အီသန်သို့


အီသန် ...
ဒီနေ့ဟာ ... ငါ့ရဲ့ Redmi Note 3 ဖုန်းလေးကို အမှတ်မထင်ဘဲ ဆုံးရှုံးခဲ့ရတဲ့နေ့လေးပေါ့ ။
မနှစ်က ဒီလိုနေ့မှာ ... ငါဟာ ... ပြင်ဦးလွင်ကနေ မန္တလေးကို ပြန်လာတဲ့ Light Truck ကားတစ်စီးပေါ်မှာ ရှိနေခဲ့တယ် ။ 
အဲဒီနေ့က ... ရှေ့ဆုံးမှာ ငါနေရာယူပြီး ထိုင်နေမိခဲ့တယ် ။ 
နင်သိတယ်မလား ... ​တောင်လှေကားမြို့တော်လို့ နာမည်ရတဲ့ ပြင်ဦးလွင်မြို့က ကားလမ်းမတွေရဲ့ ကွေ့ကောက်မှုတွေကိုပေါ့  ။ 
အီသန် ... အဲဒီနေ့က ငါ့ခေါင်းတွေ အရမ်းမူးတယ် ။ 
ငါ ငယ်ငယ်က ကားစီးရင် ခေါင်းမူးပြီးတော့ အော့အန် ဖူးတယ်ဆိုတာ နင်မှတ်မိတယ်မလား ။ 
နင် မှတ်မိချင်မှလည်း မှတ်မိမှာပါ ။ 
နင်က ငါ့ကိုဆို အမြဲတမ်း မေ့နေကျမဟုတ်လား ။
ခုနက စကားကို ပြန်ဆက်မယ် ။
ငါ ခေါင်းမူးလို့ ငါ့ရဲ့တခုတည်းသော ဖုန်းလေး (ဆရာတယောက်ကလက်ဆောင်ပေးထားတဲ့ဖုန်းလေး)ကို ငါဖွင့်ပြီး သီချင်းနား‌ထောင်တယ် ။ 
နင်သိလား သီချင်းသံတွေဟာ ... ငါ့ရဲ့ မူးနောက်နေတဲ့ စိတ်တွေကို အာရုံလွှဲပြောင်းစေနိုင်တယ်ဆိုတာ ကိုပေါ့ ။
အီသန်ရယ် ... မမျှော်လင့်ခဲ့ပါဘူး။ 
ဘယ်တုန်းကမှလည်း မထင်ထားခဲ့ဘူးလေ ။
ရုတ်တရက်ကြီး ငါ့ဖုန်းလေးဟာ မြောက်ကြွသွားတဲ့ ကားအရှိန်ကြောင့် ငါ့ပေါင်ပေါ်ကနေ ထခုန်သွားပြီး ကားလမ်းမထက်ကို ပြုတ်ကျသွားခဲ့တယ် ။ 
အစကတော့ ... ငါလည်း ကားလမ်းမပေါ်လို့ ဘယ်ထင်ပါ့မလဲလေ ။ ‌
ကားထိုင်ခုံအောက်တွေထဲမှာလို့ ထင်ခဲ့တာ ။ 
အဲဒီအထင်နဲ့ ပေါ့ဆခဲ့မိတာ ။ 
ငါတို့ မန္တလေးကိုရောက်တော့မှ ငါ့ဖုန်းလေးဟာ ငါထင်သလိုမျိုး ငါဖြစ်စေချင်သလိုမျိုး ကားထိုင်ခုံအောက်တွေမှာ ရှိမနေခဲ့ဘူး အီသန် ။
ဖုန်းလေးဟာ ... ပြင်ဦးလွင်ကားလမ်းမတစ်နေရာမှာ အစိတ်စိတ်အမွှမွှ ကွဲကြေသွားခဲ့ပြီလေ ။
တစစီ ဖြစ်သွားမဲ့ ငါ့ဖုန်းလေးကို 
စိတ်နဲ့ ‌မြင်ယောင်ကြည့်မိတော့ ...
