အီသန်ရေ ... အခုတလောငါ အဆင်မပြေဘူးဟာ
အဆင်မပြေတာတွေများလွန်းလို့ ဘယ်အရာကို အဆင်မပြေပါဘူးလို့ ငါထုတ်ပြောရမလဲ မသိတော့ဘူး အီသန် ...
အီသန် ...
အဆင်မပြေတာတွေအားလုံးကို နင့်ဆီမှာပဲ အကုန်လုံး ဖွင့်ဟချင်လိုက်တာ ...
ငါဖြစ်သမျှ အရာအားလုံးကို ပြောပြချင်နေမိတာ
ငါအဆင်မပြေဖြစ်သမျှတွေ နင့်ကိုသာရင်ဖွင့်လိုက်ရရင်
ငါနည်းနည်းဖြစ်ဖြစ် အဆင်ပြေမယ်လို့ ငါထင်တယ်
နင်က ငါ့ရဲ့ စိတ်ထွက်ပေါက်လေးလေ အီသန်
အဆင်မပြေတာတွေများတဲ့ ငါ့ဘဝထဲမှာ
နင်နဲ့တော့ အဆင်ပြေချင်သေးတာလေ
နောက်တစ်မျိုးပြောရရင် ...
နင့်အပြုံးလေးကိုထပ်မြင်ချင်သေးတာ
နင့်မျက်နှာလေးကို ထပ်တွေ့ချင်သေးတာလေ
မတော်တဆနဲ့ ခလုတ်တိုက်မိတိုင်းလည်း
ဘုရားနာမကလွဲရင်...
ငါရေရွတ်မိတဲ့နာမ်စားလေးဟာ နင်ပဲ အီသန်
အဲဒီလိုမျိုး ငါ့ရင်ထဲမှာ နင်ဟာ အမြဲတမ်းပဲရှိပါတယ်
အီသန် ... ငါလေ ...
အရင်က ငါပြောသမျှတိုင်းကို
နားမထောင်ချင်လည်း နားထောင်ပေးခဲ့တဲ့
အီသန်ဆိုတဲ့ ကောင်လေးကို လွမ်းတယ်
ပြီးတော့ ငါပြောသမျှတွေကို ဘုကလန့်နဲ့ပြန်ပြောတတ်တဲ့ နင့်စကားသံတွေကိုလည်း လွမ်းတယ်
ငါ နေလည်းမကောင်းဘူး အီသန်
ဖျားနာတာမျိုးတော့မဟုတ်ပေမဲ့
အစာအိမ်မှာ တစ်ခုခုတော့ဖြစ်နေတာ
ငါသိနေတယ် ...
နင်ငါ့ကိုပြောတော့မှာ ငါသိတယ်
"ဖြစ်မှာပေါ့ နင်မှဂရုမစိုက်တာ " လို့လေ
ငါ့အစာအိမ်ကိုတောင် ငါမေ့ပြီး
ငါနင့်ကိုပဲ ဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်ကြည့်နေခဲ့မိတာပါ အီသန် ...
အတိတ်တစ်ချို့ကို အလည်ရောက်ဖြစ်ခဲ့ရင်
"ဗိုက်မဆာလို့ပါ "ဆိုပြီး ပါလာတဲ့
ထမင်းဘူးလေးကို ပေးတတ်တဲ့ ကျောင်းစိမ်းဝတ်စုံနဲ့ ကောင်မလေးတစ်ယောက်ကို သတိရပေးပါ အီသန် ... ။
နင်ရော အဆင်ပြေနေရဲ့လား အီသန်
နေရောကောင်းရဲ့လား ...
နင့်အမျိူးသမီးနဲ့ရော အဆင်ပြေရဲ့လား ...
သူနင့်ကို ဂရုစိုက်ပေးရဲ့လား ...
သူနင့်ကို ချစ်ရဲ့လား ...
ဆောရီး ... အီသန်
အရာရာမှာအဆင်မပြေနေတဲ့ ငါက
နင့်ကို အဆင်ပြေလားလို့ မေးနေမိလို့ ။
ဆားတစ်ပွင့်