ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ နေ့ရက်၊ နှစ်ကာလကြာသည်နှင့်အမျှ တီထွင်ဆန်းသစ်မှုပေါင်း များစွာနဲ့ ရှာဖွေတွေ့ရှိမှုများသည် တရက်ထက်တရက် များလာပြီး ကြားရ မြင်ရသူများသည် “ဟုတ်ပါ၏လော၊ ဟုတ်ရဲ့လော”ဟူသော မေးခွန်းများဖြင့် တန်ပြန်လာကြသည်။ လူသားတို့၏ ကြိုးစား လေ့လာရှာဖွေတွေက အမှန်တကယ်ဖြစ်ပြီး သက်သက်အထောက်အထားများလည်း ခိုင်မာလှသည်။ စမတ်ဖုန်းများ၏ လုပ်ဆောင်နိုင်မှုနှင့် ကွန်ပျူတာများ၏ အလုပ်လုပ်ပုံများသည် ထူးခြားလှကြောင်း မျက်မြင် လက်ရပင်ဖြစ်သည်။ ထိုသို့ ထူးခြားလှသောကြောင့် လူသားများသည်လည်း မိမိတို့၏ တီထွင်ဖန်တီးမှုနှင့် လုပ်ဆောင်နိုင်မှုများအပေါ်တွင် ဂုဏ်ယူဝင့်ကြွားကြသည်။ ဤကဲ့သို့ ဂုဏ်ယူဝင့်ကြွားမှု ပြုလုပ်ရာတွင် ဘုရားသခင်၏ဂုဏ်တော်ကို ထုတ်ဖော်ဝင့်ကြွား ချီးမြှောက်ခြင်းထက် မိမိတို့၏ လုပ်ဆောင်နိုင်မှုကိုသာ မိမိ၏ နာမည်ကို ဦးထိပ်ပန်ဆင်ကာ ၀ါကြွားကြသည်။ ဤသည်ကား ခက်ခဲလှပေသည်။ ခက်လှသည်ဟု ဆိုရခြင်းမှာ ဘုရားသခင်၏ ကြီးမြတ်မှုနှင့် အနန္တတန်ခိုးတော်ဖြင့် ဖန်ဆင်းပြုလုပ်စီရင်ထားခြင်းကို ဖော်ကျူး ဂုဏ်ဖော်ရမည့်အစား မိမိ၏ ကြိုးစားမှုကိုသာ ဟန်မာန်အပြည့်ဖြင့် ဂုဏ်ယူနေကြသောကြောင့် ဖြစ်သည်။ သူတို့၏ ရှာဖွေတွေ့ရှိမှုများသည်လည်း ဘုရားသခင်၏ အံ့သြဖွယ် ဖန်ဆင်းထားတော်မူခြင်းများကို ရှာဖွေ တွေ့ရှိခြင်းနှင့် ဘုရားသခင် ပြုလုပ်စီရင် ဖန်ဆင်းထားသည့် ဒြပ်ဝတ္ထုအစုစုကို စုပေါင်း၍ ကိရိယာ တန်ဆာပလာများကို တီထွင်လာနိုင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အခြေခံကျသည့် ကုန်ကြမ်းများကို ပေးထားသည့် ဖန်ဆင်းရှင်ဘုရားသခင်မြတ်အား ဦးစွာပထမ ချီးမွမ်းကြဖို့ အရေးကြီးလှပြီး ထို့နောက်မှ မိမိတို့၏ တီထွင်ဖန်တီးမှုများသည် ဘုရားသခင် ဥာဏ်ပညာ ပေးသနားမှုကြောင့် လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် မြင့်မားလှသော နည်းပညာများကိုလည်း ဘုရားသခင် ဖန်ဆင်းထားသော ဖန်ဆင်းခံများကတဆင့် နည်းနာယူကာ ပြန်လည်တခေတ်ဆန်းသစ် တီထွင်ခြင်းမျိုးလည်း အများအပြားရှိလှပေသည်။
သို့ပါသောကြောင့် နောင်လာလူငယ်မောင်မယ် မျိုးဆက်သစ်များအား တိုက်တွန်းအကြံပြု လိုသည်မှာ မိမိတို့သည် အောင်မြင်မှု တစ်စုံတရာကို ရယူနိုင်ခဲ့ပါက ဘုရားသခင်၏ နာမတော်ကို ဦးစွာချီးမွမ်းကြွေးကြော်ပြီးနောက်မှသာ မိမိအား ယခုကဲ့သို့ အောင်မြင်မှုပေးသည့် ဘုရားသခင်အား ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားသင့်ကြောင်း အနည်းငယ် အကြံပြု ရေးသားလိုက်ရပါသည်။
“ရယ်ချင်လို့ပါဗျ”
လူတွေ လူတွေ
ကိုယ့်ဥာဏ်ကိုလိုက် ရှာဖွေခိုက်
သိလာမြင်လာ အထူးအဆန်းများ
ငါသိပြီဟေ့ ငါတွေ့တာဟေ့
၀ူးဝူးဝါးဝါး ဟစ်ကြော်တအား
ရှောလမုန် ပြောစကား မှတ်သားထား
အမှုသစ်မရှိပါ နေအောက်မှာ
အလုပ်ပေးထားတာ ဘုရားသခင်ပါ
၀င့်ထည် ၀င့်ကြွား မလုပ်နဲ့ဟ
ရယ်ချင်လို့ပါဗျ ။
(ဒေ ၁း၁၃)
The God of the Bible is also the God of the genome. God can be found in the cathedral or in the laboratory. (Francis Collins)
The more I study nature, the more I stand amazed at the work of the Creator. Science brings men nearer to God. (Louis Pasteur)
Little science takes you away from God but more of it takes you to Him.
(Louis Pasteur - the founder of microbiology and immunology)
ဖေတာခင်မြင့်