၁။ မေတ္တာအရင်းခံ ၀န်ဆောင်မှုပေးနေရသော ဘဝဖြစ်သည်။
ကိုယ်ကျိုးမကြည့်ဘဲ ဘုရားနှင့် လူသားတို့အား ၀န်ဆောင်မှု ပေးရသည်။ ၀န်ဆောင်မှုပေးရာတွင် မိမိအား နားလည်မှုလွဲခံရမှုများ၊ အပြစ်တင်ခံရမှုများ ရှိမည်ဖြစ်သည်။ အသင်းတော်သည် ချစ်စရာကောင်းသူများချည်းဖြင့် စုဖွဲ့တည်ဆောက်ထားသည်မဟုတ်ပါ။ အပြစ်မြင် ရန်ရှာတတ်သူများ ပါ၀င်နေတတ်ပါသည်။ ထို့ကြောင့် သူတို့အား ၀န်ဆောင်မှုပေးရသော အလုပ်သည် အမြဲတမ်းလွယ်ကူချောမွေ့နေမည် မဟုတ်ပါ။ သခင်ယေရှု ပိုင်ဆိုင်သော သိုးတို့ကို ၀န်ဆောင်မှုပေးရသော အမှုတော်ဆောင်တို့အတွက် မဟာစေ့ဆော်တွန်းအား သည် သခင့်ကိုချစ်ခြင်းကြောင့် ဖြစ်သင့်ကြောင်း သခင်ယေရှုနှင့် ရှင်ယောဟန်တို့ အပြန်အလှန်ပြောဆိုချက်များက သင်ကြားပေးနေပါသည်။
(ရှင်ယောဟန် ၂၁)။ သခင်ကိုချစ်သောစိတ်မေတ္တာအရင်းခံဖြင့် ၀န်ဆောင်မှုပေးရသော ဘဝဖြစ်သည်။
ကျွန်တော်သိသော အမှုတော်ဆောင်ကောင်းတို့သည် ကျမ်းစာကျောင်းတည်ထောင်ကြသည်။ အသင်းတော်များအတွက် လိုအပ်သော အမှုတော်ဆောင်များ မွေးထုတ်ခြင်းလုပ်ငန်း လုပ်နေပါသည်။ သို့သော် ထိုလုပ်ငန်းအားဖြင့် စီးပွားရေးအကျိုးအမြတ်ဖန်တီးခြင်းမျိုး မရှိပါ။ ကလေးသာသနာလုပ်ငန်း လုပ်ကြသည်။ သို့သော် သုံးခွင့်ရသည့် အတိုင်းအတာကိုပင် လျှော့ယူလျက် ရောင့်ရဲကြသည်။ ဘေးဘီကသာမက၊ အလှူရှင်သိ သိလျှင်ပင် အလွန်လေးစားရသော အမှုတော်ဆောင်များ ရှိနေသည်။ အသင်းတော်အသစ်များ ထူထောင်သည်။ သို့သော် အသင်းတော်များအားဖြင့် အမှုတော်ဆောင်များအဖို့ အကျိုးစီးပွားရရန် မရည်ရွယ်ပါ။ အကျိုးစီးပွားနှင့် ဆန့်ကျင်စွာဖြင့် ကျမ်းစာသင်ကျောင်းထူထောင်ထားသဖြင့် ကိုယ်သုံးရမယ့်ငွေကို ကျောင်းသားလူငယ်များအား ပေးကျွေးနေရပါသည်။ ကိုယ်စားမယ့် ထမင်း၊ ဟင်းကိုပင် ပေးကျွေးကြသည်။ အသင်းတော်ကိစ္စမှာလည်း အသင်းသား များလာလေလေ၊ ပေးကမ်းစွန့်ကြဲရလေလေ သဘောရှိပါသည်။ တနည်းအားဖြင့် အလွန်ပင်ပန်း စွာသော