယခုအခါတွင် တရွေ့ရွေ့ပယ်ဖျက်နေခြင်း ဖြစ်ပါသည်။ 


သခင်ယေရှုကို လက်ဝါးကားတိုင်ပေါ်တွင် အသေခံစေခြင်းနှင့် သေခြင်းမှထမြောက်စေခြင်းအားဖြင့် (၁ကော ၁း၁၈,၂၃) လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၍ (၁ကော ၁း၂၆-၂၇)၊ ယခုလက်ရှိကာလတွင် အထွတ်အမြတ်ထားသော အရာအားလုံးကို ရှက်ကြောက်စေခြင်းငှါ ဘုရားသခင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဘုရား သခင်သည် ယခုအချိန်တွင် လူတို့၏အတွေးအခေါ်များ၊ စိတ္တဗေဒသဘောတရားများနှင့် လောကီနည်းစနစ်များကို တစ်ဖြည်းဖြည်းအဆုံးသတ်စေရန် လုပ်ဆောင်လျက်ရှိပါသည်။ 

(Sophia စက်ရုပ်မ - နောက်မှ ကြိုးစားတင်ပေး ပါမယ်။) 


(၂၈) ဤအခန်းငယ်တွင် ပေါလုပြောသည်မှာ ပြောင်းလဲယုံကြည်လာသော တပါးအမျိုးသားများကဲ့သို့သော ယုံကြည်သူများကို ပြောခြင်းဖြစ်သည်။ သူတို့သည် ဂျူးလူမျိုးများ၏မျက်စိအမြင်ထဲတွင် ပေါင်းသင်းဆက်ဆံဖို့ မသင့်သောသူများအဖြစ် သတ်မှတ်ခံရပြီး ခွေးမျှလောက်ပင် အဆင့်မရှိသောသူများဟု သတ်မှတ်ခြင်း ခံထားရသူများဖြစ်သည်။ ထိုကဲ့သို့ သတ်မှတ်ခြင်းခံရသောသူများသည်လည်း ခရစ်ယာန် တစ်‌‌ယောက် ဖြစ်လာသောအခါ ကြဥ်ဖယ်ခြင်းကိူ ခံရသည်။ ထို့ကြောင့် ဘုရားသခင်သည် ဟန်ဆောင်နေသောဂျူးလူမျိုးအားလုံးဆီသို့ အချည်းနှီးသောအရာများသာ ယူဆောင်လာမည်ဖြစ်ပြီး ဂျူးလူမျိုးအဖွဲ့အစည်းတခုလုံးကိုလည်း အမြစ်ဖြတ်ချေမှုန်းကာ ဂျူးလူမျိုးများအား တပါးအမျိုးသား၏ ခြေနင်းအဖြစ်သာ ပို့ဆောင်မည်ဟူ၍ ဆိုလိုခြင်းဖြစ်ပါသည်။ အကြောင်းမှာ ဂျူးလူမျိုးများသည် ထိုအချိန်တွင် မိမိကိုယ်ကို‌ဖြောင့်မတ်သူများ၊ မှန်ကန်လှသောသူများအဖြစ် သတ်မှတ်ကာ ပညာရှိများသယောင်သော်လည်းကောင်း မှတ်ယူနေကြသည်။ ဂရိအတွေးအ‌ခေါ်ပညာရှင်များဟုဆိုရာတွင် ဂျူးလူမျိုးများက နေရာယူထားသောကြောင့် ကောရိန္သုအသင်းသားများတွက် အားငယ်နေစရာဖြစ်သောကြောင့် ပေါလုသည် ထိုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။   ထို့ကြောင့် လူရှေ့သူရှေ့တွင် ထင်‌ပေါ်ကျော်ကြားလိုခြင်းကို ရှုတ်ချကြောင်း နှင့် အမှန် တကယ်ဝိညာဥ် ရေးရာ ရင့်ကျက်သောသူများသည် နှိမ့်ချရကြောင်းကို သွန်သင်ထားသည်။


ထိုကဲ့သို့ဟောပြောခြင်းကြောင့် ရလာ‌သောအကျိုးရလဒ်များ 

၁။ ထိုကဲ့သို့သော ဟောပြောခြင်းများကိုကြားတဲ့ အချို့သောလူငယ်တွေက အခြေခံအတန်းပညာကိုတောင် ပြီးအောင်တက်ခွင့်ရှိနေပါလျက်နဲ့ မတက်ကြတော့ဘူး (ပညာရေးစနစ်အားနည်းသောကြောင့် (သို့) ကျောင်းတက်ဖို့ အခက်အခဲရှိနေသာသူများဆိုမဆို)။ 


၂။ အချို့သောသူများကလည်း အရည်အချင်းမလိုဟုဆိုကာ ကျမ်းစာကျောင်းများကို အထင်အမြင်သေးပြီး မတက်ကြတော့ပဲ ငါတို့ဘုရားစကားကို ပြောဖို့ကျမ်းစာအုပ်ရှိရင်ရပြီဟူသော အမြင်များဖြစ်လာခြင်း။ ကျမ်းစာကျောင်းများကို အထင်အမြင်သေးပြီး ပြောဆိုရှုတ်ချတဲ့ဆရာတွေကို ကျွန်တော်ကလည်း ပြင်းပြင်း ထန်ထန်ရှုတ်ချပါတယ်။ 


၃။ လပိုင်းသင်တန်း၊ ရက်တိုသင်တန်းများကို အကြိမ်ကြိမ်အဖန်အဖန်တက်ကာ ကျမ်းစာ၏ ဆိုလိုရင်းများကို လေးနက်စွာနားမလည်ပဲ လိုရာဆွဲပြော အမှုတော်ဆောင်များထွက်ပေါ်လာခြင်း။ 


၄။ အခြားသော အချက်များရှိရင် ထပ်မံဖြည့်စွက်ပေးပါ။ 

စာရေးသူ၏ ကိုယ်ပိုင်သုံးသပ်ချက်အမြင်

ကျွန်တော် ကျွန်မတို့  ဘုရားသခင်အမှုတော်ထမ်းဆောင်ဖို့ရန်အတွက် “အရည်အချင်း ရှိဖို့မလို” ဟူသော စကားစုအား ပြောဆိုသုံးနှုန်းခြင်းကို ကန့်ကွက်ပါတယ်။  စာရေးသူအမြင်မှာကတော့ ရိုးရှင်းတယ်။ 


“ဘုရားသခင်ရဲ့ အမှုတော်ဆောင်နိုင်ဖို့ ပြောရဲ၊ ဆိုရဲဖို့ သတ္တိပဲလိုတယ် ဘာအရည်အချင်းမှ ရှိစရာမလိုဘူး၊ လောကီပညာဆိုတာ ဘာမှမဟုတ်ဘူး။ ဘုရားရဲ့ပညာလောက်မမြင့်မြတ်ဘူး” စသဖြင့် ပြောကြဟောကြပါတယ်။

 

အရည်အချင်းလိုအပ်ကြောင်း စာရေးသူ၏အမြင်

အခြေခံအကျဆုံးသော အရည်အချင်းကို ပြောရမည်ဆိုပါက ဘုရားသခင်စကားကိုပြောဖို့ ဘုရားစကားကို နားလည်နိုင်တဲ့ အရည်အချင်းလိုအပ်ပါတယ်။ ဘုရားသခင်ရဲ့စကားကိုနားထောင်တတ်ပြီး ဘုရားစကားကို နားမလည်နိုင်တဲ့အရည်အချင်းမရှိသူများက ဘုရားစကားကိုပြောနေရင်တော့ ဘုရားပြောစကားမဟုတ်ပဲ စာတန် ကပြောနေတဲ့ ဘုရားစကားလို့ သတ်မှတ်ရမှာပါပဲ။ ဘုရားသခင်ရဲ့စကားကို စာတန်လည်းယူသုံးကြောင်းကို ယေရှု ခရစ်တော် စုံစမ်းခံရခြင်းမှာကြည့်ပါ။ နောက် အမှုတော်ဆောင်ဆိုတာ သာမန်လူထက်အရည်အချင်းပိုလိုအပ်ပါ တယ်။ 

၄င်းတို့မှာ - 

 နိုင်ငံရေးအသိအမြင် 

 ဘာသာစကား တတ်ကျွမ်းမှု 

 စာပေတတ်သိနားလည်မှု

 ဂီတအသိအမြင်

 ကျန်းမာရေးစောင့်ရှောက်မှု 

 သူတစ်ပါးကိုအားပေးတတ်မှု 

 စီးပွားရေးအသိအမြင် 

 ဥပ‌ဒေအသိအမြင်

 လူမှုဆက်ဆံရေးကောင်းမွန်မှု

 ဆောက်လုပ်ရေးအသိအမြင်

 ပထဝီဝင် အနေအထားနားလည်မှု အ

 ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှု 

(လင်မယားချင်း မခေါ်နိုင်မပြောနိုင် စကားများရင် ဖျန်ဖြေပေးရတာ အမှုတော်ဆောင်တွေပါ) 


 နည်းပညာတတ်ကျွမ်းမှု (ခုချိန်မှာ ပိုသိသာလာပါတယ် - zoom app နဲ့တရားဟောရတာတွေ၊ power point အသုံးပြုမှု) စတာတွေလိုအပ်ပါတယ်။ 


 ဒီထဲကအရာတွေ နှစ်ခု (သို့) သုံးခုလောက်မှ မရှိရင် ယုံကြည်သူတွေက ဆရာတွေကို အရမ်း အထင်သေးတဲ့အမြင်နဲ့ ကြည့်ကြတယ်။ နောက်ကွယ်မှာ ဆရာတွေကို အတင်းတုတ်ကြတယ်။ တကယ်မလွယ်တဲ့ ယုံကြည်သူတွေပါ။ သမ္မာတရားကိုဟောပြောတဲ့ အမှုတော်ဆောင်ဆိုတာ နယ်ပယ်အသီးသီးကလာတဲ့သူတွေကို ဟောပြောရတာပါ။ ဒီလိုအသိအမြင်တွေကို ဥပမာပြုအသုံးချပြီး ကြားနာသူပရိတ်သတ်နားလည်စေဖို့ ဟောပြောရတာ ဖြစ်တယ်။ ကြားနာသူပရိတ်သတ်များက မိမိတို့တတ်သိနားလည်တဲ့ နယ်ပယ်ကအကြောင်းနဲ့ ဟောပြောရင် နားလည်လွယ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။  ဒီလိုအရည်အချင်းအားလုံးကတော့ အမှုတော်‌ဆောင်တိုင်းမှာ ရှိမှာမဟုတ်ပါဘူး။ အနည်းဆုံးတော့ သုံးခု၊ လေးခုတော့ရှိမှာပါ။ သူ့ရဲ့စိတ်ပါဝင်စားမှုနဲ့ ဆက်ကပ်မှု အပေါ်မှာမူတည်ပြီး အရည် အချင်းကွဲပြားသွားနိုင်ပါတယ်။ 


ဆိုတော့ ကျမ်းစာမှာ ပြန်ကြည့်ရင်ကော ဘုရားသခင်အသုံးပြုခဲ့တဲ့သူတွေက အရည်အချင်းမရှိသူတွေလား။

ဘုရားသခင်အသုံးပြုခဲ့တဲ့သူအားလုံးက နလပိန်တုံးတွေချည်းပဲလား။ 

(ဥပမာ - ယောသပ်၊ မောရှေ၊ ဒါဝိဒ်၊ ရှောလမုန်) တို့ကရော အရည်အချင်းမရှိတဲ့သူတွေလား။ 

ယေရှုတပည့်တွေမှာလည်း အရည်အချင်းမရှိသူ တွေချည်းပဲလား။ 

ပေါလုရေးထားတဲ့ ကျမ်းစကားကို သေချာဖတ်ပြီး ပြောပါ။ 

လောကီပညာရှိ အများမပါလို့ပဲ ပြောထားတာပါ။ ပြီးတော့ “အရည်အချင်းတွေ မလိုဘူးလို့ ဟောပြောနေတာတွေကို ရပ်တန့်ပေးကြပါ။ 

တောင်းဆိုပါရစေ။ 


စာရေးသူကတော့ ဒီလိုပဲသင်ပေးတယ်။ 

“ညီလေး၊ ညီမလေး မင်းတို့အမှုတော်ဆောင်လုပ်ချင်ရင် ဆယ်တန်းအောင်အောင် ဖြေသင့် တယ်။ ဘွဲ့ရလည်းဖြစ်သင့်တယ်။ မင်းတို့ ဘုရားသခင်ရဲ့အမှုတော်မြတ်မှာ ပါဝင်ချင်တယ်ဆိုရင် မင်းတို့ ဒီလို သေချာပြင်ဆင်ရမယ်လို့" သင်ပေးတယ်။


"မင်းတို့ ဘုရားသခင်ကို ဖြစ်သလိုပဲဆက်ကပ်ချင်တာလား။ ကောင်းကောင်းမွန်မွန် ဆက်ကပ်တာမျိုး ဖြစ်သင့်တာ မဟုတ်လား။ မင်းတို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို သိနားလည်တယ်ဆိုရင် ဒီလို စိတ်မျိုးထားရမယ် မဟုတ်လား" စသဖြင့် စာရေးသူက ရောက်ရာပတ်ဝန်းကျင်က လူငယ်မောင်မယ်များကို အခါအခွင့်သင့်သလို ပြောပြပေးတယ်။ ဘုရားသခင်ဆီက အကောင်းဆုံးအရာကိုတော့ ရယူထားကြပြီး ဘုရားသခင်နိုင်ငံတော် တွက်ပြန်လည်ပါဝင်ဖို့ကျတော့ ဖြစ်သလိုပုံစံမျိုးနဲ့ပဲလားလို့ မေးခွန်းထုတ်ချင်ပါတယ်။ 

စာရေးသူ အကြံပြုချင်ပါတယ်။ မိမိသားသမီးကို အမှုဆောင်ဖြစ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ မိဘများ သားသမီးကိုလည်း အမှုတော်မြတ်မှာပါဝင်ဖို့ ပညာရေးကို ကြိုးစားခိုင်းပါ။ အသက်တာကို သန့်သန့်ရှင်းရှင်းနဲ့ ဆက်ကပ် တတ်ဖို့သင်ပေးပါ။ ခုလက်ရှိ လူငယ်အမှုဆောင်များကိုလည်း အကြံပြုချင်ပါတယ်။ ကိုယ့်အသင်းတော်မှာ ဒါမျိုး တွေ မဟောမိစေဖို့ သတိပြုပါ။ ကိုယ်ကိုယ်တိုင်လည်း တတ်စွမ်းသမျှ ကြိုးစားကြပါ။ စာရေးသူ ကိုယ်တိုင်လည်း ဘုရားအစွမ်းပေးသလောက် လုပ်နေပါတယ်။ ခုခေတ်မှာ နည်းပညာပိုင်းနဲ့ ပက်သက်တဲ့အမှုတော်ဆောင်များနဲ့ အတူ ပါဝင်ဆက်ကပ်မဲ့ ယုံကြည်သူလူငယ်တွေ အများကြီးမြန်မာနိုင်ငံမှာ လိုအပ်နေသေးတယ်။ မိစ္ဆာတွေကတော့ အားကောင်း နေကြတယ်။ တကယ့်သမ္မာတရားကို စစ်ကိုဖော်ထုတ်နေကြတဲ့ဆရာတွေမှာ နည်းပညာပိုင်း အကူအညီပေးမယ့် ယုံကြည်သူတွေနည်းနေကြသေးတယ်။ ဒါကြောင့် ယုံကြည်သူများ မိမိတို့တတ်ကျွမ်းတဲ့ပညာ နဲ့ နိုင်ငံတော်တွက် ပါဝင်နိုင်ဖို့ ကြိုးစားပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ အရည်အချင်းမရှိဟု ဟောပြောသူများ မိမိတို့ရဲ့ထိုကဲ့သို့ ဟောပြောခြင်းကို ရပ်တန့်ပေးပါ။ နောက်လူငယ်မျိုးဆက်အမှု‌တော်ဆောင်များကို ထိုစကားမျိုး ဖြင့် မဖျက်ဆီး ကြပါနဲ့။ ကိုယ်ကမကြိုးစားချင်ရင်လည်း သူများကိုကြိုးစားမှုကို ရပ်တန့်သွားစေမယ့် စကားမျိုး မပြောကြပါနဲ့လို့ တောင်းဆိုရင် နိဂုံးချုပ်လိုက်ရပါတယ်။


ဘုရားသခင်ပြောတဲ့ မိုက်သောသူဆိုတာက ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းကိုသော်လည်းကောင်း ၊ ယေရှုခရစ်တော်၏ ကားတိုင်၌အသေခံပေးဆပ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိကာ ဘုရားသခင်ထံသို့ရောက်သည်ဟူသော အကြောင်းအရာကို သံသယမရှိယုံကြည်သူများကို ဆိုခြင်းဖြစ်သည်။


ပညာရှိသောသူများဆိုတာက မိုက်သောသူရဲ့ ဆန့်ကျင့်ဘက်ဖြစ်တယ်။ မိုက်သောသူကို ပညာရှိများ အရှက်ရအောင်လုပ်မည်က ဘာလဲဆိုတာကို လက်တွေ့ဘဝမှာ မြင်နိုင်ပါစေ။ 

 


ကိုးကား 

- မြန်မာသမ္မာကျမ်းစာ (ယုဒဿန်)

- ယုံကြည်သူသမ္မာကျမ်း အနက်ဖွင့်

- ပြည့်ဝသော အသက်တာ

(လေ့လာရန်အထောက်အကူပြု သမ္မာကျမ်းစာ)

- IVP background commentary (New Testament)

- Adam Clarke’s Commentary


ဖေတာခင်မြင့်


(ဆောင်းပါးရှင် ဖေတာခင်မြင့်သည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် Theologian ပညာရပ်အား လေ့လာဆည်းပူးနေသူ တယောက်လည်း ဖြစ်သည်)