ကယ်တင်ခြင်းဟူသောစကားလုံးသည် ခရစ်ယာန်တို့အဖို့ နေ့စဥ်မြင်တွေ့ရသည့် မိသားစုဝင်များအလား ရင်းနှီးမှုရှိပါသည်။ သို့သော်လည်း ကယ်တင်ခြင်း "ဆုံးရှုံးနိုင်၏၊ မဆုံးရှုံးနိုင်၏"ဟူသောစကားမှာယုံကြည်သူများသာမက အမှုတော်ဆောင်များအကြားတွင်ပင် ဝိဝါဒကွဲပြားလျက်ရှိနေသည်။ ကယ်တင်ခြင်းဆိုသည်မှာ (ဂရိ - soteria) ဆိုသည်မှာ “လွတ်မြောက်ခြင်း”၊ “ အန္တရာယ်ကင်းရှင်းစွာ ခေါ်ဆောင်သွားခြင်း”၊ ထိခိုက်နစ်နာမှုမှ ကယ်ဆယ်ခြင်း”ဖြစ်ပြီး၊ ဓမ္မဟောင်းကျမ်းထဲတွင် ဘုရားသခင်သည် သူ၏လူမျိုးများကို ကယ်တင်သောဘုရားဖြစ်ကြောင်းကို ဖော်ပြထားပါသည် (ဆာ ၂၇း၁၊ ၈၈း၁၊ တရား ၂၆း၈၊ ဆာ ၂၆း၁၊ ဟေရှာ ၂၅း၆၊ ၅၃း၅) ဓမ္မသစ်ကျမ်းထဲတွင် “လမ်းခရီး၊ သို့ လမ်းအားဖြင့် အသက်ကို ရရှိပြီး, ကောင်းကင်ဘုံ၌ ဘုရားသခင်နှင့် မိတ်သဟာဖွဲ့ခွင့်ရကြောင်းကို ဖော်ပြထားပါသည် (မ ၇း၁၄၊ မာ ၁၂း၁၄၊ ယော ၁၄း၁၆၊ တ ၁၆း၁၇၊ ၂ပေ ၂း၂, ၂၁) ဤကယ်တင်ခြင်းလမ်းမှာ အဆုံးတိုင်အောင် လျှောက်ရမည့် လမ်းတစ်လမ်းဖြစ်ပါသည်။ ကယ်တင်ခြင်းအကြောင်းကို လုပ်ဆောင်မှုနှစ်မျိုး၊ အဆင့်သုံးဆင့်နှင့် တစ်လမ်းတည်းသာရှိကြောင်း ဖော်ပြနိုင်ပါသည်။
(၁) ကယ်တင်ခြင်းသို့ ရောက်နိုင်သည့်လမ်းမှာ
ယေရှုခရစ်တော်အားဖြင့်တစ်လမ်းတည်းသာရှိပါသည်။
(၂) ထို့ကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် (ယော ၁း၁၆)လူသားတို့၏ယုံကြည်ခြင်းနှင့် တုံ့ပြန်မှုအားဖြင့် ကယ်တင်ခြင်းရရှိခြင်းဖြစ်ပါသည်။ John White မှလည်း “ ကောင်းကင်တမန်သည် အပျိုကညာမာရိရှေ့၌ ထင်ရှားပြီး သူမသည် အံ့သြဖွယ်အမှုကိုပြုရမည့်အကြောင်း ကြေညာရောက်လာသောအခါ၊ စိတ်နှလုံး သိမ်မွေ့စွာ ကိုယ်တော်စကားအတိုင်းဖြစ်ပါစေဟု ပြန်ပြောခဲ့သည်။ (လု ၁း၃၈) ထိုနေရာတွင် အချက်နှစ်ချက်ကို ရှာဖွေတွေ့ရှိရာ - ပထမအချက်မှာ ကြားရသည့် နှုတ်ကပတ်တော်စကားအတိုင်း သူမ၏ယုံကြည်ခြင်းသည် တုံ့ပြန်ခဲ့သည်။ ဒုတိယအချက်မှာ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ လောကသမိုင်းအထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်မှအစပြုပေးပြီး သင်၏ရွေးချယ်တုံ့ပြန်မှုအပေါ်တွင် ဘုရားသခင်မှ အလုပ်လုပ်မည်ဖြစ်သည်ဟု ပြောခဲ့သည်။
