ကျွန်တော်တို့ လူတိုင်း လူတိုင်းမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီး၊ လူမှုရေး၊ စီးပွားရေ၊ အိမ်ထောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စသဖြင့် တခုမဟုတ် တခုတော့ ရှိတတ်တယ်။ ဒီအရာတွေကို အရှုံးပေးပြီး နေထိုင်သွားတတ်ကြသူတွေရှိသလို၊ ဘဝကိုစွန့်ပြီး သေခြင်းကို ရွေးချယ်သွားကြသူတွေလည်း ဒုနဲ့ဒေးရှိပါတယ်။ တချို့ကတော့ စိတ်ကျဝေဒနာကို ခံစားရပြီး နာကျဥ်နေကြရပါတယ်။
ဘာဖြစ်လို့များ ဒီလိုတွေဖြစ်ကြသလဲဆိုတဲ့ ဇစ်မြစ်ကိုလိုက်ကြည့်တဲ့အခါမှာတော့ အဓိကပြဿနာက အဆင်မပြေလို့ဆိုတာကို နားလည်ရတယ်။ လူ့ရဲ့သဘောက အဆင်ပြေနေရင် ဘာမှမဖြစ်ဘူး။ အဆင်မပြေတဲ့အခါမှာ တခုမဟုတ်တခု တွေးပူလာတတ်သလို လုံးဝအဆင်မပြေနိုင်တော့ဘူးဆိုရင် တခုမဟုတ်တခုလုပ်မိတတ်လာတယ်။ ဒီလိုကနေ မျှော်လင့်ခြင်း မရှိတော့တဲ့အခါမှာ လောကကြီးကနေ ထွက်ခွာအရှုံးပေးလိုက်မိတော့တယ်ဆိုတာကို နားလည်ရပါတယ်။
ဒီအတွက် ကျွန်တော်က မိတ်ဆွေတို့ကို မျှော်လင့်ရာ သခင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ သခင်ယေရှုခရစ်တော်ပဲ ဖြစ်ပါတယ်။ မိတ်ဆွေရဲ့ မျှော်လင့်စရာမရှိတော့ဘူးလို့ ထင်နေရတဲ့ ခက်ခဲခြင်း၊ ငိုကြွေးရခြင်း၊ နာကျဥ်ခြင်း၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး စသဖြင့်ကို မျှော့်လင့်ရာဖြစ်စေသော မျှော်လင့်ခြင်းတွေအပြင် မိတ်ဆွေရဲ့ တမလွန်အရေးကိုပါ မျှော်လင့်စရာဖြစ်စေသော တမလွန်အတွက် တိကျတဲ့အဖြေကို အာမခံပေးတဲ့သခင်ဖြစ်ပါတယ်။
ဗာတိမဲဟုခေါ်သော မျက်စိမမြင်သော သူတောင်းစားတယောက်က လမ်းပေါ်မှာ တောင်းစားနေပေမယ့် ယေရှုခရစ်တော်လာတယ်ဆိုတာကို ကြားသိရတဲ့အခါမှာ သူက ကယ်မသနားဖို့ရာ အော်ဟစ်တယ်၊ သူတောင်းဆိုတာ ကယ်မသနားဖို့ဖြစ်တယ် သူတောင်းစားပေမယ့် ရွှေငွေ မတောင်းဘူး၊ ညစာ မနက်စာ တလစာတွေမတောင်းဘူး၊ သူ့ကိုကယ်နိုင်တယ်ဆိုတာကို သူသိတယ်။ ယေရှုခရစ်တော်ရဲ့ သတင်းကို သူကြိုကြားထားတာဖြစ်နိုင်တယ်၊ ကြားထားလို့ သူ့ကိုကယ်တင်နိုင်တယ်ဆိုတာကို သူသိနေတာဖြစ်တယ်။ သူဘယ်လိုအော်ပါစေ လူတွေက တိတ်တိတ်နေဖို့ပဲပြောတယ်၊ သို့သော် သူဟာသာ၍ဟစ်အော်တယ်ဆိုတာကိုတွေ့ရတယ်။ သူ့ရဲ့ဟစ်အော်ခြင်းကြောင့် ယေရှုတောင်ရပ်သွားတယ်၊ ကယ်မသနားတယ် မျက်စိမြင်သွားရတယ်ဆိုတာကို တွေ့ရပါတယ်။
ရှင်မာကုခရစ်ဝင် ၁၀:၄၉
ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကို ခေါ်တော်မူသည်ဟုဆိုကြ၏။
ဒီလိုပဲ ကျွန်တော်တို့ရဲ့ အဆင်မပြေခြင်းတွေကို ထိုသခင်ကိုကယ်မသနားပါလို့ အော်ဟစ်တဲ့အခါမှာ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်စွာနေဖို့ပြောကောင်း ပြောနိုင်ပါတယ်။ နင့်အဆင့်နဲ့ တန်လို့လား၊ ဖြစ်မှာပေါ့ အသုံးမှမကျတာ၊ ကျပြန်ပြီလား၊ ကုန်ပြီဆိုလဲ သေလိုက်တာအေးပါတယ် စသဖြင့် အမျ်ုးမျိုးသော တိတ်ဆိတ်စွာနေဖို့ဟန့်တားသော သူတွေကို ကြုံရသော်လည်း ဗာတိမဲကဲ့သို့ ထိုသူတွေ၊ ထိုစကားသံတွေကို ဂရုစိုက်မနေဘဲ သာ၍ဟစ်အော်တတ်သောသူတွေဖြစ်ပါစေ။ သာ၍ ကိုးစားပြီး၊ သာ၍ သစ္စာရှိစွာ ကိုးကွယ်တတ်သောသူတွေဖြစ်စေဖို့ သတိပြုပါ။ ယေရှုခရစ်တော်သည် ထိုသို့သောသူကို ကျော်မသွားဘဲ ရပ်တော်မူတယ် ဆိုတာကိုသင်မြင်တွေ့ရမယ်လို့ အားပေးချင်ပါတယ်။
ထိုသို့သော အရာတွေ အတွက်သာမကဘဲ နောင်တမလွန်အရေးကိုလဲ အာမခံပေးတဲ့ သခင်ဖြစ်သောကြောင့် မိတ်ဆွေရဲ့ သေခြင်းတရားအတွက် တိကျတဲ့အဖြေကို ပေးစွမ်းလို့ အာမခံပေးတဲ့သူကလည်း ထိုသခင်ယေရှုခရစ်တော်ပဲဖြစ်တယ်။ ဒါ့ကြောင့် ကယ်မသနားသော ကျေးဇူးတော်သည် ယခုဘဝနောင်ဘဝအတွက်ရှိတယ်ဆိုတာကို မြည်းစမ်းချင်တယ်ဆိုရင် သင်ခေါ်ကြည့်ပါ အော်ဟစ်ကြည့်ပါ။ သင့်အတွက် ကယ်တင်ခြင်းသည် ယနေ့ပင်ဖြစ်တယ်။
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi