COVIDကပ်ဘေးကြီးအတွင်း အမြတ်ရရှိခဲ့တဲ့ အရာလေးတွေကိုဝေမျှသက်သေခံချင်ပါတယ်။
ဘုရားသခင်က တကယ်ပဲကောင်းမြတ်ပါတယ်။ သူရဲ့အကြံအစည်က ကျွန်မတို့ရဲ့ အကြံအစည်နဲ့ ဘယ်တော့မှမတူဘူး။
(ဟေရှာယအနာဂတ္တိကျမ်း ၅၅:၉)
မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။
ပထမ COVIDဖြစ်သွားတော့ ဘုရားကျောင်းတွေလည်း ပိတ်ရ၊ ကျောင်းတွေလည်း ပိတ်ရနဲ့ဆိုတော့ Sunday School ကလေးတွေနဲ့ ခဏတာ အဆက်ပြတ်သွားခဲ့တယ်။ နည်းနည်းကြာလာတော့ သင်းအုပ်ဆရာက ကျွန်မတို့ ဒီအတိုင်းပဲထိုင်နေတာမဟုတ်ဘဲ တခုခုလုပ်ဆောင်ဖို့ တိုက်တွန်းလာပါတယ်။ ဒီလိုနဲ့ပဲ Sunday School ကလေးတွေနဲ့ Onlineမှာ သင်ကြားဖြစ်ခဲ့တယ်။ တစ်ခါတလေသင်ကြားရတာ အဆင်ပြေပေမဲ့ တစ်ခါတလေကျတော့လည်း လိုင်းကျလိုက်၊ မီးပျက်လိုက်နဲ့ဆိုတော့ အဆင်မပြေသလိုလိုပဲ။ ပြီးတော့ ကလေးတွေကလည်း ဖုန်းနဲ့ဆိုတော့ အာရုံစိုက်ပါ့မလား၊ သူတို့ပျင်းသွားမလား၊ သူတို့ ကျွန်မပြောတာကြားရပါ့မလား၊ သူတို့မိဘတွေရော ဖုန်းဘေလ်ရှိပါ့မလား၊ အားပါ့မလား စိတ်ပူရတာလေးတွေတော့ရှိခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေဖြစ်ဖြစ် ဘုရားအတူပါရှိခဲ့တယ်။
တစ်ခါတလေကျတော့ ကလေးတွေက အိမ်စာပေးလိုက်တဲ့ဟာတွေမေ့နေကြတယ်။ ကျမ်းစာလည်း မဖတ်ချင်ကြဘူး။ ဆုတောင်းပေမဲ့ ထမင်းစားရေသောက်အဲ့လောက်ပဲရှိကြတယ်။ အဲ့ဒီတော့ စိတ်ပင်ပန်းတဲ့နေ့ရက်လေးတွေလည်းရှိခဲ့တယ်။ ကျွန်မတို့လုပ်ဆောင်ခြင်းက ထိရောက်ပါ့မလားဆိုပြီးတော့ တွေးပူနေမိတယ်။ ဒီလို အခက်အခဲတွေနဲ့တွေ့လာတော့ ဘုရားသခင်ကို ပိုအားကိုးဖို့ပဲဖြစ်လာတော့တယ်။
Sunday School သင်တာနည်းနည်းကြာလာပြီ။
တနေ့မှာတော့ Sunday School ကလေးတစ်ယောက်ရဲ့အမေက သက်သေခံလာပါတယ်။ ကျွန်မရဲ့သမီးလေးအရင်နဲ့မတူဘဲ အရမ်းပြောင်းလဲလာတယ်။ မနက်မိုးလင်းလာပြီဆိုရင် သူ့အခန်းလေးသွားပြီး ကျမ်းစာဖတ်ဆုတောင်းတတ်နေပြီဆိုတဲ့ သတင်းကောင်းလေးကြားရတော့ ဘုရားသခင်ကို အရမ်းကျေးဇူးတင်သလို ၀မ်းသာပီတိဖြစ်ရပါတယ်။
နောက်ထပ် ညီအစ်မနှစ်ယောက်ကတော့ ကျွန်မSunday School မသင်ပေးခင်မှာ မေးခွန်းမေးလာတယ်။
"ဆရာမ၊ ဆရာမ... ကျမ်းစာအုပ်ဘယ်နားမှာဝ်ာဖတ်လို့ရလဲ။ သမီးတို့လည်း ကျမ်းစာအုပ်လိုချင်တယ်၊ ၀ယ်ဖတ်ချင်တယ်"ဆိုတဲ့ ပြောသံကြားရတော့ အင်မတန်ပဲ ပျော်ရွှင်ခဲ့ရတယ်။ အများကြီးမပြောင်းလဲသေးရင်တောင်မှ နည်းနည်းချင်းစီ ဘုရားသခင်က အလုပ်စလုပ်နေပြီဆိုတာပါပဲ။
လူတွေရဲ့ နှလုံးသားကိုပြောင်းလဲစေနိုင်တာကတော့ ဘုရားသခင်ပဲဖြစ်တယ်ဆိုတာ သက်သေထူခဲ့ပါတယ်။
(ကောရိန်သုဩဝါဒစာ ပဌမစောင် ၃:၆)
ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသော သူကား၊ ဘုရားသခင်ပေတည်း။
ကျဲရ်