ရန်ငြိမ်းခြင်းတရားနှင့်​ခေါင်း​ဆောင်


ပြန်လည်သင့်မြတ်​စေခြင်းသည် ​ခေါင်း​ဆောင်တယောက်အတွက် အ​ရေးပါ​သော အရာတခုအဖြစ် အပါအဝင်ဖြစ်သည်။ ဆိုကြပါစို့ လုပ်ငန်းခွင်တွင် လူနှစ်​ဦး မသင့်မြတ်သည်ကို ကြားဝင်​ဖြေရှင်း​​ပေး​သော ရာထူးကြီးသူ၏ မည်သို့​ဖြေရှင်းသည်ဟူ​သောအရာသည် အ​ရေးပါလှသည်။ ထိုသူနှစ်ဦးအဆင်​ပြေသွားမလား၊ ​နောက်ထပ်ရန်ဖြစ်စရာရှိဦးမလား၊ သို့မဟုတ် လုံးဝမတည့်​တော့ဘူးဖြစ်မလားဆိုတာ​တွေသည် ဖြေရှင်း​ပေးသူအ​ပေါ် မူတည်​နေသည်။ ထိုအရာသည် လုပ်ငန်းခွင်အ​ပေါ်သို့ သွယ်ဝိုက်၍​သော်၎င်း၊ တိုက်ရိုက်​သော်၎င်း အကျိုးသက်​ရောက်​စေသည်။


ဖိ​လေမုန်ဩဝါဒစာကို ​လေ့လာကြည့်မည်ဆိုလျှင် ရှင်​ပေါလု၏ ပြန်လည်သင့်မြတ်​စေခြင်းငှာ ညှိနှိုင်း​ဆောင်ရွက်ခြင်း (Reconciliation) ကိုမြင်​တွေ့ရသလို၊ ​ခေါင်း​ဆောင်ဖြစ်​သော်လည်း နှိမ့်ချခြင်း၊ ချစ်ခြင်း​မေတ္တာနှင့်တကွ စိတ်ရှည်ရှည်နှင့် ဖြစ်စဥ်ကိုရှင်းပြခြင်း၊ ကိုယ်စားပြုတောင်းပန်​ပေးခြင်းကို ထင်ရှားစွာမြင်​တွေ့ရသည်။ မိမိကိုယ်တိုင် ​ထောင်ထဲတွင်ရှိ​နေ​သော်လည်း မိမိအ​ရေးထက် သူတပါးရန်ငြိမ်း​စေ​ရေးကိုသာ၍ အ​လေး​ပေးခြင်းကို အတုယူဖွယ်မြင်ရ​သလို၊ မိမိနားတွင် မိမိကိုပြုစု​ပေး​နေ​​သောသူကို ဖိ​လေမုန်ထံပြန်​စေခြင်းသည် မိမိအဆင်​ပြေခြင်းထက် သူတပါးကိုသာ၍ အ​လေးထားသူဖြစ်​ကြောင်းကိုမြင်​တွေ့ရသည်။

(မှတ်ချက် ။     ။ ကျမ်းညွှန်း - ဖိ​လေမုန်)


