အထက်ကလာသော ပညာ


အီဂျစ်ပြည်မှာဆို ယောသပ်၊ ဗာဗုလုန်ပြည်မှာဆို ဒံယေလဆိုပြီး ဘုရင်ခံနဲ့၀န်ကြီးချုပ်ဖြစ်ခဲ့ကြတဲ့ သမိုင်းအထောက်အထားက သမ္မာကျမ်းစာမှာရှိပါတယ်။ တယောက်က ရောင်းစားခြင်းခံရတဲ့သူ၊ တယောက်က မျိုးနွယ်စုအလိုက် သုံ့ပန်းအဖြစ်ကျွန်ခံဖို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ။ သေချာတာကတော့ နှစ်ဦးစလုံးက ထာ၀ရဘုရားရဲ့နာမကိုသိရှိပြီး ကြောက်ရွံ့ရိုသေ၊ သစ္စာနဲ့ ယုံကြည်ကိုးကွယ်တဲ့ လူမျိုးတော်အနွယ်ထဲကပဲဖြစ်တယ်။    

 

သူတို့ ဘယ်တက္ကသိုလ်ကျောင်းဆင်းတွေလဲ။ ဘယ်လိုအဆင့်မြင့်ဓမ္မတက္ကသိုလ်က ဘွဲ့ရခဲ့တဲ့ ကျောင်းသား တွေလဲ။ ဘယ်လိုမိဘအသိုင်းအ၀ိုင်းရဲ့ ထောက်ပံ့ကူညီပံ့ပိုးပေးခြင်းကိုရလို့ ကြီးပွားအောင်မြင်တိုးတက် သွားတဲ့သူတွေလဲ။ သူတို့ရဲ့သူမတူအောင် တတ်သိနားလည်နေတဲ့ WISDOMဆိုတဲ့ပညာရပ်ကရော ဘယ်သူသင်ပေးလိုက်တာလဲ။    

 

ဒီအချက်ကိုကြည့်လိုက်ရင် ဘုရားနဲ့အဆက်ရှိတာကြောင့် ဘုရားပေးလို့ရတဲ့ပညာလို့ပဲ ဖြေစရာရှိပါတယ်။ သူတို့ဟာ ဘယ်လိုအဆင့်မြင့်တက္ကသိုလ်ကျောင်းဆင်းမှမဟုတ်ဘဲနဲ့ အဲဒီဉာဏ်ပညာကြောင့်ပဲ လောကမှာ နေရာ၊ ရာထူး၊ အဆင့်တွေရပြီး ချီးမြှင့်မြှောက်စားခြင်းခံကြရတာ မဟုတ်ပေလား။ အဲဒီလိုပြောလို့ ကျောင်းတက်စရာမလိုဘူး၊ လောကီပညာသင်ကြားစရာလုံး၀မလိုဘူး၊ ဘုရားကိုသိရင်ရပြီဆိုတဲ့ တဖက်စောင်းနင်း သဘောထားအမြင်ကို ဆိုလိုချင်တာမဟုတ်ပါဘူး။ အခြေခံသဘောတရားဖြစ်တဲ့ အရေးအဖတ်အတတ်ပညာတွေနဲ့ ဘာသာရေးဆိုင်ရာကျင့်ထုံးနည်းလမ်းတွေကိုတော့ အိမ်မှာရှိတဲ့ လူကြီးမိဘတွေက ဆိုင်ရာကဏ္႑အလိုက် လက်ဆင့်ကမ်းသင်ကြားပို့ချပေးလို့ တတ်မြောက်နေကြပြီးသား ဖြစ်မှာပါ။ အဓိကဆိုလိုရင်းကတော့ ဘုရားရဲ့မျက်နှာသာပေးခြင်းခံရတဲ့အကြောင်းကို မြင်တတ်ဖို့ပါ။    

 

