လူ့အခွင့်အရေးသည် လူသားတိုင်းနှင့် သက်ဆိုင်သည်။ သင်သည် ဘယ်နိုင်ငံ ဘယ်နေရာမှာ နေသည်ဖြစ်စေ လူဖြစ်နေသ၍ လူ့အခွင့်အရေးရှိသလို ထိုလူ့အခွင့်အရေးသည် သင်နှင့်လည်း ထိုက်တန်ပေသည်။ လူသားတိုင်းအတွက် လူ့အခွင့်အရေးရှိသလို၊ ထိုလူ့အခွင့်အရေးမရရှိသူများ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရသူများအား လူ့အခွင့်အရေးကော်မရှင်များ စသဖြင့် လူ့အခွင့်အရေးလှုပ်ရှားပေးသူများမှာ ကူညီဆောင်ရွက်ပေးကြသည်။
ဆိုကြပါစို့ သင်သည် လူ့အခွင့်အရေးချိုးဖောက်ခံနေရကာ မတရားဖိနှိပ်စက်ခံ ခိုင်းစေခြင်းခံနေရပါက ထိုအဖွဲ့အစည်းသည် သင့်ဘက်မှရပ်တည်ကာ ထိုလူအခွင့်အရေးရရှိရန် ကျိုးပမ်းဆောင်ရွက်ကြသည် နစ်နာခဲ့သမျှအတွက် ထိုစေခိုင်းသူအား တရားစွဲခြင်း စသည်များအား လုပ်ဆောင်ကြသည်။
တနည်းအားဖြင့် ယေရှုခရစ်တော်၏ လောကသားများအပေါ် ပြုခဲ့ပေးသော ကယ်တင်ခြင်းကျေးဇူးတော်သည် ကမ္ဘာသူကမ္ဘာသားများအားလုံးနှင့် သက်ဆိုင်ပေသည်။ ထိုကယ်တင်ခြင်းကို လူသားတိုင်းရရှိစေခြင်းငှာ ထိုက်တန်ပေသည်။ ဘာကြောင့် ထိုက်တန်သလဲဆိုရင်တော့ ကျေးဇူးတော်ကြောင့်သာ ထိုက်တန်ခြင်းဖြစ်ပေသည်။ ဒါ့ကြောင့် ထိုကယ်တင်ခြင်းကို လူသားတိုင်း ရရှိစေခြင်းငှာ ကယ်တင်ခြင်းမရသေးသူများအား ပြန်လည် ဝေမျှပေးရန်လိုအပ်ပေသည်။ လူ့အခွင့်ရေးကော်မရှင်တွေကဲ့သို့ အသင်းတော်တိုင်းတွင် တာဝန်ရှိသလို လူ့အခွင့်အရေး လှုပ်ရှားသူများကဲ့သို့ ယုံကြည်သူ ခရစ်ယာန် အယောက်စီတိုင်းတွင် တာဝန်ရှိပါသည်။
ဆိုကြပါစို့ မိတ်ဆွေသည် နိုင်ငံတော်အကြီးအကဲတယောက်၏ သားဖြစ်နေမယ်ဆိုရင်လည်း နောက်ဖေးတွင် အမှိုက်ကောက်နေသော ကောင်လေးတယောက်နှင့် အခွင့်အရေးတန်းတူဖြစ်သည်။ လူတယောက်ရပိုင်ခွင့် လူ့အခွင့်အရေးသည် တန်းတူဖြစ်သည်။ ထိုသို့ဆိုသောကြောင့် သင်သည် အမှိုက်ကောက်သောသူဖြစ်တယ် သူသည် လူကြီးသားနှင့်တူတယ်ဟူသော အယူအဆမဟုတ်ချေ။ လူတစ်ယောက်ရသင့်ရထိုက်သော အခွင့်အရေး၊ လူတစ်ယောက် လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးကိုသာဆိုလိုသည်။ ဒါ့ကြောင့် လူ့အခွင့်အရေးသည် လူသားတိုင်း တန်းတူဖြစ်သကဲ့သို့ ကယ်တင်ခြင်းသည်လည်း လူသားတိုင်းအတွက် တန်းတူပင်ဖြစ်သည်။
သင်းအုပ်ဆရာရရှိသော ကယ်တင်ခြင်း၊ ဆရာ့သားရသောကယ်တင်ခြင်း၊ ဆေးစွဲသောသူ အရက်စွဲသောသူ ရရှိသော ကယ်တင်ခြင်း အားလုံးတန်းတူညီတူပင်ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်လေးဆယ်မှ ပြောင်းလဲသောသူ၏ ကယ်တင်ခြင်းနှင့် ယခုမှပြောင်းလဲသောသူ၏ ကယ်တင်ခြင်း၊ အသင် ဆယ်နှစ်မှရရှိသော ကယ်တင်ခြင်းနှင့် သေခါနီး အသက်ထွက်ခါနီး နှစ်မိနစ်အလိုမှရရှိသော ကယ်တင်ခြင်း စသဖြင့်အကုန်လုံး တန်းတူညီတူရရှိသော ကယ်တင်ခြင်းပင်ဖြစ်ပေတော့သည်။
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၂:၄
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။
လူသားတိုင်း လူ့အခွင့်အရေးကို တန်းတူရရှိသလို ကယ်တင်ခြင်းသည်လည်း လူသားတိုင်းအတွက်ဖြစ်တယ်၊ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းအလို့ငှာ မိမိတို့ယုံကြည်သူ ခရစ်ယာန် အယောက်စီတိုင်း နှင့် အသင်းတော်တိုင်းတွင် တာဝန်ရှိတယ်ဆိုတာကို အနည်းငယ်ခွန်အားပေးတိုက်တွန်းလိုက်ပါတယ်။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ကမိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
"ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်"
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi