ထိုဆရာများကို တွန်းလှန်ပါ



ကျွန်​တော်သည် ​ကော်ဖီကြိုက်နှစ်သက်သူတဦးဖြစ်ပြီး ဘလက်​ကော်ဖီကို အင်မတန်ကြိုက်သည်။ သကြားမထည့်ထား​သော ​ကော်ဖီတခွက်ကိုသောက်ရင်း ဆင်ခြင်မိသည်။ Coffeeလား Teaလားဟုဆိုရာတွင် မိမိတို့ကြိုက်နှစ်သက်ရာကို ​သောက်သုံးတတ်ကြမှာဖြစ်ကြပါတယ်။ Coffeeကြိုက်သူက Coffee၊ Teaဆိုသူက Tea ​ပေါ့။ ​ကယ်ဆမ်​ကွေကာ ကြေညာ​လေးတခုကို မြင်​ယောင်မိသည်။ ကယ်ဆမ်​ကွေကာကို ကိုယ့်အ​တွေးနဲ့ကိုယ်​သောက်သုံးကြပါတယ်တဲ့​လေ။ ​သောက်လို့ရပါတယ်။ သို့​သော် ​ယေရှုခရစ်​တော်ကို​တော့ ကိုယ့်အ​တွေးနဲ့ကိုယ် ပိုင်းခြားခွဲခြား ယုံကြည်လို့မရဘူးဖြစ်တယ်။


ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၇

လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။


​ယေရှုခရစ်​တော်သည် လူ့ဇာတိအပြည့်အဝရှိသလို ဘုရားဇာတိအပြည့်အဝရှိပါတယ်။ ပ​ရောဖက်ပြုချက်​ပေါင်းများစွာဟာ ခရစ်​တော်မ​ပေါ်မှီကတည်းက ရှိခဲ့သလို၊ ပြည့်လဲ ပြည့်စုံခဲ့တယ်။ ကျမ်းစာမှာ အပြည့်အဝ ​ဖော်ပြထားတယ်ဆိုတာကို ကျမ်းစာကိုဖတ်​သောသူသည် နားလည်ပါ​စေ။ ကယ်ဆမ်​ကွေကာကို ​သောက်သုံး​နေခြင်းမဟုတ်​သော​ကြောင့် ကိုယ့်အ​တွေးနဲ့ကိုယ် ​ယေရှုကို ကိုင်လို့ရလို့၊ စကား​ပြောလို့ရလို့၊ ​ရောမစစ်သား​တွေဖမ်းနိုင်လို့၊ နှိပ်စက်နိုင်လို့၊ ​ယေရှုက နာကျဥ်လို့၊ ငို​ကြွေးလို့၊ ဆာ​လောင်လို့၊ ​သွေးထွက်လို့ စသဖြင့်​ကြောင့်ဟုဆိုကာ လူဖြစ်တယ် ဘုရားမဟုတ်ဘူးလို့ ဆို​နေသူ၊ သွန်သင်​နေသူဟာ သမ္မာတရားကို မသိသူ၊ ကျမ်းစာနားမလည်သူ၊ အယူလွဲမှား​သော မိစ္ဆာဆရာသမားသာဖြစ်ပါတယ်။


​ယေရှု၏ နာကျင်ခြင်းခံရမည်၊ သိုးသငယ်အလား စသဖြင့် ပ​ရောဖက်ပြုချက်​တွေရှိထားပြီးသားဖြစ်ပါတယ်။ ဒါကို နားလည်​စေချင်ပါတယ်။ ထိုသို့​သော အယူလွဲ မိစ္ဆာအယူဩဝါဒများမှာ ဟိုးအရင်ကတည်းကတည်ရှိခဲ့ကြပါတယ်။ ထိုအထဲမှ တခုကို ​ဖော်ပြ​ပေးလိုက်ပါတယ်။


အာရိယပ်စ်ဝါဒ (Arianism)

စီအီး ၄၀၀ ​လောက်တွင် ​ရေပန်းစားလာခဲ့​သော ဝါဒဖြစ်ပြီး၊ သခင်​ယေရှု၏ ဘုရားဇာတိကိုငြင်းပယ်ပါတယ်။ ထိုအယူဝါဒကို အလက်ဇန္ဒြိယာမြို့မှ သင်းအုပ်ဆရာ အာရိယပ်စ် (Arius) စီအီး ၂၅၀-၃၃၆ ကစတင်ပြီး သူက သခင်​ယေရှုသည် ဘုရားလည်းမဟုတ် လူလည်းမဟုတ်၊ လူနှင့်ဘုရားကြားတွင် ဆက်သွယ်​ပေးသူအဖြစ် ဖန်ဆင်းထား​သော ပုဂ္ဂိုလ်တပါးသာဖြစ်​ကြောင်း သင်ကြားခဲ့သည်။ သူ၏ သွန်သင်ချက်တွင် ခရစ်​​တော်သည် လူထက်မြင့်ပြီး ဘုရားထက်နိမ့်သည်ဟု ယုံကြည်သည်။ ဘုရားဇာတိနှင့်လူ့ဇာတိ ​ပေါင်းစပ်​ရော​နှောခြင်းမရှိ၊ သခင်ခရစ်​တော်၏ လူ့ဇာတိခံယူခြင်းမှာ ​ခေတ္တခဏသာ ဖြစ်သည်ဟု သွန်သင်သည်။ သူတို့သည် (ဖိ ၂း၆, ဗျာ ၁း၈) တွင် ​ဖော်ပြထား​သော အရာများနှင့် ဆန့်ကျင်ပါတယ်။


အ​သ​နေးစီးယပ်စ် (Athanasius) စီအီး ၂၉၆-၃၇၃ က ထိုအယူအဆကို ဆန့်ကျင်ခဲ့သည်။ ခရစ်​တော်သည် ရာနှုန်းပြည့် လူ့ဇာတိခံယူသကဲ့သို့ ဘုရားဇာတိလည်း ရှိသည်ဟူ​သော စစ်မှန်သည့် ယုံကြည်မှုကို ခံယူသည်။ ထို့ပြင် နိစိန်​​ကောင်စီ (Council of Nicea) စီအီး၃၂၅တွင် ထိုအယူဝါဒကို ငြင်းပယ်ခဲ့ကြသည်။ ​နောင်တွင် ထိုလွဲမှား​သော အယူဝါဒများကို လူတို့မလိုက်သွားရ​လေ​အောင်၊ နိစိန်ယုံကြည်ချက် (Nicence Creed)ကို ​ကြေညာခဲ့ကြသည်။ ခရစ်​တော်၏ ရာနှုန်းပြည့် ဘုရားဇာတိနှင့်လူ့ဇာတိတို့ကို ကာကွယ်​သော ယုံကြည်ချက်တို့ကို ​ခေတ်အဆက်ဆက်မှ ယ​နေ့အထိ လက်ခံကျင့်သုံးခဲ့ကြသည်။


ထိုအယူလွဲ​တွေသည် ယ​နေ့တိုင်ရှိ​နေ​သေးသည်။ မိမိသည် ထိုယုံကြည်ချက်၊ ကျမ်းစာအ​ခြေခံ၊ သမ္မာတရားနားလည်မှုသာ မရှိထားရင် ထိုသူတို့၏အယူ၌ လုံးလည်ချာလည်လိုက်ကာ အယူလွဲနိုင်သည်။ သူတို့သည် ​ယေရှုကလူဖြစ်တယ် ဘုရားဆို မနာဘူး၊ ဘုရားဖြစ်ပြီးနာရင် ညာတာ၊ ဘုရားမ​ပြောနဲ့ ​သေတ္တာ​တော်ကို ကိုင်မိတာ​တောင် ​သေတယ်​တွေ့လား ​ယေရှုက ကားတိုင်မှာ​ထားခံရတယ် ဘုရားဆိုတာညာတာ စသဖြင့် တ​ဖြည်း​​ဖြည်း ဦး​နှောက်​ဆေးတတ်တယ် (Brain Wash)။ နာတတ်တယ် ငိုတတ်တယ်။ ဒါ့​ကြောင့် ကားတိုင်​ပေါ်က​ယေရှုက လူ၊ ​ရှင်ပြန်ထ​​မြောက်မှ ဘုရားဖြစ်တယ်၊ ဒါ့​ကြောင့် ထ​မြောက်မှ ​ယေရှုခရစ်​​တော်ဖြစ်တယ် စသဖြင့် ​ပေါက်ပန်း​လေးဆယ် ဩဝါဒ​တွေကို သွန်သင်တတ်ကြပါတယ်။ ဒီအရာ​တွေက အရမ်းနက်နဲတယ်၊ နက်နဲလွန်းလို့ ကျမ်းစာ​ကျောင်းမှာ​တောင် မသင်ဘူး၊ ဒီလိုမျိုး ကယ်တင်ခြင်းသင်တန်းမှာမှ သင်​ပေးတာ၊ ကိုယ်​​တောင် ဆယ်ခါ​လောက်ပြန်တက်မှ နားလည်တာ စသဖြင့်​တွေနဲ့​ပြောတတ်တယ်။