ဩ​နေသိမ်သည် ဖိ​လေမုန်၏ကျွန်ဖြစ်သည်။ သူသည် အမှုတခု​ကြောင့် ထွက်​ပြေးရင်း အဖမ်းခံရသည်။ (သူ့သခင်ဆီမှ ​ငွေ/ပစ္စည်းတခုခုခိုးယူ၍ ထွက်​ပြေးသည်ဟု အမျိုးမျိုးယူဆကြသည်။) ရှင်​ပေါလုနှင့်အတူ ​ထောင်ထဲတွင်​​တွေ့ဆုံရသူလည်းဖြစ်သည်။ ထိုမှတဆင့် ရှင်​ပေါလု၏သွန်သင်ခြင်း၊ ဧဝံ​ဂေလိသတင်းစကားအားဖြင့် ခရစ်​တော်ကို လက်ခံပြီး အသက်တာ​ပြောင်းလဲသွားခဲ့သည်။ အစပိုင်းတွင် ဖိ​လေမုန်နှင့်ဩ​နေသိမ်တို့၏ ဆက်ဆံ​ရေးသည် မ​ပြေလည်ခဲ့ကြ​ချေ၊ ထိုရန်ကို ငြိမ်း​စေဖို့ရန် ​ရှင်​ပေါလု၏ ရင်ကြား​စေ့​ရေး အစီအစဥ်သည် ကျွန်​တော်တို့အတွက် ​ယေရှုခရစ်​တော်၏ ကားတိုင်​တော်တရားကို ပြန်လည်မြင်​ယောင်​စေသည်။ ထိုလူသုံးဦး၏ အမြင်နှင့် ခံစားချက်အချို့ကိုလည်း အနည်းငယ်မြင်​ယောင်ကြည့်ရ​အောင်လား။


ကျွန်​ပြေးဖြစ်​သော ဩ​နေသိမ်သည် ဥပ​ဒေအရစီရင်ခြင်းကို ခံရမည်သာမက၊ ဖိ​လေမုန်ဆီပြန်သွားလျှင် မည်မျှမျက်နှာငယ်ရမည်နည်း၊ အခြားကျွန်များ၏ မည်သို့အပြစ်တင်​​ဝေဖန်မှုကို သူခံရဦးမည်ကို သူ့အ​နေဖြင့် ရင်ဆိုင်ချင်မည်မဟုတ်​ချေ။ ဖိ​လေမုန်က​ရော သူ့ကို လက်ခံချင်ပါ့မလား။ အသက်တာ​ပြောင်းလဲတာကို ယုံနိုင်ပါ့မလား။


ဖိ​လေမုန်၏ စိတ်ထဲတွင် ဩ​နေသိမ်ကို ​နောက်တဖန် အခွင့်အ​ရေး​ပေးချင်ပါ့မလား။ ဒီလူ ဒီအကျင့် ဒီအချိုးအတိုင်းသာဆိုလျှင် လက်ခံဖို့ဖြစ်နိုင်ပါ့မလား။ ကျွန်အ​နေနှင့်​တောင်ထွက်​ပြေး​သေးတာ ညီအကိုလို၊ ခရစ်​တော်၌သာညီအကိုလိုဆိုရင် သူတကယ်အသက်တာ မ​ပြောင်းလဲခဲ့ရင် ဖြစ်ပါ့မလား။


​ပေါလုသည် ​ထို​ခေတ်ထိုအချိန်၏ ရေခံ​မြေခံသ​ဘောသဘာဝ​ကြောင့် ကိုယ်တိုင်ဖွင့်မ​​ပြော​သော်လည်း ကျွန်စနစ်ကို ကြိုက်သည်မဟုတ်​ဟု ကျွန်​တော်ယူဆမိသည်။ သူ့အတွက်​တော့ ဩ​နေသိမ်ကို ဖိ​လေမုန်နှင့် ပြန်လည်သင့်မြတ်​စေဖို့ရာ ညှိနှုင်း​ပေးရခြင်းသည် အ​သေးစိတ်ဆန်လွန်းသည်၊ သတိထားရသည်၊ ကျွန်​စနစ်​ခေတ်စား​သော​အချိန် ဖြစ်​သော​ကြောင့် ထိလွယ်ရှလွယ်ဖြစ်နိုင်သည်။ 


ထိုမျှမက ​နှိမ့်ချ၍​ပြောဆိုခြင်း၊ ကိုယ်စားပြု​တောင်းပန်ခြင်း၊ အပြစ်တင်စရာရှိရင် ငါ့သာတင်ပါဟုဆိုခြင်း​တွေသည် ​ခေါင်း​ဆောင်း​ကောင်းတစ်​ယောက်၏ အတုယူစရာအချက်​တွေထဲမှ တစ်ချို့ဖြစ်သည်။ ဩ​နေသိမ်၏အသက်တာ ​ပြောင်းလဲသည်ကို ရှင်​ပေါလုတကယ်ကို ယုံတယ်ဆိုတာကို မြင်ရ​သော​ကြောင့် အကျင့်ပါ​သော ယုံကြည်ခြင်းဖြစ်ကိုဖြစ်ရမည်။ သို့မှသာ သူတပါးမြင်ရ​သော ယုံကြည့်ခြင်းဖြစ်မည်၊ ထိုမှထပ်ဆင့်၍ ရှင်​ပေါလုသည် ဖိ​လေမုန်ကို အာမခံရဲ​ပေ​တော့မည် မဟုတ်ပါလား။


ဆက်ဖတ်ကြည့်မည်ဆိုလျှင် ကျွန်ကိုပြန်ရသလိုမဟုတ်ဘဲ ညီအစ်ကိုရတယ်လို့သိမှတ်ပါ၊ ညီအစ်ကိုလိုဖြစ်​စေဖို့ ခဏကွာတယ်လို့မှတ်ပါ၊ ငါ့ကိုလက်ခံသလို လက်ခံပါ၊ သူမင်းကို ပြစ်မှားရင် သူ့ဆီကအ​ကြွေးတစ်ခုခုရစရာရှိရင် ငါ့ဆီမှာ မှတ်ပါ စသဖြင့် အနစ်နာခံ နှိမ့်ချ၍​ပြောဆိုခြင်း၊ အာဏာ​တွေ ပါဝါ​တွေဆိုတာ ဘာမှန်းမသိ​အောင်ပင် အဆိပ်ကင်း​သော ​ခေါင်း​ဆောင်၏ အ​ပြောအဆိုကို မိမိတို့ ယုံကြည်သူ​တွေအတုယူသင့်သည်။


အ​နေသာကြီးပဲ ​နေစမ်းပါလားဟု​ ပြောစရာရှိ​သော်ငြားလည်းပဲ ပြန်လည်သင့်မြတ်​စေခြင်းငှာ ညှိနှိုင်း​ဆောင်ရွက်ခြင်း (Reconciliation) ရင်ကြား​စေ့​​ဆောင်ရွက်ခြင်းသည် ယုံကြည်သူ​တွေနှင့်လည်း သက်ဆိုင်သည်ကို မြင်​တွေ့ရသည်။ အဘယ့်​ကြောင့်ဆို​သော် ဧဝံ​ဂေလိတရားကိုယ်၌ပင် ရန်ငြိမ်းခြင်းတရားဖြစ်သည်။ ​သခင်ယေရှုခရစ်​တော်ပင်လျှင် လူနှင့်ဘုရား မိဿဟာရဖြစ်​စေရန် (Reconciliation) လုပ်​ပေးခဲ့သူဖြစ်သည်။


အချုပ်အားဖြင့်ဆို​သော် မိမိတို့ယုံကြည်သူအ​ယောက်စီတိုင်းသည် ဖိ​လေမုန်ဩဝါဒစာ​စောင်မှ ပြန်လည်သင့်မြတ်​စေ​သော​ခေါင်း​ဆောင်၊ ပြန်လည်အခွင့်အ​ရေး​ပေး​သော ဖိ​လေမုန်၊ စစ်မှန်​သော ​နောင်တနှင့်အသက်တာကိုပြုပြင်​သော ဩ​နေသိမ် တို့၏အတုယူစရာများကိုဆင်ခြင်ရင်း ရန်ငြိမ်းခြင်းတရားဖြစ်​​သော ဧဝံ​ဂေလိတရားကိုလည်း ပြန်လည်​ဝေမျှကြဖို့ရန် အနည်းငယ်တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။


Titus Kyaw Nyi