အပိုင်း (၃)
အပိုင်း ၂တွင် နောင်တရခြင်းနှင့်၀န်ချတောင်းပန်ခြင်း၏ အရေးကြီးပုံကို လေ့လာခဲ့ကြရာ ဤအပိုင်း ၃တွင်လည်း နောင်တရခြင်းနှင့် ၀န်ချတောင်းပန်ခြင်း၏ အရေးကြီးပုံ လက်ကျန်အချက်အချို့ကိုဆက်လက်လေ့လာပြီး အပြစ်အမျိုးအမည်များစွာကို ဆက်လက်ချီတက်ကြမည်။
ဖန်ဆင်းခြင်းဖန်ဆင်း ခံလူသားများ၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ပြန်ကြည့်လျှင် လူသည်ထာ၀ရဘုရား၏ အချစ်ကိုခံရဖို့ ဖန်ဆင်းခံရသည်ကို ယုံကြည်သူတို့ သိနားလည်ပေလိမ့်မည်။
ကယ်တင်ခြင်းသို့ရောက်ပြီး သမ္မာတရားကိုသိဖို့ ဘုရားရှင် အထူးအလိုရှိသည်။ ထိုမျှမက ဖန်ဆင်းခံလူသား၏ အပြန်အလှန်ဆက်သွယ်စကားပြောသော ယုံကြည်သူများနှင့် ဖန်ဆင်းရှင်ထာ၀ရဘုရားသည် ရင်းနှီးကျွမ်း၀င်ကာ ဘုရားရှင်၏ အထံတော်မှ စီးထွက်သော ဘုန်းတော် သန့်ရှင်းခြင်း ဖြောင့်မတ်ခြင်း ငြိမ်သက်ခြင်း ကြွယ်ခြင်း ကျန်းမာခြင်း ကောင်းမြတ်ခြင်း အလုံးစုံတို့ကို ဤကမ္ဘာမြေ၌ စေလွှတ်ပြီး သူ့၏ဘုန်းကိုထင်ရှားသည့် ဘုရားသားများဖြစ်ရန်မှာ ဖန်ဆင်းရှင်၏ လူကို
ဖန်ဆင်းရခြင်းရည်ရွယ်ချက်များဖြစ်သည်။ ထိုရည်ရွယ်ချက်ပြည့်စုံရန် ဘုရားနှင့်လူသည် ရင်းနှီးကျွမ်း၀င်သော အပြန်အလှန် ဆက်သွယ်ပြောဆိုအသက်ရှင်နေထိုင်ရမည်ဖြစ်သည်။ သို့သော် ဘုရားနှင့်လူအကြား အပြစ်တရား၀င်ရောက်လာပြီဆိုလျှင် ဖန်ဆင်းရှင်နှင့်ဆက်ဆံရေးကြိုးပြတ်ထွက်သွားပြီး အပြစ်တရားကစတင်အုပ်စိုးတော့သည်။
ဤလောကတွင် သခင်နှစ်ဦးသာရှိသည်။ တဦးကိုငြင်းပယ်၍တစ်ဦးကိုလက်ခံကြရသည်။
ရောမသြ၀ါဒစာ ၇း၁၉-၂၀
ငါသည် ကျင့်ချင်သောအကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့်၏။ ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့ အထဲ၌နေသောအပြစ်တရားသည်ကျင့်၏။
ရောမသြ၀ါဒစာ ၆း၂၀-၂၁
သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်စဉ် ကာလ၊ ဖြောင့်မတ် ခြင်းတရား၏လက်မှ လွတ်ကြ၏။ ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျ ိုးကိုရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။
အပြစ်တရားသည် လူသားတို့ကိုသေခြင်း၌လမ်းဆုံးရန် ခေါ်ဆောင်သွားသောကြောင့် ထိုအပြစ်တရားကို မိမိအသက်တာမှ မြန်မြန်နှင်ထုတ်သင့်သည်။ မြန်မြန် နောင်တရပြီး မြန်မြန် ၀န်ချတောင်းပန် စွန့်ပစ်ရမည်။ သို့မဟုတ်လျှင် ထိုအပြစ်တရားသည် တကိုယ်လုံးကိုဝါးမြို ပေလိမ့်မည်။ ထိုအပြစ်တရားကို မိမိအသက်တာမှ မြန်မြန် မနှင်ထုတ် နောင်တမရ မ၀န်ချ မတောင်းပန် မစွန့်ပစ်လျှင် ရှေးမြွေဟောင်းတည်းဟူသော စာတန်မာရ်နတ်ကို မိမိအသက်တာထဲ၌ အုပ်စိုးရန် အခွင့်ပေးသည့်အနေအထားဖြစ်သွားသည်။ စာတန်နှင့်သဘောတူညီကာ သူ့ကိုလုပ်ပိုင်ခွင့်ပေးသကဲ့သို့ သူ့စိတ်ကြိုက်လူသား ကိုခြယ်လှယ်ကာ ၎င်း၏ကျွန် ဒုစရိုက်၏ကျွန်အဖြစ် ခန့်အပ်မည်မှာ ဧကန်မုချပေတည်း။
ယောဟန် ၈း၃၄
ဒုစရိုက်ကို ပြု သမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။
ထိုအပြစ်များ လွှမ်းမိုးထားသောအသက်တာသည် ချည်နှောင်ခံရပြီး မိမိအသက်တာ မိမိသားသမီးများသာမက မြေးမြစ်မျိုးဆက် အဆက်ဆက်ထိ ထိုအပြစ်တရားသည် အရိပ်ကဲ့လို့ လိုက်မည်မှာ မလွဲဧကန်ဖြစ်သည်။ လူ၌ ခန္ဓာ ၊စိတ်၊ ဝိညာဉ်သုံးပါးရှိရာသုံးပါးစလုံး လွတ်မြောက်ရန် ဘုရားသခင် အလိုတော်ရှိသည်။ ခမည်းတော်ဘုရားသခင်သည် လူသားများနောင်တရရန်အပြစ်၀န်ချတောင်းပန်ပြီး အပြစ်ကို မိမိအသက်တာထဲမှ အပြီးအပိုင်စွန့်ပစ်ရန် အချိန်ကာလ အခြေအနေအမျိုးမျိုးပေး၍ သူ၏ အစေခံကျွန်များကို အထပ်ထပ်စေလွှတ်သော်လည်း နောင်တရခြင်းနှင့်၀န်ချတောင်းပန်ခြင်းကို လုံးဝ မရွေးချယ် ငြင်းပယ် ဆန့်ကျင်ပါက ထိုအရာသည် ဘုရားရှင်၏ အမျက်တော်ကို နှိုးဆော်ပြီး ကျိန်ခြင်းအမင်္ဂလာအဖြစ် မိမိမျိုးဆက် တဆက်ပြီးတဆက် အဆက်ဆက်တိုင်း၌ မျိုးရိုးအမင်္ဂလာ အနာရောဂါ မကျန်းမာခြင်း ဆုံးရှုံးခြင်း ဒုက္ခမျိုးစုံကို အမွေအဖြစ်ဆက်ခံဖို့ပေးသလိုဖြစ်သည်။
ယေရမိအနာဂတ္တိကျမ်း ၁၇း၉-၁၀
စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူ သိနိုင်သနည်း။ ငါထာဝရဘုရား သည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။
ထွက်မြောက်ရာကျမ်း ၂၀း၄-၅
အထက်မိုဃ်းကောင်းကင်၌၄င်း၊ အောက်အရပ် မြေကြီးပေါ်၌၄င်း၊ မြေကြီးအောက်ရေထဲ၌၄င်း ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မ လုပ်နှင့်။ ဦးမချဝတ်မပြု နှင့်။ အကြောင်းမူကား၊သင်၏ ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟုယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သော ဘုရား၊ ဖြစ်ပါသည်။
နောင်တရခြင်းနှင့်၀န်ချတောင်းပန်ခြင်း၏အရေးကြီးပုံ နောက်ဆုံးအချက်အနေဖြင့် မိမိအသက်တာ၌ သူတပါးပြစ်မှားမိသောအပြစ်များကို ဘုရားရှင်၏ မေတ္တာ၊ ဘုရားပေးသောခွန်အားဖြင့် တယောက်ကိုတယောက် ၀န်ချတောင်းပန်ခွင့်လွှတ်ကြရန် အထူးလိုအပ်ပါသည်။ ဘုရားရှင်ကိုသာမက မိမိပတ်၀န်းကျင်ရှိမိတ်ဆွေများနှင့်လည်း အပြစ်ကင်းသော မိဿဟာရခွင့်လွှတ်ခြင်းရှိရမည်။ သို့မဟုတ်လျှင် ကွဲပြားစေဖို့ရန် စာတန်ကို အခွင့်ပေးရာရောက်၏။
၂ကော ၂း၁၁
အကြင်သူ၏အပြစ်ကိုသင်တို့သည် လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်းလွှတ်၏၊ အကြောင်း မူကား၊ ငါသည်တစုံတယောက်သောသူ၏ အပြစ်ကို လွှတ်ဖူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏အခွင့်နှင့် လွှတ်ဖူး၏။ သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။
ဆက်ရန်
အစ်စတဲလ်