လမ်းလို့ဆိုကတည်းက အမျိုးမျိုးတော့ရှိပေမည်။ မည်သည့်အရာကို မူတည်၍ ခေါ်ဆိုကြသလဲဆိုတာကတော့ အမျိုးမျိုးကွဲပြားခြားနားကြမည်ဖြစ်သည်။ ဆိုကြပါစို့ ဆယ်တန်းအောင်စာရင်းတွေထွက်လျှင် အမှတ်တွေအပေါ်မူတည်ပြီး ဘယ်တက္ကသိုလ်တက်ဖို့ လျှောက်ကြမယ်၊ ဝင်ခွင့်တွေဖြေကြမယ် စသဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ စသဖြင့် အမျိုးမျိုးသော လမ်းတွေကွဲသွားကြမှာဖြစ်သလို ကျွန်တော်တို့အယောက်စီတိုင်းရဲ့ တမလွန်အရေးသည်လဲ ထို့အတူဖြစ်ပါတယ်။ မိမိ၏သွားရမည့် လမ်းကို မိမိတို့သိသင့်ပေသည်။
ရှင်မဿဲခရစ်ဝင် ၇:၁၃-၁၄
ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။
အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။
မှန်းတုန်းကတော့ ဆရာဝန်ပါ ဒါပေမယ့် လွဲသွားတယ်၊ တက်ချင်တာက အင်ဂျင်နီယာပါ အမှတ်လေးကပ်လိုသွားတယ် စသဖြင့်တွေကြုံရကာ လမ်းလွဲသွားလို့ အခြားကျောင်းကိုတက်လိုက်ရသူတွေလဲဒုနဲ့ဒေးရှိပါတယ်။ သို့သော် သူသည် အခြားကျောင်းတက်၍ အခြားအရာ၌ ထူးချွန်သောသူဖြစ်နိုင်သေးသော်လည်း ထိုကဲ့သို့ တမလွန်အရေးသာ လမ်းချော်သွားလျှင် လေမုန်တိုင်းထဲ လွင့်ပါသွားသောပြာမှုန့်အလား လမ်းပျောက်သွားပေမည်။ ပြန်လည်ကာ အခွင့်အရေးမရှိတော့ချေ။
ဆယ်တန်းစာမေးပွဲတွင် ငါးဘာသာ အမှတ်ပြည့်ရနေပါစေဦးတော့ တစ်ဘာသာကျလျှင် ကျသကဲ့သို့ မိမိတို့၏ နေ့စဥ်ကောင်းသောအရာနှင့်မကောင်းသောအရာတို့သည် မည်သည်ကပိုများသနည်း။ ပိုလုပ်မိကြသနည်း။ တနည်းဆိုသော် ကုသိုလ်တပဲ၊ ငရဲတပိဿာ မဟုတ်ပါလား။ ဥပမာဆိုကြပါစို့ မိတ်ဆွေသောက်မယ့် ရေခွက်ထဲမှာ မတော်တဆ သူများရဲ့တံတွေးစလေးဝင်သွားရင် ဆက်သောက်မလား။ ကျွန်တော်တို့စားမယ့် ကြယ်ငါးပွင့်ဟော်တယ်က ဟင်းလျာတစ်ပွဲမှာ မတော်တဆအိမ်မြှောင်ရဲ့ မစင်ပါသွားရင် ဘယ်လောက်ဈေးကြီးပါစေ၊ ဘယ်လောက်မွှေးကြိုင်၍ အနံ့အရသာနှင့်ပြည့်စုံသော နတ်သုဒ္ဓါအလား ဖြစ်နေပါစေဦးတော့ သင်ဆက်စားမလား။ ဒီလိုပါပဲ ကျွန်တော်တို့ရဲ့ ကုသိုလ်ကောင်းမှုတွေဟာ မပြည့်စုံနိုင်ဘူးဆိုတာကိုနားလည်ရပါတယ်။ ဒါကို ဟေရှာယမှာတော့ ဒီလိုဖော်ပြထားပါတယ်။
ဟေရှာယအနာဂတ္တိကျမ်း ၆၄:၆
အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့် တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။
ဟုတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ မိမိတို့အတွက် တမလွန်လမ်းကိုသိထားသင့်ပေသည်။ ကျဥ်းသောလမ်းဖြစ်သော ယေရှုခရစ်တော် ပြုတော်မူသော ထာဝရကယ်တင်ခြင်း အသက်လမ်းသို့သာလိုက်ကြဖို့နှင့် မိမိတို့၏ မတတ်နိုင်ခြင်းကိုသာ မာနများထားကာ ငါလုပ်နိုင်တယ်၊ ငါတတ်နိုင်တယ်ဟုဆိုသော ကျယ်သောလမ်းသည် သေချာစိတ်ချမှုရှိရဲ့လားဆိုတာကို ဆင်ခြင်တတ်သောသူဖြစ်စေဖို့ဘုရားရှင်သင့်ကို စကားပြောပါစေ။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ထိုကျဥ်းသောလမ်းဖြစ်၍ တမလွန်အတွက် စိတ်ချရသောအဖြေဖြစ်သော သခင်ယေရှုခရစ်တော်ကို မိတ်ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ "ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက် လက်ဝါးကားတိုင်ပေါ်မှာ အသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း ၃ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်"
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus Kyaw Nyi