ကယ်တင်ခြင်းအဆင့်သုံးဆင့်
Ø
ဝိညာဥ်အသက်သေနေခြင်းမှ ဝိညာဥ်အသက်ရှင်ခြင်း
Ø
အပြစ်၏အုပ်စိုးခြင်းနှင့်
အပြစ်ဒုစရိုက်အား ပြုလုပ်နေသောအခြေအနေမှ လွတ်မြောက်စေ၍ သန့်ရှင်းသောဝိညာဥ်တော်ဖြင့်
ပြည့်ဝခြင်းကို ခံယူရခြင်းဖြစ်ပါသည်။
Ø ခရစ်ယာန်တို့သည် ကယ်တင်ခြင်းဆုံးရှုုံးနိုင်သည်
အနာဂတ်ကာလတွင် ဘုရားသခင်၏အမျက်တော်ဒဏ်မှ လွတ်မြောက်ရခြင်း ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရခြင်း၊ သစ္စာရှိ၍ အောင်မြင်သူများအနေဖြင့် ဘုရားသခင်၏ ဆုလာဘ်များခံစားရခြင်းတို့ဖြစ်ပါသည်။
ခရစ်ယာန်တို့သည် ကယ်တင်ခြင်းဆုံးရှုုံးနိုင်သည်ဟူသော
အတွေးအခေါ်နှင့်အယူအဆသည် ဘုရားသခင်၏ စကားတော်နှင့် ယေရှုခရစ်တော်၏ကတိပေးမိန့်မှာချက်များအား ယုံမှားသံသယဖြစ်လာခြင်းမှ လာသည်ဟု စာရေးသူယူဆသည်။ Got Questions တွင်
“ဘုရားသခင်၏စကားတော်အား သံသယဝင်နေမည့်အစား ထိုစကားတော်အပေါ်မှာ ရပ်တည်၍
ဝမ်းမြောက်ခြင်းကိုရယူပါ။ ကျွန်တော်တို့ ယုံကြည်စိတ်ချစွာ အသက်ရှင်နိုင်မည်ဖြစ်သည်။ ကျွန်တော်တို့သည် ယေရှုခရစ်တော်၏ကတိတော်နှင့်
မိန့်တော်မူချက်များအပေါ်ရပ်တည်နေသောအခါဝယ် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအပေါ်တွင်
မေးခွန်းထုတ်ခြင်းများရှိလာမည်မဟုတ်ကြောင်း" ပြောထားသည်။ ထပ်မံ၍
ဖြည့်စွက်လိုသည်မှာ ကယ်တင်ခြင်း ဆုံးရှုံးခြင်းအကြောင်းကို ပြောသူများနှင့်
တွေးထင်နေသူများသည် မိမိဉာဏ်ကို အမှီပြုနေသောသူများဖြစ်သောကြောင့်ဟု ဆိုရုံသာရှိတော့သည်။
အကြောင်းမှာ “ဘုရားသခင်ရဲ့မေတ္တာကို တကယ်နားမလည်၊ မခံစားရသောကြောင့်၊
ခံစားနားလည်နေမှုသည်လည်း မိမိ၏အသိဉာဏ်နှင့် နှလုံးသားမပါသော စိတ်ခံစားချက်ပေါ်ကိုလိုက်သောကြောင့်"ဟု ကောက်ချက်ချရုံရှိသောကြောင့်ဖြစ်သည်။ ယေရှုခရစ်တော်၏ ကားတိုင်ထက်အသက်စွန့်မေတ္တာတော်အား အမှန်တကယ်ခံစားရသူသည် ကယ်တင်ခြင်း ဆုံးရှုံးနိုင်သည်ဟု ပြောရမည်မဟုတ်။
စဥ်းစားရမည်လည်း မဟုတ်တော့ပါချေ။
ဗုဒ္ဓဝါဒမှ ခရစ်တော်
