မိမိအပြစ်အတွက်နောင်တရခြင်းနှင့် ၀န်ချတောင်းပန်ခြင်း



အပိုင်း (၆)
အပြစ်ဟူသည့် စကားလုံးသည် အရေအတွက်အားဖြင့် စာလုံးရေ နှစ်လုံးမျှသာရှိသော်ငြားလည်း အပြစ်အခကိုမူ ပြီးသည်အထိ ဆပ်ရသည်။ အဖိုးအခပေးရသည်။ မိမိကိုယ်တိုင်စိုက်ခဲ့သောအပြစ်မျိုးစေ့များကို အပင်အဖြစ်ရိတ်ရပြီးအသီးအဖြစ် အဖိုးအခများစွာဖြင့် စိတ်ရောကိုယ်ပါ ဆပ်ပေးရသည်။ 

King James Version ၏ ဓမ္မဟောင်းကျမ်းတွင်မူ အပြစ်ဟူသည့်စာလုံးကို အကြိမ်ရေပေါင်း (၃၃၆)ကြိမ်တွေ့ရသည်ဟုဖော်ပြထားသည်။ 

အထက်ပါအပိုင်းများတွင် လူလူချင်းပြစ်မှားသောအပြစ်၊ လူတဦးချင်းဘုရားကိုပြစ်မှားသော အပြစ်များကို လေ့လာဖော်ပြခဲ့သည်သာမက ယခုတွင်လည်း ဣသရေလ တမျိုးသားလုံးနှင့် ယုဒတမျိုးသားလုံးထာ၀ရဘုရားကို ပြစ်မှားသောအပြစ်၊ ဣသရေလမင်းများထာ၀ရဘုရားကိုမေ့လျော့ခြင်းအပြစ်များကိုလည်း ဓမ္မဟောင်းရှိဖြစ်ရပ်မှန် အဖြစ်အပျက်များနှင့်တကွ အထူးဆင်ခြင်လေ့လာဖို့လိုသည်။

ဣသရေလအမျိုး (၁၂)မျိုးကို ထာ၀ရဘုရားသည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ခေါင်းဆောင်ကြီး မောရှေအားဖြင့် ထုတ်ဆောင်ခဲ့ပြီးမှစ၍ ယောရှုလက်ထက်ကုန်ဆုံးသည်အထိ ဣသရေလတို့ ခေါင်းဆောင်မှုနောက်သို့ လိုက်ခဲ့ပြီး ခေါင်းဆောင်ကြီးများ ကွယ်လွန်သွားသောအခါ ဘဝ၌ ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်တွေ့ကြုံရသောကြောင့် ဣသရေလတမျိုးသားလုံးကို ဦးဆောင်ပေးမည့် ရှင်ဘုရင်ခေါင်းဆောင်ကို လိုလားတောင့်တနေခဲ့ကြသည်။ ထိုအရာသည် တမျိုးသားလုံးနှင့်ဆိုင်သောအလွန် ကြီးမားသောအပြစ်ဖြစ်သည်။ ထိုအပြစ်၏အခကိုလည်း တမျိုးသားလုံးခံခဲ့ကြရသည်။ ထာ၀ရဘုရား တပါးတည်းသာလျှင် ဣသရေလတမျိုးသားလုံးအတွက် ရှင်ဘုရင်မင်းမြတ်ဖြစ်သည်ကို မသိခဲ့ပေ။ ထိုမှားယွင်းသောဆုံးဖြတ်ချက်အတွက် အခကိုခံရမည်ဟု ထာ၀ရဘုရား သတိပေးခဲ့သော်ငြားလည်း ရအောင်ဘုရားကိုတောင်းဆိုခဲ့သည်။ ထို့နောက်မှ ဘုရားစိတ်တော်နှင့်မတွေ့သော ရှောလုကို မင်းအဖြစ် ရအောင်တင်မြှောက်စေခဲ့သည်။ ထိုရှောလုမင်းသည် ထာ၀ရဘုရား၏အမိန့်တော်ကို မနာခံခြင်း၊ ယဇ်ပုရောဟိတ် လုပ်ဆောင်ရမဲ့အငန်းအတာကို မစောင့်စားနိုင်ဘဲ ယဇ်ပုရောဟိတ်မပါဘဲ ၀င်လုပ်ခြင်း၊ ရှုံးနိမ့်မှုများကိုခံစားရင်း မိမိ၏ဓားဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းစသည့် အဆုံးသတ်မလှသည့်သာဓကများကို တွေ့ရသည်။ ရှောလုမင်း၏သားမက်ဖြစ်သော ဒါဝိဒ်မင်းတွင်လည်း ထာ၀ရဘုရားမခိုင်းသော လူရေတွက်သောအရာကိုလုပ်မိခဲ့သောကြောင့် ဣသရေလအရေအတွက် ၇သောင်း၌ ကာလနာကို စေလွှတ်သေစေပြီး ဒဏ်ခတ်ခဲ့သည်။ ဣသရေလတိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်ရန် ထာ၀ရဘုရားကိုယ်တိုင် ဘိသိတ်ပေး ခွဲခန့်မှတ်သားခြင်းခံရသော ဒါဝိဒ်မင်းကြီး အိပ်ပျော်၍ သင်္ဂြိုလ်ခြင်းခံရပြီးနောက် သားတော်ရှောလမုန်သည် ခမည်းတော် ဒါ၀ိဒ်၏ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ၍ အာဏာတော်သည်အမြဲတည်ခဲ့သည်။ သို့သော် ရှောလမုန်မင်းကြီးနတ်ရွာစံပြီးနောက် ဣသရေလတိုင်းပြည်သည် နှစ်ခြမ်းကွဲကာ စည်းလုံးညီညွတ်မှုများ စတင်ကွဲပြားလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရှောလမုန်မင်းကြီးသည် ထာ၀ရဘုရား၏ ပညတ်တော်တို့ကိုချိုးဖောက်ခဲ့ပြီး ပြစ်မှားခဲ့ခြင်းတို့၏ အကျိုးရလဒ်များဖြစ်ပေသည်။ ထာ၀ရဘုရားကို မကိုးကွယ်သော တပါးအမျိုးသား၏သမီးများနှင့် စုံဖက်ခဲ့သည်။

ဓမ္မရာဇ၀င်တတိယစောင် အခန်းကြီး(၁၁) တခန်းလုံးကိုသေချာဖတ်ရှုဆင်ခြင်နိုင်ပေသည်။

ထာ၀ရဘုရားထံတော်မှ စိတ်နှလုံးကိုလွှဲစေနိုင်သော တပါးအမျိုးသားတို့၏ ဘုရားနောက်သို့ကောက်ကောက်ပါအောင် လိုက်စေမည့် မစုံဘက်ရန်ပညတ်ထားသော မိန်းမများနှင့် ရွံရှာဖွယ်သော မောဘဘုရားခေမုရှနှင့် အမ္မုန်ဘုရားမောလုတ်အဘို့ ယေရှုရှလင်မြို့ရှေ့တော်၌ ရှိသောတောင်ပေါ် တွင် ကုန်းတည်၍ ထိုဘုရားတို့အားနံ့သာပေါင်းကိုမီးရှို့၍ ယဇ်ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဖို့ပြုသည်ဟု သမ္မာကျမ်းစာ၌ ကွင်းကွင်းကွက်ကွက် မှတ်တမ်းတင်ထားလေသည်။
 
နောက်ဆုံးသာဓကတခုအဖြစ် ထာ၀ရဘုရား အလွန့်အလွန် ဒေါသထွက်သောအဖြစ်အပျက်တခုမှာ ကန္တာရထဲတွင် ကျေးဇူးပြုခဲ့ ကျေးဇူးပြုလျက်နေသော ထာ၀ရဘုရားကို ကြီးမားစွာပြစ်မှားခြင်းဖြစ်သည်။ မောရှေကို ထာ၀ရဘုရားသည် သိနာတောင်ပေါ်တွင် မိမိလက်ညိုးတော်နှင့် ပညတ်တော်ဆယ်ပါးကို ရက်လေးဆယ်ပတ်လုံး အက္ခရာတင်ပေးနေစဉ်တွင် တောင်အောက်၌ ထာ၀ရဘုရားကို ပြစ်မှားသောဣသရေလလူစုကြီးသည် အာရုန်ကိုအတင်းတိုက်တွန်းကာ နွားသငယ်ရုပ်တုကို မိမိ၌ပါလာ သည့်ရွှေများဖြင့်သွန်းစေသော နွားသငယ်ရုပ်တုသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ဘုရားဖြစ်သည်ဟု ဆိုကြခြင်းသည် အလွန်၀မ်းနည်းစရာကောင်းသော ဝိညာဉ်မျက်စိ ဝိညာဉ်နားကန်းသော အနေအထားဖြစ်သည်။ ထာ၀ရဘုရား အလွန်အမျက်တော်ထွက်၍ မောရှေကို တောင်အောက်သို့ဆင်းစေပြီး ထိုလည်ပင်းခိုင်မာသောအမျိုး ပြစ်မှားသောသူများကို ဖျက်ဆီးမည်ဟု မိန့်တော်မူခဲ့သည်။ ထိုအခါမောရှေသည် တပ်တံခါး၀မှာရပ်လျက် ထာ၀ရဘုရားဘက်၌ အဘယ်သူနေသနည်း ငါ့ထံသို့လာစေဟုဆို သောအခါ လေဝိအမျိုးသားအပေါင်းတို့သည် မောရှေထံ၌ စည်းဝေးကာ ထိုနေ့၌ ထာ၀ရဘုရားကိုပြစ်မှားသောသူအရေအတွက်၃၀၀၀ခန့်မျှ သေကြသည်ဟု မှတ်တမ်းတင်ထားပါသည်။ ထို့ကြောင့် မည့်သည့်အပြစ်မျှ မကောင်းပေ။ အဆုံးသတ်မလှပေ။



ဆက်ရန်

အစ်စတဲလ်