တိုက်ဆိုင်ခြင်း အိပ်မက် (ဝါ) စေခိုင်းတော်မူခြင်း

 

အပိုင်း (၁)

ဆိုင်ကယ်တစင်း အိမ်ရှေ့အပေါက်၀ထဲ တိုး၀င်သွားတယ်

ဒါဟာ ရင်းနှီးမှုတခုနဲ့ လားလားမျှမဆိုင်

တံခါးမကြီးကတော့ သံတန်းပဲ အပြာရောင်ဆေးသားတွေတောင် လွင့်ပြယ်လို့

သစ်ပင်ပန်းပင်တွေနဲ့ လေနုအေးတွေလည်း တိုက်ခတ်


အခန်း(၂)

အခန်းတံခါးကို တွန်းဖွင့်ပြီး အထဲ၀င်လိုက်တယ်

ဒီအခါမှာ ကလေးတယောက် ပျော်လို့

ကစားဖော်ရတဲ့အလား

ဗီဒီယိုဂိမ်းတွေအခုချင်း အချပ်လိုက်ပြလိုက်၊ ဇာတ်ကားတွေ တကားပြီးတကား ပြလိုက်နဲ့ အလုပ်ရှုပ်နေ

သူစိမ်းအလယ်မှာ သူစိမ်းတယောက် ရောက်

ဒီအခါမှာ တီတီတာတာ ကလေးအကြည့်နဲ့တပြိုင်တည်း ရွာချခါနီး မည်းမှောင်တဲ့ တိမ်လိပ်နဲ့ အလားသဏ္ဍာန်တူညီတဲ့ အခန်းထောင့်တနေရာက မျက်နှာထားခပ်တင်းတင်း စောင့်ကြည့်သူတယောက်

ကလေးနဲ့သူစိမ်း ကစားကောင်းတုန်း


အခန်း(၃)

အချိန်နာရီလင့်ခါစပြုလာတော့ ပြန်ထွက်ဖို့ နာရီကြည့်တော့ 

ညနေ ၄နာရီထိုးဖို့ တချက်အလို

ကျနော်ပြန်တော့မယ်နော်

အေး ပြန်သင့်တာကြာပြီ

ကလယ် ကလယ်နဲ့ ၀မ်းနည်းစိတ်နဲ့ကြည့်တဲ့ကလေးမျက်နှာက တွန်းထုတ်နေသလား

တံခါးတွန်းဖွင့်လိုက်တဲ့အချိန်

သောကဗျာပါဒများနေတဲ့ လူနာတယောက် အခန်းကို ရောက်သွား

လူနာစောင့်လည်း ဘေးမှာ အရံသင့်

ဆောရီးဗျာ… အခန်းတံခါးမှားသွားလို့

မင်္ဂလာရှိပါစေ

ဒိပြင်စကားလည်း မပြောတတ်တော့ဘူး


အခန်း(၄)

အိမ်ပြင်ရောက်လာတော့ ပြင်ဆိုင်ပို့ရတော့မယ့် ဆိုင်ကယ်က ရေဆေးလိုက်ရင် အနည်းငယ်သက်သာမယ်အထင်နဲ့ ရေကန်နားအသွား

လက်တစုစာ အလုပ်သမားတွေကလည်း သူစိမ်းကို ကြည့်လို့

သူစိမ်းကလည်း ပြန်ကြည့်လို့

အလုပ်သမားတယောက် ထွက်လာတယ်

သေအံ့ဆဲဆဲပုံစံမျိုး

ငါထွက်တယ်… ငါသွားပြီကွာ

နေဦး နောက်မိနစ်အနည်းငယ်လောက်ဆို မင်းသေသွားနိုင်တယ်

ဒါက သူစိမ်းရဲ့အသံ

သူစိမ်းရဲ့ ကရုဏာဒေါသောက ခြံပြင်ရောက်မှ အရှိန်မြှင့်

အသားမည်းနက်တဲ့ ဘင်္ဂလီသားတယောက်ရဲ့ အားအင်တွေ ဆုတ်ယုတ်နေပြီ

သေချာတယ် သူသေရတော့မယ်

သူ့ဘော်ဒါတွေလည်း မတတ်သာတဲ့မျက်နှာဟန်ပန်

ငါ သေရတော့မယ်

နှုတ်က တဖြည်းဖြည်း တိမ်၀င်


အခန်း (၅)

မသေခင် ဒါလေးတော့ ကြားဖို့သင့်တယ်

နားထောင်ပါမိတ်ဆွေ သူစိမ်းပြောပါမယ်

သခင်ယေရှုက အပြစ်တွေအားလုံးကို ချေဖျက်လိုက်ပြီ

သူ့ကို ယုံကြည်ရင် ဒီဘ၀သာမဟုတ်ဘူး နောင်ဘ၀အထိပါ ထာ၀ရအသက်ကို ရမှာ

သေချာတာကတော့ မင်း မသေနိုင်တော့ဘူး

ဒီဘ၀က လွတ်မယ်

သူ့ကို ယုံကြည်ရမယ်

လက်ခံလိုက်

ဖိတ်ခေါ်လိုက်

ကြက်တွန်သံနဲ့အတူ သူစိမ်းရဲ့စကားက ။


စဲလာအို