လူမှုရေး၊ ဝိညာဉ်ရေးဆိုင်ရာ ၀န်ထုပ်၀န်ပိုးများ ထမ်းထားရင်း၊ ကိုယ်ကျိုးစွန့်၀န်ဆောင်မှုပေးခြင်း သက်သက်ဖြစ်နေပါသည်။ ရွေးနှုတ်ကယ်တင်ခြင်းခံရသဖြင့် သခင်ကို ကျေးဇူးတင်သောစိတ်၊ ချစ်သောစိတ် တစ်ခုတည်းကို အခြေပြုလျက် … ၀န်ဆောင်မှုပေးနေရသော ဘဝဖြစ်သည်။
(အမှုတော်ဆောင်ကောင်းဟု သုံးနှုန်းထားသည်ကို သတိပြုပါ။ ရှင်ပေါလုခေတ်မှာ ၀မ်းရေးအတွက် အမှုတော်ဆောင်သူများ ရှိသည်ဟု ဖော်ပြသည့်အတိုင်း ကနေ့ စီးပွားရေးအကျိုးအမြတ်၊ လူမှုရေး၀င်ဆံ့မှု၊ နိုင်ငံရေးလှည့်ကွက်၊ အမျိုးသားရေး စသည့် အရင်းခံများကြောင့် အမှုတော်လုပ်ငန်းကို ခုတုံးလုပ် ပါ၀င်နေသူလည်း ရှိနိုင်ပါသည် - စကားချပ်)
၂။ အံ့ဖွယ်ထူးခြားလမ်းပြပံ့ပိုးမှုကို ကိုယ်တွေ့ကြုံရသော ဘဝ ဖြစ်သည်။
အမှုတော်ဆောင်ဘ၀သည် ဘုရား၏လမ်းပြမှုကို ခံစားတွေ့ကြုံရသော ဘဝဖြစ်သည်။ အမှုတော်လုပ်ငန်းများ သည် လတ်တလော ဖြစ်နိုင်ချေ မတွေ့ရပေမယ့် ဘုရား၏အကြံအစည်တော်ဖြစ်လျှင် ပေါက်မြောက်သွားတတ်ပါသည်။ အမြဲတမ်းလိုလို ကျွန်တော် တွေ့ကြုံရတဲ့ကိစ္စတခုကတော့ စိတ်ထဲမှာ ပေါ်လာတဲ့အကြောင်းအချင်းအရာနဲ့ သက်ဆိုင်တဲ့ တရားဟောချက်များ ပြင်ဆင်ထားလျှင် ထိုတရားဟောချက်များ အသုံးချရန် အခင်းအကျင်းမျိုး ကြုံရတတ်သည်။ သင်တန်း၊ လေ့ကျင့်မှု တခုခုလုပ်မိလျှင်လည်း ပြန်လည်အသုံးချရတတ်သည်။ အမှုတော်လုပ်ငန်းရှိလျှင် ပံ့ပိုးမှုက အလိုလိုလိုက်ပါလာတတ်သည်ကိုလည်း ကြုံရပါသည်။ ပြီးခဲ့သည့်လက အသင်းတော်ရေးရာနှင့်ပတ်သက်၍ နယ်ဝေးသို့ အစည်းအဝေး တက်ရောက်ဖို့ အရေးကြုံလာပါသည်။ တုန့်ဆုတ်စရာအကြောင်းမရှိပေမယ့် လမ်းစရိတ်က မတတ်နိုင်။ ကြောင့်ကြစရာ ဖြစ်လာပါသည်။ သို့သော် သွားရေးရှိက သွားဖို့ဆုံးဖြတ်လိုက်ပြီး မိတ်ဆွေတဦးအား ကားလက်မှတ်ကို အကြွေးဖြင့် ဖြတ်ခိုင်းထားလိုက်တော့သည်။ သွားဖို့နှစ်ရက်အလိုမှာ အသင်းတော်တခုက ကျွန်တော့်အစည်းအဝေးခရီးစဉ်အတွက် ၅ သောင်းကျပ်ပေးလာပါသည်။ ကြိုတင်မျှော်လင့်ထားသည့်အရာ မဟုတ်ပါ။ နောက်ထပ်တရက်အလိုမှာတော့ အမေရိကားက ကျွန်တော့်မိတ်ဆွေက သူ့မိဘတွေဆီ ပစ္စည်းလေးတွေပေးပို့ပေးဖို့ ကျွန်တော့်ခရီးစရိတ် တကြောင်းစာကို ပေးလိုက်ပါသည်။ သည်တော့ ခရီးမထွက်မီ ၁၂ နာရီအလိုမှာပင် ရန်ကုန် - မြစ်ကြီးနားအတွက် အသွားအပြန် ခရီးစရိတ် ဖူလုံသွားလေပြီ။ မြစ်ကြီးနားမှာနေစဉ်ကာလ ဘာတွေများသုံးဖို့လိုလာမလဲ စိတ်ထဲကတော့ ထင့်နေပေမယ့်၊ ကြိုတင်မမျှော်မှန်းထားပါပဲ။ လေးစားရပါသော လူကြီးမိသားစုတစုကငွေ(၁)သိန်းပေးလာပြန်ပါသည်။
ဘုရားသခင်က အလုပ်ရှိလျှင် ပြီးမြောက်စေရန် လိုတဲ့ နေရာမှာ လိုသလိုပံ့ပိုးနေကြောင်း ကိုယ်တွေ့ဖြစ်ရသည်။ ရောက်သည့်နေရာမှာ ကျွေးမွေးသူများကို ပြင်ဆင်ပေးသည်။
အမှုတော်ဆောင်တို့သည် မိမိလုပ်အားနှင့် ရပိုင်ခွင့်အတွက် အခြားသော၀န်ထမ်းများကဲ့သို့ အရေးဆိုနေစရာ၊ ပူပန်စရာမလိုပါ။ မိမိလုပ်နိုင်သည်များ၊ လုပ်သင့်သည်များကို အားကုတ်အားခဲ ကြိုးစားအားထုတ်နေဖို့ရန်သာ လိုအပ်ပါသည်။ လူမသိ၊ သူမသိ ကြိုးစားလုပ်ဆောင်သမျှကို မြင်နိုင်သော အဖဘုရားက သင့်လျော်သလို အကျိုးပေးမည်ဖြစ်သည်။ မိမိလုပ်ဆောင်သမျှ အကျိုးကိုမရဘဲ မနေပါ။ တချို့ လောကီသူဌေးများလို ရပိုင်ခွင့်မပေးပဲ မနေပါ။ မိမိတို့ အစေခံနေသော ဘုရားသည် တရားမျှတသည်ထက်ကျော်လွန်၍ ဂရုဏာ ထားသော ဘုရားဖြစ်သဖြင့် ရပိုင်ခွင့်ကိစ္စအတွက် စိတ်ချနိုင်ပါသည်။
(ဆာလံ ၂၃) တောင်းသမျှကို မပေးသော်လည်း အမှန်လိုအပ်သမျှကိုဖြင့် အလိုတော်နှင့်အညီ ပေးသနားလေ့ ရှိသည်။
ယုံကြည်သူတိုင်း ဘုရားအမှုတော်ကို ကျရာကဏ္ဍမှ ထမ်း ဆောင်ရသောသူများဖြစ်ပါသည်။ လောက၏အလင်း၊ လောက၏ ဆားဖြစ်သည်။
ရွေးနှုတ်ကယ်တင်ခြင်း ဘုရားကျေးဇူးကိုသိလျှက်၊ မိမိရှိသည့်နေရာ၊ မိမိတတ်နိုင်သည့်နယ်ပယ်က ဘုရားသခင်ကို ချစ်လျက်၊ သူ့စကားကို အပြောမက လက်တွေ့ကျင့်သုံးသူများ၊ အကျိုးထူးခံစားရသောသူများဖြစ်ကြပါစေ။
ချစ်သော
ကိုဂျေ