နိဒါန်း
စာရေးသူသည် ခရစ်ယာန်တစ်ဦးလုပ်သင့်သည့် ကျမ်းစာဖတ်ခြင်းကို
ပုံမှန်လုပ်ဖြစ်သည်။ ဣသရေလတို့၏ ရာဇဝင်၊ အထူးသဖြင့် ဘုရင်များအကြောင်း မှတ်တမ်းတင်ထားသည့်
ဓမ္မရာဇဝင်ကျမ်းများကို ဖတ်ရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ အခြားတစ်ဖက်တွင် ရာဇဝင်ကျမ်းဖြစ်သည့်အတွက်
နာမည်များစွာ မှတ်တမ်းတင်ထားသည်။ ထိုနာမည်များကို အသံထွက်ဖတ်ရသည်မှာ ခက်လှသည်။ သို့သော် သမိုင်းဆိုင်ရာ အချက်အလက်ဖြစ်သလို ဓမ္မဗဟုတလည်းတိုးခြင်းကြောင့်
တစ်ခန်းမှမကျော်ပဲ ဖတ်ဖြစ်ခဲ့သည်။ ထိုသို့ဖတ်နေရင်း သတိထားမိသည့် စကားလုံးတစ်လုံးရှိခဲ့သည်။
ထိုစကားရပ်မှာ အာရှတရက်/အာရှရပင်ဖြစ်သည်။ ဤစာအား အရင်ကတွေ့ဖူးဖတ်ဖူးသော်လည်း
ဂဃနဏ အသိ မလေ့လာဖြစ်ပေ။ ထို့ကြောင့် ဤအကြောင်းအရာကို သေချာလေ့လာကြည့်မှပဲဟု
စိတ်ထဲတွင် မှတ်ယူခဲ့သည်။ တစ်ရက်တွင် တရားဟောဖို့ အခွင့်ရသည်နှင့် မိမိလေ့လာချင်သည့်
အာရှတရက်/အာရှရပင်အကြောင်း လေ့လာဖြစ်ခဲ့သည်။ ထိုအကြောင်းကို လေ့လာရင်း
ထိုထဲမှ ဝိညာဥ်ရေးရာသင်ခန်းစာယူနိုင်ဖို့ ဤဆောင်းပါးတွင် တင်ပြထားပါသည်။
ဖတ်ရန်ကျမ်းပိုဒ်
ကနဦးအနေဖြင့် အာရှတရက်/အာရှရပင်မိတ်ဆက်အနေဖြင့် ကျမ်းနှစ်ပိုဒ်ကို
စာဖတ်သူများအား ဖတ်စေလို သည်။ ယင်းမှာ ၄ ဓမ္မရာဇဝင် ၁၈း၁-၄ (ဟေဇကိမင်းကြီးအကြောင်း)
နှင့် ၄ ဓမ္မရာဇဝင် ၂၁း၁-၃ (ဟေဇကိမင်းကြီး၏သား
မနာရှေ) တို့ဖြစ်သည်။ ဖြစ်စဥ်အကျဥ်းမှာ မင်းကြီးဟေဇကိသည် ထာဝရဘုရား၏
တရားတော်ကိုနာခံလိုက်လျှောက်သည့် ဘုရင်ဖြစ်သည်။ အာရှရပင်များကို
ဣသရေလမြေမှရှင်းလင်းစေခဲ့ သည်။ သို့သော် ဘုရင်မနာရှေသည် သူ့အဖေခြေရာကိုမနင်းခဲ့ပါ။
သူသည် သူ့အဖေရှင်းလင်းခဲ့သည် တိုင်းတပါးသားဘုရားများကို ပြုပြင်ကာ
ကိုးကွယ်ဆည်းကပ်ခဲ့သည်။
နောက်ခံရာဇဝင်
အထက်ပါအဖြစ်အပျက်မှာပါသည့် အာရှတရက်/အာရှရပင် သည်မည်သို့နည်း? ယင်းနောက်ခံအကြောင်း အရာအား အနည်းငယ် တင်ပြလိုသည်။
အာရှတရက်သည် ခါနာနိလူများ၏နတ်ဘုရားမတစ်ပါးဖြစ်သည်။ အယ်လ်ဘုရား၏ ဇနီးဖြစ်သည်။ ပြီးတော့ ဗာလဘုရား၏ကြင်ရာတော်လည်းဖြစ်သည်။ ခါနန်လူမျိုးများရဲ့ဒဏ္ဠာရီအရ ဤမိခင်နတ်ဘုရားမ အာရှတရတ်သည် ဖန်ဆင်းရှင်နတ် အာလ်နှင့်အတူ အခြားဘုရား အများဖန်ဆင်းခဲ့သည်ဟုဆိုသည်။ ခါနန်လူမျိုးများသည် အာရှတရတ်နတ်ဘုရားမအား