ဒီမနက်ခင်းမှာ ဈေးဝယ်ထွက်ရင်း၊ မြန်မြန်သွက်သွက်ကလေးလျှောက်လို့ အိမ်ပြန်ရောက်လာတော့ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ ချွေးတွေ စို့တက် စီးကျလာပါတယ်။ အိမ်က စထွက်တုန်းက မှိုင်းနေတဲ့စိတ်တွေ ဘယ်ဆီပြေးသွားမှန်းမသိဘဲ လူသစ်တစ်ယောက်လို ပေါ့ပါးလန်းဆန်းလာပါတယ်။ သီသြလော်ဂျီစိတ်အခံနဲ့ ချွေးတွေ ရွှဲနစ်နေတဲ့ ကျွန်တော့် စိတ်ထဲ ပြေးဝင်လာတာက အောက်ပါ ကျမ်းချက်ပါပဲ …
“သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်၍ အစာကိုစားရမည်။” (ကမ္ဘာဦး ၃း၁၉)။
လူတွေ ရှင်သန် ကျန်းမာရေးလို့ဆိုရာမှာ စိတ်နဲ့ခန္ဓာ နှစ်ခုလုံး ကောင်းမွန်တဲ့အနေအထားလို့ ဖွင့်ဆိုကြပါတယ်။ ကိုယ်လက်လှုပ်ရှားလို့ ချွေးထွက်တယ်ဆိုရင် ကိုယ်ခန္ဓာအထဲက မလိုအပ်တဲ့ အညစ်အကြေး တွေကို ချွေးအဖြစ် စွန့်ထုတ်ပေးတာ၊ အစိတ်အပိုင်းအားလုံး ဖန်ရှင်မှန်အောင် လုပ်ဆောင် စေတာကြောင့် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းလာစေပါတယ်။ အကျိုးဆက်အဖြစ် အတွင်းစိတ်သဘောကိုလဲ ကြည်လင်လာစေပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးပါတယ်။ ပတ်ဝန်းကျင်ကိုလဲ အတွေးသစ်အမြင်သစ်နဲ့ ရှုမြင်စေပါတယ်။ ဆေးပညာ အရတော့ ကိုယ် လက်လှုပ်ရှား တဲ့အခါ နေသာထိုင်သာ ဖြစ်စေမယ့် မော်ဖိန်းတစ်မျိုးထွက်လာစေတယ်လို့ ဆိုပါတယ်။ လူသားရယ်လို့ ဖြစ်လာတဲ့ဘဝမှာ ကိုယ်လက်လှုပ်ရှား ချွေးထွက်စေဖို့က ဘုရားရဲ့ ကန့်သတ်ဒီဇိုင်းဖြစ်နေတာပါ။
“သင်၏မျက်နှာမှ ချွေးထွက်၍ အစာကိုစားရမည်။” ချွေးမထွက်ပဲ အစာစားရတဲ့ သူတွေလဲ ရှိတယ်မို့လား လို့ ကျမ်းစကားကို စောကြောစီးဖြန်းမိပါတယ်။ ဉာဏလုပ်သားတွေ တကယ်ရှိပါတယ်။ ဒါပေမယ့် အစာအတွက် မဟုတ်ရင်တောင်မှ ရှင်သန်ရပ်တည်နေဖို့ ချွေးထွက်ဖို့ လိုတာကို မြင်လာပါတယ်။ စက်မှုရဲ့အကူအညီတွေ၊ ကြွယ်ဝချမ်းသာမှုတွေ၊ ဉာဏအလုပ်တွေကြောင့် တစ်ချို့လူတွေက စားဝတ်နေရေးအတွက် ချွေးမထွက်ရအောင် အဆင့်တစ်ခုအထိ ကြံံဆောင် နိုင်ခဲ့ကြပေမယ့်၊ ကိုယ်ရောစိတ်ရော ကျန်းမာရေးနဲ့ ပတ်သက်လာရင် ချွေးမထွက်ပဲ ကြာကြာနေလို့ မရပြန်ပါဘူး။ နေကြည့်လိုက်ရင် အနှေးနဲ့အမြန် ကျမ်းမာရေး ချို့ယွင်းလာမှာ သေချာပါတယ်။ ဒီအချက်ကိုကြည့်ရင် လူတစ်ယောက်အတွက် ဘုရားသခင်ချမှတ်လိုက်တဲ့ ဒီဇိုင်းကနေ ဘယ်လိုမှ ပြေးမလွတ်ဘူးဆိုတာ စိတ်ထဲမှာ ပိုပြီး ရှင်းသွားပါတယ်။ ကာယလုပ်သားတွေက နေ့စဉ်ဘဝမှာ ဒီသတ်မှတ်ချက်ကို အလိုလို လိုက်နာပြီးသား ဖြစ်နေပေမယ့်၊ ဉာဏလုပ်သားတွေကတော့ တကူးတက လေ့ကျင့်ခန်းလုပ်ကြဖို့ လိုပါတယ်။ အခုလို ကိုဗစ်ကြောင့် စိတ်ဖိစီးမှုများကြရတဲ့ကာလမှာ ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားဖို့ တကယ်လိုအပ်နေပါတယ်။
DS journal စာဖတ်ပရိသတ်များလဲ ကိုယ်ရှိတဲ့အရပ်မှာ ချွေးထွက်အောင် အလုပ်လုပ်ရင်း (ဉာဏလုပ်သားတွေကလဲ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဆင်းရင်း) ဘုရားသခင်ရဲ့ အမိန့်အာဏာတည်တယ်လို့ ဆင်ခြင်ပါ။ စိတ်ဖိစီးမှုများကို တိုက်ထုတ်အနိုင်ယူလို့၊ ကျန်းမာသော သူများဖြစ်ကြပါစေ။
ချစ်သော
ကိုဂျေ