ကျွန်​​တော် တခု​ပြောချင်ပါတယ်။ သမ္မာတရားနှင့်ညီ​သော ကျမ်းစာ​ကျောင်းသည် ထိုသို့ ဘယ်​သောအခါမှ မသွန်သင်​ပေးဘူးဖြစ်တယ်။ ထိုအယူလွဲသင်တန်းမှာသာ သင်တာဖြစ်ပြီး​​တော့ ထိုအယူကို သမ္မာတရားမသိသူ​တွေသာ လက်ခံတာဖြစ်ပါတယ်။ နှ​မြောစရာ​ကောင်းတာက​တော့ ထိုအယူလွဲဆရာ၏ သင်တန်း​ပေးခြင်းကို လက်ခံ​သော အသင်း​​တော်နှင့် သင်းအုပ်တို့၏ အသင်းသားများပင်ဖြစ်ပါတယ်။ ထိုအယူလွဲများသည် နယ်၊ ဘိန်းဖျက်စခန်း၊ ပြုပြင်​ရေးစခန်း၊ ​တောရွာ၊ စသဖြင့် နုနယ်သူများအား အရမ်း ဦး​နှောက်​ဆေးတတ်ကြပါတယ်။


ဒါ့​ကြောင့် False Teachers များကို လက်မခံကြဖို့နှင့် ထို​နေရာမှာပါဝင်မိလျှင် ထွက်ကြဖို့၊ ထိုသူလာသွန်သင်လျှင် လက်မခံဖိုရာ ပြတ်သားစွာ ငြင်းဆိုတတ်ပါ​စေ။ မိမိသင်းအုပ်ဆရာ/မ မှာ ထိုအယူတွင် ပါဝင်လက်ခံ​နေလျှင် ထားခဲ့လိုက်ပါဟု​ပြောပါရ​စေ။ အလင်းနှင့်အ​မှောင် အတူမ​နေဘူးဖြစ်တယ်၊ ဒါ့​ကြောင့် သမ္မာတရား၌ ပြတ်သားစွာ ရပ်တည်ကြပါစို့။ ခရစ်ယာန်များ သမ္မာတရားကိုသိပြီး စစ်မှန်​သော ကယ်တင်ခြင်းရ​သော သူများဖြစ်ကြပါ​စေဟု ပိုင်းခြားနားလည်တတ်​စေရန် အနည်းငယ် ​ဝေမျှခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။


Ref: Systematic Theology


Titus Kyaw Nyi


(ဆောင်းပါးရှင် Titus Kyaw Nyiသည် ဓမ္မရေးရာစာစု မြောက်များစွာ ရေးသားနေသူ ဖြစ်သည့်အပြင် COVID-19ကပ်ဘေးအတွင်း "ဘုရားသခင် သုတ်ပေးသောမျက်ရည်" စာအုပ်တအုပ် ရေးသားထုတ်ဝေထားသည့် လူငယ် စာရေးဆရာတဦးလည်း ဖြစ်သည်)