ရာရှသရက်ပင်နှင့် ပူးတွဲယှဥ်ပြီးကိုးကွယ်ခဲ့သည်။ ခါနန်လူမျိုးတို့ ကိုးကွယ်သည့် အခြားနတ်ဘုရား ၇၀ကို သူမ ဖန်ဆင်းခဲ့သည်။ သူသည် နတ်ဘုရား ဗာလ၏မိခင်လည်းဖြစ်သည်ဟု ဆိုပြန်သည်။ မျိုးဥပါသောနတ်ဘုရားမဖြစ်ပြီး နတ်ဘုရားအာလ်နှင့် ပေါင်းစပ်ပြီး အခြားနတ်ဘုရားများကိုလည်း မွေးထုတ်ခဲ့သည်။
ဘာသာမဲ့တို့၏ထိုးနက်မှု
ခရစ်ယာန်ဘာသာကိုတိုက်ခိုက်သော အချို့သောဘာသမဲ့များနှင့် ကျမ်းတတ်ပညာရှင်တို့သည် ဤနတ်ဘုရားမနှင့် ဣသရေလတို့ကိုးကွယ်သော ထာဝရဘုရားနှင့် ချိတ်ဆက်ကြသည်။ ဘုရား၏ အမေ့လျော့ခံ ဇနီးဖြစ်သည်ဟု ဆိုကြသည်။ ဣသရေလစကားတွင် ဘုရား၏နာ၌ အာလ်ဆိုသည့် စကားရပ်ပါခြင်း ကြောင့်ဖြစ်တန်မည်။ သို့သော် သူတို့၏စွပ်စွဲချက်တို့သည် ကျမ်းစာနှင့် ကိုက်ညီမှုမရှိပေ။ ကျမ်းစာက ဘုရား၌မိန်းမရှိသည်ဟုမဆိုထားပါ။ ဘုရားသည်နံဝိညာဥ်ဖြစ်သည် (ယောဟန် ၄း၂၄)။ နံဝိညာဥ်၌ ကျား/မသဘော (လိင်) မပါဝင်ပေ (မဿဲ ၂၂း၃၀၊ လုကာ ၂၀း၃၄-၃၆)။ ထို့ပင် ကျမ်းစာ၌ အာရှတရတ်အကြောင်း ကွယ်ဝှက်မထားပဲ တင်ပြထားသည်။
ဓမ္မဟောင်းကျမ်းပါ အာရှတရတ်/အာရှရပင်
ကျမ်းစာ၌ အာရှရပင်အကြောင်း ထွက် ၃၄း၁၃ ပထမဦးဆုံးတွေ့ရသည်။ “သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့အာရှရပင်များကို ခုတ်လှဲရမည်။” ဟု ဖော်ပြထားသည်။ ထို့ကြောင့် ဣသရေတိုင်းပြည်ရယ်လို့မဖြစ်မှီ၊ နာခါန်ပြည်တွင် အာရှတရတ်နတ်ဘုရားမ ကိုးကွယ်ခြင်းသည် ရှိနှင့်နေပြီး ဖြစ်ကြောင်းတွေ့ရသည်။ ထို့ပင် ဘုရားသခင်သည် ထိုနတ်ဘုရားများကို လက်ခံကြောင်းမရှိပဲ၊ သူတို့အား ရှင်းရှင်းဖျက်ဆီးရန် အမိန့်ပေးထားနှင့်ပြီးဖြစ်သည်။ ဣသရေလူမျိုးများ သည် အီဂျစ်ပြည်တွင် နှစ်ပေါင်းလေးရာကျော်နေထိုင်ခဲ့ရပြီး အီဂျစ်နတ်ဘုရားကိုးကွယ်မှုတို့ ၏လွမ်းမိုးမှုခံခဲ့ ရသည်။ အီဂျစ်တို့၌ နတ်ဘုရားများစွာ ရုပ်တုများစွာရှိသည့်အတွက် ထိုအရာများက ဣသရေလတို့မျက်စိနှင့် စိတ်ထဲတွင် စွဲကပ်နေပေမည်။ ထို့ကြောင့် ခါနန်တိုင်းအား သိမ်းပိုက်သည့်ချိန် ထိုပြည်ရှိနတ်ဘုရား ရုပ်တုတိုင်များကို ဖျက်ဆီးစေခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို အီဂျစ်ပြည်မှ ကယ်နှုတ်သော မမြင်နိုင်သော၊ ရုပ်တုဆင်းတုကိုမလုပ် ခိုင်းသော ထာဝရဘုရားအားမေ့လျော့ပြီး အခြားမြင်ရသော ရုပ်တုရှိသော ဘုရားများကို ကိုးကွယ်ဆည်းကပ်မည်ဖြစ်ခြင်းကြောင့်တည်း။ ထွက် ၃၂း၁-၆ ကအဖြစ်အပျက်ကို ဖတ်ကြည့်ပါ။
ဘုရားသခင်တားမြစ်သည့်ကြားမှ ဣသရေလတို့သည် အခြားသောဘုရားများကို ကိုးကွယ်ခဲ့ကြသည်။ တရားသူကြီးခေတ်တွင် “ထာဝရဘုရားကိုစွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်” လာသည်။ (တရားသူကြီးမှတ်စာ ၂:၁၃)။ “တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု၍ ထာဝရဘုရားကို ဝတ်မပြု စွန့်ထားကြ၏။” တရားသူကြီးမှတ်စာ ၁၀:၆
နောင်းပိုင်း ဘုရင်များလက်ထက်တွင်လည်း အာရှရပင်စိုက်ခြင်း အာရှတရတ်
ကိုးကွယ်ခြင်းများဖြင့် ဘုရားသခင်၏အမျက်ဒေါသကို နှိုးဆွခဲ့သည်။ အဆိုးဆုံးမှာ
အာဟပ်မင်းဖြစ်သည် (၃ရာ ၁၆း၃၃)။ ထိုနတ်ဘုရားယဇ်ပလ္လင်တည်သည့်ဘုရင်က တည်၊
ထိုအရာများကို ဖျက်ဆီးသည့်ဘုရင်များကဖျက်စီး စသည်ဖြင့် ဤနတ်ဘုရားမနှင့်ပတ်သက်ပြီး
ကျမ်းစာတွင် အကြိမ် ၄၀လောက် ဖော်ပြထားကြောင်း လေ့လာ မှတ်သားရသည်။ ဘုရားဘက်တော်သား
ဘုရင်များနှင့် ပရောဖက်များက ထိုနတ်ဘုရားကိုးကွယ်မှုတို့အား ရဲရဲတောက်
တိုက်လှန်ခဲ့ကြသည်။
ဝိညာဥ်ရေးရာသင်ခန်းစာ
၁။ ဣသရေလလူတို့ကျရှုံးခြင်းအစသည် အခြားသောနတ်ဘုရားများကို
နေရာပေးလိုက်ခြင်းမှစသည်။ ဥပမ ရှင်ဘုရင်ရှောလမုန်ကိုကြည့်ပါ။ မိန်းမအများကို
နယ်မြေစုံမှယူတယ်။ သူတို့နတ်ဘုရားယစ်ပလ္လင်ကိုတည်ဖို့ ခွင့်ပြုတယ်။ နောက်သူလည်း
ပါသွားတယ်။ အခြားဘုရင်တွေလည်းထိုနည်းတူပင်။ အကျိုးဆက်ကားကြီးလှ ပေသည်။ “ဆယ်ခရိုင်ကို
နုတ်ရသောအကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ်သမီး အာရှတရက်၊
မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံတို့ကို ကိုးကွယ်သဖြင့်၊
အဘဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌မှန်သောတရား၊
ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ
ငါ့လမ်းတို့သို့မလိုက်။” ဓမ္မရာဇဝင်တတိယစောင် ၁၁:၃၃။ အခြားနတ်
ဘုရားကို နေရာသေး သေးလေးပေးလိုက်တယ်၊ နောက်အဲဒါက အကြီးကြီးဖြစ်လာပြီး
ဝါးမြိုသွားတယ်။ ဒါကြောင့် ကျမ်းစာက စာတန်ကို အခွင့်မပေးကြနှင့်ဟု
သတိပေးထားခြင်းဖြစ်သည်။ ဧဖက် ၄း၂၇ ကိုဖတ်ပါ။ အင်္ဂလိပ်ကျမ်းတွင် do not give the devil a foothold ဟုဆိုထားသည်။ “ခြေကုပ်”
