ကြယ်တွေစုံနေပြီ


နှင်းတွေလည်း ခမ်း

မိုးတွေလည်း တိတ်

နေရောင်ခြည်လည်း ဖျော့သွားခဲ့ပြီ

ချယ်ရီပင်ရဲ့အရွက်မှာ တင်ကျန်ရစ်တဲ့ မိုးစက်လေးတွေတစ်ဖြည်းဖြည်းကျနေတယ်

မြေသားတွေလည်း ပြန်မာလာပြီ 

ရေစီးသံလေး တောင်ကျချောင်းဆီက ကြားရတယ် 

ကြက်ဖတွန်လိုက်တော့ ကလေးတွေရီသံလည်း လမ်းမပေါ်ရောက်လာတယ် 

သက်တံ့ကလေးက ရီလျက် ပေါ်လာတယ်

ကိုယ့်အချစ်ကို ကိုယ်ထိန်းသိမ်းခွင့်

ကိုယ့်ကလေးကို ကိုယ်တိုင်ပုံသွင်းခွင့်

စိတ်ကူးဥာဏ်တွေ လွတ်လပ်ကြပြီ 

မြေနီလမ်းကို ဘိလပ်မြေဖုံးတဲ့လမ်းမှာ ချစ်သူလက်ကို ဆွဲပြီး အနာဂါတ်ကို မကြောက်မရွံံ့သွားကြ

လွန်ခဲ့တဲ့ အဘိုးကြီးမွေးကင်းစ ပြသနာဟာ ချုပ်ငြိမ်းသွားပြီ 

ဘုရားကျောင်းထဲက ဓမ္မတေးသံလွင့်နေတယ်

မြူတွေ ကောင်းကင်ကို ပျံတက်ကြတော့ တောင်ထိပ်က လက်ဝါးကပ်တိုင်ပေါ်လာတယ် 

ရာသီဥတုဟာ သာယာလာနေပါပြီ 

အမေတွေဟာ အိပ်ရေးဝဝအိပ်ကြတယ် 

ပေါင်မုန့်နဲ့နွားနို့တွေ ပေါတယ် 

ခရစ်စမတ်ကာလက တေးသံတွေမြူးတယ်

သီတင်းကျွတ်တော့ ဗျောက်အိုးဖောက်ဖြစ်ကြတယ် 

အရာရာဟာ ပုံမှန်ဖြစ်နေပြီ 

သာယာလှတဲ့ရှုခင်းနားမှာ ပန်းချီဆရာတွေ စကားဝိုင်းလုပ်ကြတယ် 

လဘ္ဘက်ရည်ဆိုင်မှာ ကဗျာရေးသူတွေ 

နောက်တော့ ဂီတသမားတွေ 

အားလုံးက အနုပညာမှာ လွတ်လပ်နေကြ

မှည့်လေးနဲ့ကောင်မလေးကို ချစ်တဲ့ကောင်လေးရဲ့ အချစ်ရေးလည်း ကံကောင်းခဲ့ပြီ 

အဆိုရူးတဲ့သူငယ်ချင်းရဲ့သီချင်းတွေလည်း လဘ္ဘက်ရည်ဆိုင်တွေမှာ ဖွင့်ကြပြီ 

ညလည်း မမှောင်တော့ 

နေ့လည်း မမှောင်တော့ 

အလင်းတွေကြားမှာ ကြောက်စိတ်မရှိတော့ဘူး 

လူမျိုးခြားကိုလည်း ချစ်ကြနေပြီ 

လူမျိုးချင်းလည်း ပခုံးဖက်ကြပြီ 

ဝါသနာတူတွေလည်း အတူအလုပ်လုပ်ကြပြီ

လေယာဉ်ပျံစီးပြီး ပြန်လာလို့ရပြီ 

ပါစကားပွဲဆို မိသားစုစုံလင်စွာ ထမင်းဝိုင်းစားကြပြီ 

ငွေအတွက်နဲ့ ကမ္ဘာခြားကို သွားစရာမလိုတော့ဘူးတဲ့

လယ်လုပ်တဲ့လူငယ်လည်း အဆင်ပြေ

သိုးလေးတွေ မွေးတဲ့လူငယ်လည်း အဆင်ပြေ

ရက်ကန်းသည်မလေးလည်း အဆင်ပြေ 

ကမ္ဘာကြီးက အဆင်ပြေ 

ထင်းရှူးတွေလည်း ရှင်သန် 

ချယ်ရီလည်း အချိန်မှန်ပွင့်

ချောင်းရေထဲက ငါးလည်းလွတ်လပ်စွာရေကူး

ဆေးရုံဟာလည်း မကြောက်ရ 

တရားရုံးလည်း မကြောက်ရ 

ကျောင်းလည်း မပုန်းကြတော့ဘူး 

ကမ္ဘာကြီးက ပုံမှန်ဖြစ်နေပြီ 

အပျော်တမ်းခရီးသွားကြ 

အပျော်တမ်း တောင်တက်ကြ 

အချိန်နဲ့ငွေတွေ ကာရံညီနေပြီ

ကြယ်တွေ ညတိုင်းစုံနေပြီ 

ဆည်းဆာတွေလည်း အလှဆုံးလန်းကြပြီ 

အဆင်ပြေပါပြီ လူ့ဘဝကြီးမှာ ... ။


ဆလိုင်းနံရံ