အီဂျစ်ပြည်ရောက် ယောသပ် 

(ကမ္ဘာဦးကျမ်း ၄၁း၃၈ - ၄၂) - ဖာရောမင်းက ဘုရားသခင်၏ ၀ိညာဉ်တော်ကိုရ၍ ဤကဲ့သို့သောသူကို အဘယ်မှာရှာ၍ တွေ့မည်နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။ ယောသပ်အားလည်း ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အားပြတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူမရှိ။ သင်သည် နန်းတော်အုပ်ဖြစ်ရမည်။ သင်၏စကားအတိုင်း ငါ၏ပြည်သား အပေါင်းတို့ကို ငါစီရင်စေမည်။ ရာဇပုလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ၏။ တဖန်ကြည့်ပါ အဲဂုတ္တုပြည်တစ်ပြည်လုံးကို သင်အုပ်စိုးစေခြင်းငှာ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက် - လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ 

သူဟာ အီဂျစ်ပြည်ကြီးကို အုပ်ချုပ်စီမံခန့်ခွဲပိုင်ခွင့် တန်ခိုးအာဏာအပြည့်အ၀ရခဲ့တဲ့သူတဦး ဖြစ်ခဲ့ပါတယ်။    

 

ဒံယေလ  (ဒံ ၁း၁၇) - ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်းငှာ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနည်းလည်နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။    

 

(ဒံ ၁း၂၀) - ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ ရှိသမျှသော မာဂုပညာရှိ ဗေဒင်တတ်များထက်သာ၍ ဆယ်ဆတတ်ကြသည်ကို တွေ့မြင်တော်မူ၏။ 

စနစ်တကျ လေ့လာသင်ကြားဆည်းပူးထားသူတွေထက် ဆယ်ဆတောင် ပိုတတ်နေတယ်ဆိုတဲ့အကြောင်း တွေ့ရတယ်။    

 

တတိယတယောက် 

ဣသရေလမင်းဆက်ထဲမှာ နေလိုလလိုထင်ရှားထွန်းတောက်ပြီး ပညာအရာမှာ ထိပ်တန်းအကျဆုံး မင်းတပါးဖြစ်တဲ့ ရှောလမုန်ဘုရင်ကြီးပဲဖြစ်တယ်။    

 

ရှောလမုန်  (ဒု ရာဇ၀င်ချုပ် ၁း၇) - ထိုညဥ့်တွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက် ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။ 

 

ကျွန်တော်တို့များဆို ကြိုက်ပြီကွ လာထား ကြာသလားလို့။ ဆန်ဆီဆား၊ ငရုတ်ကြက်သွန်၊ အိမ်ခြံမြေ၊ တိုက်နဲ့ကား၊ ရွှေငွေစည်းစိမ်တွေ မိုးမွှန်သွားအောင် တောင်းပစ်လိုက်မှာပဲ။ ဒီကြားထဲမှာ လှယဉ်ကျေးမယ်နဲ့ မော်ဒယ်လ်ဂဲလ်လေးတွေကိုပါ စာရင်းထဲမှာ အဆစ်တောင်းဦးမှာ။ မိန်းကလေးတွေကျတော့ သူတို့ကြိတ်ပြီး သဘောကျနေတဲ့ မင်းသားတွေ၊ မော်ဒယ်လ်ဘွိုင်းတွေကို နာမည်တပ်ပြီး ဆုတောင်းမှာပေါ့။ ဟုတ်ဘူးလား။ ဒါပေမဲ့ ရှောလမုန်မင်းကြီးဖြစ်လာမဲ့သူက ဘယ်လိုနှလုံးသားမျိုးနဲ့ ဘယ်လိုဆုမျိုးတောင်းခဲ့သလဲသိရဲ့လား။ ထာ၀ရဘုရားသခင်တောင် ကြွေသွားအောင် သူဆုတောင်းတတ်တာကို ပြောချင်တာပါ။

 

(ဒု ရာဇ၀င်ချုပ် ၁း၁၀ - ၁၂) - အကျွန်ုပ်သည် ဤလူတို့ရှေ့မှာ ထွက်၀င်နိုင်မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက် များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်လေ၏။ ဘုရားသခင်ကလည်း သင်သည် ထိုသို့အောက်မေ့၍ စည်းစိမ်ဥစ္စာ ဂုဏ်အသရေကိုမတောင်း၊ ရန်သူတို့၏အသက်ကိုလည်း မတောင်း၊ တာရှည်သောအသက်ကိုလည်းမတောင်း၊ ငါခန့်ထား၍ သင်အစိုးရသောငါ၏လူမျိုးကို တရားစီရင်ခြင်းငှာ တတ်နိုင်သော ဉာဏ်ပညာကိုသာ ကိုယ်အဘို့တောင်းသောကြောင့် ဉာဏ်ပညာကို ငါပေး၏။ ထိုမှတပါး သင့်ရှေ့မှာဖြစ်ဘူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတံ့သော ရှင်ဘုရင်တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။     