မပေးနှင့်ဟု သတိပေး ထားသည်။ ခြေကုပ်သည် သေးငယ်သည့်နေရာကနေစသည်။ အပြစ်လုပ်ဖို့ “တစ်ခါထဲပါ”ဟု
ခရစ်ယာန်အများ ဆင်ခြေပေး တတ်ကြသည်။ ထိုတစ်ခါထဲမှအစပြုပြီး နောင်တွင် ယင်း၏ကျေးကျွန်အဖြစ်
ဖြစ်သွားတတ်သည်။
၂။ ဘာသာရေးရောယှက်မှုဝါဒအား သတိပြု။ ယနေ့ခေတ်အား
ဘာသာရေးရောယှက်မှု အန္တာယ်ကြီးမား လာနေသည်။ ဘာသာတိုင်းကောင်းတယ်ဆိုပြီး
ဟိုဘာသာမှကောင်းနုတ်ရာရာ၊ ဒီဘာသာမှကောင်းနုတ် ရာရာကိုယူပြီး ဘာသာတရားရောယှက်မှုတွေဖြစ်လာသည်။
အခြားဘာသာလုပ်တဲ့အရာတွေကို ခရစ်ယာန်ဖြစ်တဲ့သူက လုပ်ချင်လုပ် သည်။ ဤနေရာမှာ
တစ်ချက်အထူးသတိထားရမည်မှာ အခြားဘာသာ ဝင်တို့နှင့်
သက်ဆိုင်သည့်ဘာသာရေးပစ္စည်းများနှင့် ရောယှက်မှုမရှိစေရန် လည်းသတိပြုရမည်။ ဥပမာ အာရှတရတ်နှင့်တွဲ
တာက အာရှရပင်၊ ဗုဒ္ဓနှင့်တွဲတာက စေတီပုထိုး၊ဆင်းတုတော်တို့ညောင်ပင်တို့ဖြစ်သည်။
ဤအရာများနှင့် ကျနော်တို့သည်မသက်ဆိုင်ပေသည်။ မရောယှက်ဖို့သတိထားပါ။
၃။ ဝိညာဥ်ရေးရာ အာရှရပင်များကို ရှင်းလမ်းရန်လိုအပ်သည်။ ကျနော်တို့သည် အာရှတရတ်နတ်ဘုရားမအား ကိုးကွယ်ခြင်းမရှိဟု ဆိုသော်လည်း၊ ထာဝရဘုရားထက် အခြားအရာကို ဦးစားပေးနေပါက ဝိညာဥ်ရေးရာ၌ အာရှရပင်များကို စိုက်နေသကဲ့သို့ဖြစ်မည်။ ဘယ်အရာက သင့်ကိုစိုးမိုးနေသလဲ။ ဘယ်အရာက သင့်ကို နိုင်နေသလဲ? ကျမ်းစာက ဤသို့သတိပေးထားသည်။ ၂ပေ ၂း၁၉, ‘’လူကို နိုင်သောအရာသည် လူ၏သခင် ဖြစ်၏။” ဘုရား မနှစ်သက်သည့် မည်သည့်အရာကို ကျနော်တို့စိုက်နေမိလဲ? သမ္မာတရားပါ တန်ဖိုးထားမှု၊ အမြင်တွေထက် လောကီက တန်ဖိုးထားမှု၊ လောကီ၏အမြင်များကို ကျနော်တို့လက်ခံမိနေသလား? ကျမ်းစာက ဒီလိုပြောနေသော်လည်း လောကပညာအတတ်က ထိုသို့မပြောဟုဆိုကာ ကျမ်းစာကို စျေးဆစ်မိနေလား? တရားဟောရာကျမ်း ၁၆း၂၁ ကလည်း ဤသို့သတိပေးထားပြန်သည်။
“သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ သင်တည်သော
ယဇ်ပလ္လင်အနားမှာ အဘယ်သို့သော အာရှရပင်ကိုမျှ မစိုက်ရ။” ထွက် ၃၄း၁၃
တွင် အာရှရပင်ကိုခုတ်ရမည်ဟု ဆိုထားသည်။ ကျနော်တို့ဝိညာဥ်ရေးရာ၌ ရှင်းလင်းရမည့်
အာရှရပင်များရှိနေသလား။
အမြန်ဆုံးရှင်းလင်းပါ။
အာရှတရက်/အာရှရပင် ၏နောက်ခံရာဇဝင်အား အောက်ပါ ဝက်စိုက်မှ ကိုးကားသည်။
https://www.christianity.com/wiki/bible/what-is-an-asherah-pole.html
အဒီး (မှော်ဘီ)