ငါ့ရင်ဘတ်ကြီးက ရုတ်တရက်နာလာတယ် ။
သက်မဲ့ပစ္စည်းလေးတစ်ခုပါ အီသန် ။
ဒါပေမဲ့ ... ငါ့ဘေးနားမှာ သူကတစ်ချိန်လုံးရှိနေခဲ့တာလေ ။
တနည်းပြောရရင် ငါ့ကို အဖော်လုပ်ပေးနေခဲ့တာ ။  
အီသန် ... ငါချစ်မြတ်နိုးရတဲ့အရာတွေဆို ငါ့လက်ထဲမှာ ကြာကြာမမြဲဘူး ။
နင်ကစလို့ပေါ့ ။
ငါနင့်ကို အမှတ်မထင်ဘဲ ဆုံးရှုံးလိုက်ရတာ ။ 
မဟုတ်သေးဘူး ။ 
ဆုံးရှုံးတယ်လို့ ပြောရအောင်ကလည်း ငါမှ နင့်ကို မပိုင်ဆိုင်ဖူးပဲကိုး ။ 
ငါ နင့်ကိုမေးချင်တယ် အီသန် ။ 
နင့်ဘဝမှာရော ...တစ်စုံတခုကို ဆုံးရှုံးခဲ့ဖူးသလား ။ 
နင်အမြတ်တနိုးနဲ့ တန်ဖိုးထားရတဲ့ အရာတခုခုပေါ့ ။ ထားပါတော့ ။ 
နင်ဆုံးရှုံးဖူးမှာ မဟုတ်ပါဘူး ။
နင် ငါ့ရဲ့ ခံစားချက်ကိုလည်းနားလည်မှာ မဟုတ်ပါဘူး ။ 
နင့်ကိုဆုံးရှုံးလိုက်ရပြီလို့ သိလိုက်ရတဲ့နေ့မှာလေ ... ငါတယောက်ထဲ ကမ္ဘာတွေပျက်ပြီး တဖက်သက် ရင်ကွဲနာကျခဲ့ရတဲ့ အဖြစ်အပျက်‌တွေ ရှိသေးတယ်ဆိုတာကို ... 
ဘုရားကလွဲရင် ... ဘယ်သူမှ သိနိုင်မယ်မထင်ဘူး။ နင်လည်း မသိခဲ့ဘူးလေ ။
အီသန် ... ငါဘယ်‌တော့မှ မပိုင်ဆိုင်ရတဲ့
ပိုင်ဆိုင်ခွင့်မရှိတဲ့  
ငါမြတ်နိုးရတဲ့ 
ငါ့ရဲ့ဆုံးရှုံးမှုလေးဟာ နင်ပဲပေါ့ ... အီသန် ။ 
ဒါပေမဲ့ အီသန်ရယ် ...
ငါတို့တွေ ဆုံးရှုံးမှုတွေနဲ့ ကြုံတိုင်း ဘုရားသခင်ကို အပြစ်မတင်သင့်ဘူးမဟုတ်လား ။ 
ဘလို့လဲဆို‌တော့ ... အရာရာတိုင်းအတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းသင့်လို့ပဲ။ 
ငါ့ဖုန်းလေးကို ဆုံးရှုံးပြီးလို့ မကြာဘူး ။ 
နောက်တလမှာ ငါ့ဖုန်းအမျိုးအစားထက် ငါးဆသာတဲ့ဖုန်းကို ငါကိုင်ခွင့်ရခဲ့တယ် ။ 
ဒါဟာ... ဘုရားရဲ့ပြင်ဆင်ပေးမှုတွေပါပဲ အီသန် ။ 
ဘဝမှာ ငါဆုံးရှုံးဖူးခဲ့သမျှတွေ အထဲမှာ နင့်ကို ပြန်မရတာကလွဲရင် ... ကျန်တာတွေတော့ ငါပြန်လည်ရရှိပါတယ် ။ 
ဘုရားရဲ့ကျေးဇူးတော်ကြောင့်ပေါ့ အီသန်။

ဆားတစ်ပွင့်