မိမိအပြစ်အတွက်နောင်တရခြင်းနှင့် ၀န်ချတောင်းပန်ခြင်း


အပိုင်း (၂)
ပြီးခဲ့သည့်အပတ်၌ နောင်တရခြင်းနှင့်ဝန်ချတောင်းပန်ခြင်းအကြောင်း မိတ်ဆက်ပေးပြီး နောင်တရခြင်းနှင့်၀န်ချတောင်းပန်ခြင်းတို့၏ အနက်အဓိပ္ပါယ်နှင့်တကွ နှုတ်ကပတ်ကျမ်းစာတော်မြတ်များကို လေ့လာခဲ့ရပေလိမ့်မည်။ 

ယခုအပိုင်းတွင်မူ နောင်တရခြင်းနှင့်၀န်ချတောင်းပန်ခြင်းသည် မည်မျှအရေးကြီးကြောင်း၊ မည်သည့်အပြစ်အမျိုးအမည်များကို ၀န်ချတောင်းပန်ရမည်အကြောင်းတို့ကို ဆက်လက်လေ့လာကြပါမည်။

နောင်တရခြင်းနှင့်၀န်ချတောင်းပန်ခြင်းတို့သည် မည်မျှအရေးကြီးကြောင်း သင်သိသည်နှင့်တပြိုင်နက် မိမိဘဝတလျှောက် မွေးစတည်းကနေ ယခုချိန်ထိ ဘုရားနှင့်မိမိပတ်၀န်းကျင်ရှိ လူများကို ပြစ်မှားကျူးလွန်မိခဲ့သည်များကို သင်လျစ်လျူရှုလိမ့်မည် မဟုတ်ပေ။ ယုံကြည်သူဖြစ်ဖို့ သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အရှင်သခင်အဖြစ် ခေါ်ဖိတ်လက်မခံစဉ်ကာလတွင် မိမိ၏စစ်မှန်သောအခြေအနေ အပြစ်သားဖြစ်ကြောင်းနှင့် ထိုအပြစ်သားဘဝမှလွတ်မြောက်ဖို့ အပြစ်၏ အဖိုးအခ အပယ်ငရဲမှ ကျွတ်လွတ်ဖို့ ကယ်တင်ရှင်ကိုလိုကြောင်း စစ်မှန်စွာနောင်တရပြီး မိမိသည့်အပြစ်သားဖြစ်ကြောင်း ဝန်ချတောင်းပန်ပြီး သခင်ယေရှုခရစ်တော်ကို မိမိအသက်တာထဲမှာ ရာနှုန်းပြည့် ခေါ်ဖိတ်လက်ခံ အုပ်စိုးခွင့်ပေးခြင်းသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရန်လက်မှတ်ကို အပိုင်ရယူခြင်းဖြစ်သည်။ 

ယုံကြည်သူဖြစ်သွားသည်နှင့် ဝိညာဉ်ထဲ၌ မိမိသည် လူသစ်အဖြစ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကအသစ်တဖန်မွေးဖွားစေပြီး မိမိဝိညာဥ်နှင့် နာမ်ဝိညာဉ်ဖြစ်တော်မူသော အသက်ရှင်သောဘုရားနှင့် ဝိညာဉ်ချင်းဝိညာဉ်အချိတ်အဆက် ရသွားမည်။ ထိုဖြစ်စဉ်ပြီးသွားသော်လည်း နောင်တရခြင်းနှင့်ဝန်ချတောင်းပန်ခြင်းသည် ရပ်တန့်ပြီးဆုံးသွားသည်တော့ မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ယေရှု ခရစ်တော်၏ အသွေးတော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလအထိ ဆေးကြောခွင့်လွှတ်ထားသော်ငြားလည်း လူဆိုသည့်အမျိုးမှာ အခြေအနေ အချိန်ကာလအမျိုးမျိုးတွင် ဖောက်ပြန်ပြောင်းလဲတတ်သည် မဟုတ်လော။

ယုံကြည်သောသူဖြစ်စေ၊ မယုံကြည်သေးသောသူဖြစ်စေ လူသားတိုင်းသည် ဖန်ဆင်းရှင်ဘုရားသခင်ထာဝရဘုရားနှင့် အလွန်တရာ သက်ဆိုင်ပေသည်။ သို့သော် ယုံကြည်သောသူသည် တလုံးတဝတည်းဟူသော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားနှင့်သာ၍ သက်ဆိုင်ပေသည်။

ယုံကြည်သောသူသည် ဘုရားမကြိုက်သောအပြုအမူ အကျင့်အကြံ အတွေးအခေါ်အကြံအစည်တို့ကို စတင်လက်ခံသည်နှင့်တပြိုင်နက် ထိုအပြစ်ဒုစရိုက်သည် တကိုယ်လုံးကိုနေရာယူကာ မိမိရှိနေသည့် လုံခြုံ ၍ကွယ်ကာသော ဘုရားသခင်၏ မျက်မှောက်တော်အထဲမှအပြင်သို့ ဆွဲထုတ်သွားခြင်း ခံရသည်။ စာတန်အုပ်စိုးသောအရပ်ထဲသို့ သွေးဆောင်ပါသွားသည်။ စာတန်၏အုပ်စိုးခြင်းခံရသောမတရားသောသူများ၏ အချည်အနှောင်လက်အောက်၌ ကိုယ်လွတ်ရုန်း၍မရအောင် ချည်ခြင်းခံရသည်။ ဘုရားရှင်နှင့်ဝိညာဉ်မိဿဟာယ အဆက်ပြတ်စေသည်။

ဟေရှာယအနာဂတ္တိကျမ်း ၅၉း၁-၂
ကြည့်ရှုလော့။ထာဝရဘုရားသည်
မကယ်မတင်နိုင်အောင် လက်တော်တိုသည် မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။ သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူ စေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။ ဆုတောင်းခြင်းအားလည်းနားမညောင်းတော့ပေ။

ဆာလံကျမ်း ၆၆း၁၈
ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။ မိမိအသက်တာ၌ဘုရားဘုန်းမထင်ရှားပေ။

၁ ကော ၁၀း၃၁
သင်တို့သည်စားသော်၄င်း၊ သောက်သော်၄င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။ ဘုရားဆုံးမတော်မူခြင်းကိုခံရသည် နောင်တမရမချင်း။

ဟေဗြဲ ၁၂း၄-၇
သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြ သေး။ ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကို စစ်ဆေး တော်မူသောအခါ စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ ကို ဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသောဩဝါဒစကားကို မေ့လျော့ကြ သလော။ သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကိုပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော။ ဘုရားရှင်နေ့ရက်တိုင်းပြင်ဆင်ထားပေးသည့် ကောင်းချီးမင်္ဂလာ
များဖြစ်သည့် ဆုလာဘ် ၀မ်းမြောက်မှု ငြိမ်သက်ခြင်း မခံစားရပေ။

၁ ကော ၃း၁၃
အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဘော်ပြချိန် နေ့ရက် သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။

ဆာလံကျမ်း ၅၁း၁၂
ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော။

သုတ္တံကျမ်း ၁း၃၃
ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည်။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်ပြည့်၀မှုမရှိခြင်းတို့ကိုပါ တွေ့ရသည်။

ဧဖက်သြဝါဒစာ ၅း၁၈ 
လွန်ကျူးစေတတ်သော စပျစ်ရည် နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။ ဆက်လက်ပြီး ဘုရားရှင်ကိုဆန့်ကျင်ခြင်း၏ကျိန်ခြင်း အမင်္ဂလာများကိုတွေ့ရပေလိမ့်မည်။

တရားဟောရာကျမ်း ၂၈:၁၅-၂၃
ယနေ့ ငါဆင့်ဆိုသော သင်၏ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကိုနားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတ္တံ့သော ကျိန်ခြင်းအမင်္ဂလာများဟူမူကား၊ သင်သည် မြို့၌ အမင်္ဂလာရှိလိမ့်မည်၊ တော၌ အမင်္ဂလာရှိလိမ့်မည်။ ခြင်တောင်း၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကောင်း အမင်္ဂလာရှိလိမ့်မည်။ သားသမီးအားဖြင့်လည်းကောင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း အမင်္ဂလာရှိလိမ့်မည်။ မိမိအိမ်ထဲသို့ဝင်သောအခါ အမင်္ဂလာရှိလိမ့်မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။ ထာဝရဘုရားကိုစွန့်၍ ပြုမိသော ဒုစရိုက်အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက်ရောက်စေတော်မူမည်။ သင်သွား၍ ဝင်စားလတ္တံ့သောပြည်မှ သုတ်သင်ပယ်ရှင်းတော်မမူမီ တိုင်အောင်၊ ကာလနာကို သင်၌စွဲစေတော်မူမည်။ ထာဝရဘုရားသည် သင့်ကို တူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်လည်းကောင်း၊ ဓားဘေး၊ လေထိ၍အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူ၍၊ သင်သည်မပျက်စီးမီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။ သင့်ခေါင်းပေါ်မှာ မိုးကောင်းကင်သည် ကြေးဝါကဲ့သို့လည်းကောင်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။

ရောမသြဝါဒစာ ၁၄း၂၁
အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်း စရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။ 

အပြစ်ကိုမလုပ်မိလျှင် အကောင်းဆုံးဖြစ်သည်။ ထိုသို့ဆိုသော် အပြစ်မလုပ်ရဟုအတင်းအကြပ်မကန့်သတ်ဘဲ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ဘုရားရှင်သည် လူသားတို့ကို ကမ္ဘာဦးကတည်းကပင် ပေးထားသည်။ အပြစ်လုပ်မိခဲ့လျှင်လည်း ချက်ချင်းပင် နောင်တနှင့်၀န်ချတောင်းပန် ဘုရားဘက်ပြန်လှည့်ဖို့လိုသည်မှာ မြေကြီးလက်ခပ်မလွဲပေ။ မိမိ၏ရွေးချယ်မှုသည် မိမိအသက်တာကို ပုံဖော်ဆောင်သည်။ အထက်ပါဆိုခဲ့ပြီးသော ဆိုးကျိုးရလဒ်များကို သင်မလိုချင်ပါက သင်နှင့်ကျွန်ုပ်သည် နောင်တရခြင်းနှင့်အပြစ်၀န်ချ တောင်းပန်ခြင်းကိုသာရွေးယူပြီး၄င်း၏အရေးကြီးပုံကို တထစ်ချ မှတ်မိနေလိမ့်မည်။

ဆက်ရန်

အစ်စတဲလ်