မိမိအပြစ်အတွက်နောင်တရခြင်းနှင့် ၀န်ချတောင်းပန်ခြင်း

 

အပိုင်း (၄)

ဆက်လေ့လာရမည့် ဤအပိုင်းတွင် အတူတကွ အပြစ်အမျိုးအမည်များစွာကို လေ့လာပြီး မိမိအသက်တာကို ပြန်လည်စစ်ဆေးရှင်းလင်းနိုင်ဖို့ရန် မိမိကိုယ်တိုင်နောင်တရ ဝန်ချတောင်းပန်စွန့်ပစ်ခြင်းနှင့် ကိုယ်စား၀န်ချတောင်းပန်ဖြတ်တောက်ဖို့လိုသည်သာမက သတိထားရှောင်ကြဥ်နိုင်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားထံကခွန်အားအလင်း တောင်းခံဖို့ရန် အထူးလိုအပ်ပါသည်။ ထာ၀ရဘုရားသခင်သည် သူ ၏ပုံသဏ္ဍာန်နှင့်တညီတည်းဖန်ဆင်းထားသော လူသားကိုချစ်သော်ငြားလည်း လူသားတို့ကျူးလွန်သည့် အပြစ်ကိုမူ ရွံရှာသောဘုရားဖြစ်သည်။ ဆိုရသော် ခမည်းတော်သည် အလွန်သန့်ရှင်းသောဘုရားသခင်ဖြစ်သောကြောင့်ဖြစ်သည်။ သို့အတွင်ကြောင့် ခမည်းတော် ရွံရှာသောအပြစ်များကို ဖော်ပြ၀န်ချတောင်းပန်စွန့်ပစ်ပါမှ ခမည်းတော်ဘုရားသခင်နှင့် ပြန်လည်ဆက်သွယ်ပြောဆိုနိုင်ပေမည်။


အပြစ်၏အမျိုးအမည်များကို မလေ့လာခင် ထိုအပြစ်အမျိုးအမည်တို့သည် ခေတ်ကာလအလျောက် တူသောအပြစ်ရှိသလို မတူညီသောအပြစ်လည်း ရှိပေသည်။ ထို့အတွက်ကြောင့် ဓမ္မဟောင်းကာလရှိ အပြစ်များကို မှတ်သားလေ့လာသင့်သလို ဓမ္မသစ်ကာလအပြစ်များကိုလည်း လေ့လာဆင်ခြင်ကာ အထူးမှတ်သားရှောင်ရှားနိုင်ဖို့လိုပါသည်။ အပြစ်အမျိုးအမည်များသည် ယေဘုယျအားဖြင့် ဦးနှောက်ဖြင့် တမင်တကာကြံစည်ပြစ်မှားသောအပြစ်များ နှုတ်ပိုင်းဆိုင်ရာပြစ်မှားသောအပြစ်များ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံပြုမူခြင်းပိုင်းဆိုင်ရာအပြစ်များ စသည်ဖြင့် အပြစ်များစွာကို  ခြုံငုံ၍ရပါသည်။ 


ဓမ္မဟောင်းကျမ်းရှိ ခမည်းတော်ဘုရားသခင်ထာ၀ရဘုရားသည် သူ၏သားသမီးများကို မလုပ်စေလိုသောအရာများ တားမြစ်ထားသောအရာများကို ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများစွာဖြင့် စုံလင်စွာ မှတ်တမ်းတင် ဆုံးမသွန်သင်နေဆဲဖြစ်သည်။ အပြစ်ဟူသည့် စာလုံးကို ဓမ္မဟောင်းကျမ်း၌ အကြိမ်(၆၀၀)ခန့် ပုံစံအသွင်အပြင်အမျိုးမျိုးဖြင့် ဖော်ပြထားပြီး ဣသရေလတမျိုးသားလုံးဖြစ်စေ တစ်ဦးချင်းဖြစ်စေ ဘုရားရှင်အပေါ် ဆိုးရွားစွာ ဆန့်ကျင်ပုန်ကန်ခြင်း စသည်တို့ကို အသေးစိတ် ဖော်ပြထားပါသည်။ ဓမ္မဟောင်းကျမ်း ၃၉ကျမ်းရှိသည့်အနက် အချို့သောအပြစ်များကိုသာ ဆွေးနွေးနိုင်မည်ဖြစ်သည်။ တူညီသောအပြစ်အမျိုးအမည်များစွာတို့ကိုမူ စာဖတ်သူကိုယ်တိုင်လေ့လာသင့်ပေသည်။ 


ဓမ္မဟောင်းကာလရှိ အပြစ်အမျိုးအမည်များမှာ တဦးချင်းဖြစ်စေ၊ တစ်မျိုးသားလုံးဖြစ်စေ တရားကိုမသိ၊ ထာ၀ရဘုရား၏ ပညတ်တော်ကိုလွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိခြင်း၊ ဘိသိတ်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှားခြင်း၊ အမှုကိုမြင်သည်ဖြစ်စေ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသောစကားကိုကြား၍ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့်ပြစ်မှားခြင်း၊ မစင်ကြယ်သောသားရဲ၊ သားယဉ်၊ တွားတတ်သောတိရစ္ဆာန်၏ အသေကောင်အစရှိသော မစင်ကြယ်သောအရာ တစ်စုံတခုကို အမှတ်တမဲ့ထိမိခြင်း၊ လူ၌ကပ်သော မစင်ကြယ်သော အရာတစ်စုံတခုကိုလည်း မသိမိဘဲထိမိခြင်း၊ ကောင်းသောအမှု မကောင်းသောအမှုကိုပြုမည်ဟု အကျိုးအပြစ်ကိုမသိဘဲ ကျိန်ဆိုလျက်ပြုခြင်း၊ သူတပါးအပ်နှံသောဥစ္စာအတွက် ပေါင်ထားသောဥစ္စာအတွက် မိမိနှင့်စပ်ဆိုင်သောသူအား မုသာစကားကိုပြောခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်ယူ၍ မိမိနှင့်ဆိုင်သော သူကိုလှည့်စားခြင်း၊ ပျောက်သောဥစ္စာကိုတွေ့သောအခါ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကိုပြု၍ ထာ၀ရဘုရားကို ပြစ်မှားမိခြင်း၊ သိုးဆိတ်နွားဆီဥကို အလျင်းစားခြင်း၊ အလိုလိုသေသောတိရစ္ဆာန် ဆီဥ၊သားရဲကိုက်၍ သေသောတိရစ္ဆာန်ဆီဥကို အခြားသို့သုံးရသော် အလျင်းစားခြင်း၊ နေလေရာရာ၌ ဌက်သွေး၊ သားသွေးမှစ၍ အသွေးစားခြင်း၊ ဘုရားရှင်ပညတ်ထားသော ရွံရှာဖွယ်ကုန်းသားရေသားလေပေါ်ပျံသည့်ငှက်များကိုစားခြင်း၊အရေဖျားလှီးခြင်း မပြုခြင်း၊ ဘုရားရှင်၏ ပညတ်တော်များကို ကျူးလွန်ချိုးဖောက်ခြင်း၊ အသွေးတမျိုးမျိုးကိုစားခြင်း၊ ကိုယ်ခန္ဓာ၏အသွေးကိုစားခြင်း၊ နေဖူးသောအဲဂုတ္တုပြည်မကျင့်နှင့်တကွ ဘုရားရှင်ပို့ဆောင်မည့် ခါနန်ပြည်၏ အကျင့်ကိုကျင့်ခြင်း၊ သူတို့ တရားလမ်းသို့လိုက်ခြင်း၊ ဘုရားရှင်၏ စီရင်ချက်ရှိသည်အတိုင်း မကျင့်၊ ဘုရားသခင်၏ပညတ်တရားလမ်းသို့မလိုက် မစောင့်ရှောက်ခြင်း၊ မိမိ၏ ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသပြုခြင်း(အမျိုး အချင်းချင်းစုံဖက်ခြင်း)၊ အဘနှင့်သာဆိုင်သောအမိကို ချဉ်းကပ်ခြင်း၊ သံဝါသပြုခြင်း (မိထွေးကို ကိုယ်ကာယပိုင်းပြစ်မှားခြင်း)၊ တအိမ်ထဲ၌ဖွားသောနှမဖြစ်စေ၊ အခြားသောအရပ်၌ဖွားသော ညီမအရင်းကို ချဉ်းကပ်ခြင်း၊ ကိုယ်ရင်သွေးဖြစ်သောမြေးကို ချဉ်းကပ်ခြင်း၊ အမိခြားသော်လည်း တဘတည်းဖြစ်သောနှမကို ချဉ်းကပ်ခြင်း၊ အဘ၏ပေါက်ဘော်ရင်းဖြစ်သော အဘ၏နှမကို၄င်း၊ အမိ၏ပေါက်ဘော်ရင်းဖြစ်သော အမိ၏ညီအစ်မကို၄င်း၊ အဘ၏ညီအကိုနှင့်သာဆိုင်သော မိကြီးမိထွေးဖြစ်သော အဘ၏ညီအစ်ကိုမယားကို၄င်း၊ သား၏မယားတည်းဟူသော ချွေးမကို၄င်း၊ ညီိအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏မယားကို၄င်း ချဉ်းကပ်ခြင်း၊ ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သောမယား၏သမီး၊ မယား၏မြေးကို ချဉ်းကပ်ခြင်း၊ ကိုယ်မယားကိုနှောင့်ရှက်ခြင်းဌာ သူအသက်ရှင်စဉ်တွင် သူ၏ညီအစ်မကိုသိမ်းခြင်း၊ ဥတုရောက်၍ မစင်ကြယ်သောမိန်းမကို ချဉ်းကပ်ခြင်း၊ ကိုယ်ကိုညစ်ညူးစေလျက်  သူ့မယားကိုပြစ်မှားခြင်း၊ မိမိ၏သားသမီးတို့ကို မောလုတ်ဘုရားအား မီးဖြင့်ပူဇော်ခြင်း၊ ဘုရားသခင်၏နာမတော်ကို ရှုတ်ချခြင်း၊ မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောကျာ်းချင်းပေါင်းဘော်ခြင်း (ရွံရှာဖွယ်အမှု)၊ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်ပေါင်းဘော်ခြင်း (ရွံရှာဘွယ်သောရောနှောခြင်း)၊ ထိုသို့သော ရွံရှာဖွယ်အမှုပြုသောသူတိုင်း သူ၏ အမျိုးမှ ပယ်ရှင်းခြင်းခံရသည်။



ဆက်ရန်


အစ်စတဲလ်