 

မတောင်းဘဲနဲ့ ပြည့်တဲ့ဆုဗျ။ (ရွှေငွေစည်းစိမ်ဥစ္စာတွေအပြင် တရား၀င်မယားတင် အယောက်၇၀၀နဲ့ လိုက်ပွဲအဖြစ် မောင်းမမိဿံအယောက်၃၀၀တောင် အဆစ်ထည့်ပေးလိုက်တဲ့အကြောင်း ဝါသနာပါပြီး စာရင်းပြုစုထားသူအချို့ရဲ့ မှတ်တမ်းအရသိရတယ်)    

 

(၃ရာ ၁၁း၃)မှာကြည့်ရင် ဒီသဘောတရားကို သခင်ယေရှုက ဓမ္မသစ်ကာလမှာလည်း ကျွန်တော်တို့ ယုံကြည်သူအားလုံးအတွက် အခွင့်အရေးပေးတဲ့အနေနဲ့ ဖွင့်ပြသွန်သင်ပေးထားပါတယ်။    

 

(ရှင်မဿဲ ၆း၃၃) - ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။ အဲဒါက လျှို့၀ှက်ချက်ဖြစ်တယ်။ အခုခေတ် လူတွေပြောပြောနေတတ်ကြတဲ့ လောကမှာအောင်မြင်ကောင်းစား ချီးမြှောက်ခြင်းကို ရောက်လိုသူတွေ ဖြစ်ဖို့အတွက် ၀ှက်ဖဲတချပ်ပါပဲ။

 

(သုတ္တံကျမ်း ၂း၆) - အကြောင်းမူကား ထာ၀ရဘုရားသည် ပညာကိုပေးတော်မူ၏။ နားလည်နိုင်သော ဉာဏ်ပညာသည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏။    

 

(သုတ္တံကျမ်း ၉း၁၀) - ထာ၀ရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏ မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသော သဘောသည် ဉာဏ်ဖြစ်၏။    

 

(ယာကုပ် ၁း၅) - သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ။ တောင်းလျှင် ရလိမ့်မည်။    

 

ရှောလမုန်မင်းကြီးက အထက်ပါ ဘုရားသခင်ရဲ့အမှတ်ပေးစည်းမျဉ်းနဲ့ ညီသွားခဲ့တဲ့အတွက် ဘ၀ဂုဏ်ထူးထွက်ခဲ့တဲ့သူတယောက်ပါ။    

 

(၃ရာ ၃း၁၂ - ၁၃) - သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။ ရှေးကာလ၌ သင်နှင့်တူသောသူတယောက်မျှ မဖြစ်၊ နောင်ကာလ၌ မဖြစ်နိုင်အောင် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်၀ိညာဉ်ကို သင့်အား ငါပေး၏။    

 

(တတိယ ဓမ္မရာဇ၀င် ၄း၂၉ - ၃၂) - ဘုရားသခင်သည် များစွာသော ဉာဏ်ပညာကို၎င်း သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်၀န်းသောနှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍ ပညာတော်သည် အရှေ့ပြည်သား ပညာနှင့် အဲဂုတ္တုပြည်သားပညာကို လွန်ကဲ၏။ ရှောလမုန်သည် ဧဇရဟိတ်အမျိုး ဧသန်၊ မဟောလသား ဟေမန်၊ ခါလကောလ၊ ဒါရဒ အစရှိသော လူအပေါင်းတို့ထက် သာ၍ ပညာရှိသဖြင့် ခပ်သိမ်းသော တိုင်းနိုင်ငံ အရပ်ရပ်၌ ကျော်စောလေ၏။ စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင်ငါးခု ရှိ၏။    

 

မှတ်ချက် - အထက်ပါနာမည်တွေက ရှောလမုန်နဲ့ ခေတ်ပြိုင်စာဆိုကျမ်းပြုသူများဖြစ်သည်       

 

 

တင်အောင်လွင် (Exodus)