ယခုလပိုင်းအတွင်း တချိန်က ဗုဒ္ဓဝါဒမှ ခရစ်တော်ကိုသိကျွမ်းလာပြီး ထိုမှတဆင့် မူရင်းဗုဒ္ဓဘာသာသို့ပင် ပြန်လည်ခိုဝင်သွားသူ လူငယ်တယောက်အကြောင်းမှာ ဘာသာရေးလောကတွင် နာမည်ကြီးနေသည်။ သူသည် တချိန်က ခရစ်တော်ကို "အမှန်တကယ်သက်ဝင်ယုံကြည်ပါတယ်"ဟု ဝန်ခံပြီးကာမှ ယခုအချိန်တွင်တော့ "မယုံကြည်နိုင်တော့ပါ"ဟူ၍ မူရင်းနေမြဲဘာသာဝင်တယောက်ပြန်ဖြစ်သွားသည်။ အနောက်နိုင်ငံများတွင်လည်း ယေရှုခရစ်တော်နှင့် ဘုရားသခင်အား စွန့်လွှတ်သည့် အရည်အတွက်မှာ များပြားလာပြီဖြစ်သည်။ မည်သည့်အတွက်ကြောင့်နည်း။ သူတို့သည် ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားရမည့်အစား မိမိဉာဏ်ပညာကိုသာ ဦးစားပေး၍ နှလုံးသားမပါသော စိတ်ခံစားချက်များကြောင့် ထာဝရဘုရားအား ကြာကြာမကိုးကွယ်နိုင်ပါဘဲ စွန့်ပစ်သွားရခြင်းဖြစ်သည်။ ပမာပြုရသော် အကြောင်းတစ်စုံတရာကြောင့် စိတ်ခံစားချက်ဖြစ်ကာ ရင်ခုန်မိပြီး ခဏတာ ရည်စားထားတတ်သောသူများနှင့် နှိုင်းယှ်အပ်ပေသည်။ များမကြာသောအချိန်တွင် သူတို့သည် အမှန်တကယ် နှလုံးသားနှင့်မချစ်နိုင်၍ လက်တွဲဖြုတ်ကြသည့်သဏ္ဍာန်သို့ ဆိုက်ရောက်သွားကြသည်။
စာတန်လှည့်စားပုံ
ဤအကြောင်းအရာသည်စာတန်က ယေရှုခရစ်တော်အား လှည့်စားခဲ့ပုံကို ပြန်လည်အောက်မေ့ရမည့်ပုံစံနှင့် ထပ်တူကျသည်။ ရှင်မဿဲအခန်းကြီး(၄)တွင် စာတန်သည် ယေရှုခရစ်တော်အား စုံစမ်းနှောက်ယှက်ခဲ့သည့်အကြောင်းကို လေ့လာကြည့်လျှင် ဆင်ခြင်မိနိုင်မည်ဖြစ်သည်။ ယေရှုက ဘုရားသားတော်ဖြစ်သည့်အပြင် တန်ခိုးအစွမ်းရှိသည်မှာ စာရှုသူတို့အသိပင်။ ထိုအချိန်တွင် စာတန်က ယေရှုခရစ်တော်၏ လုပ်နိုင်စွမ်းတန်ခိုးကို အသုံးချပြီး ၎င်း၏လှည့်ကွက်ထဲသို့ ရောက်လာစေရန် လမ်းကြောင်းခင်းသည်။ အစာရှောင်ပြီး ထွက်လာသော ယေရှုခရစ်တော်အား ဆာလောင်မှုဖြေသိမ့်ရန် ကျောက်ခဲကို မုန့်ဖြစ်စေဖို့ရန်ပင် တိုက်တွန်းသွေးဆောင်ခဲ့ပေသေးသည်။ စာတန်၏ လှည့်စားခြင်းသည် မရှုပ်ထွေးလှပါ။ ကိုယ်တိုင်မသိလိုက်တဲ့၊ သတိလွတ်သွားတဲ့ တကွက်၊နှစ်ကွက်မျှသာဖြစ်သည်။ ယေရှုခရစ်တော်သည် ဘုရားဖြစ်၍ စာတန်ရဲ့လှည့်ကွက်အောက်တွင် မပိတ်မိခဲ့ပါသော်ငြာလည်း လူသားများမှာတော့ ကမ္ဘာဦးအစပထမတည်းက လှည့်စားခံနေကြရပြီးဖြစ်သည်။ အခုအချိန်အခါတွင်လည်း စာတန်လှည့်စားမှုအား အံတင်းခံကာ လှည့်ဖြားခံနေဦးမည့် လူသားများပင်။ ဤသို့သော စာတန်၏လှည့်ဖြားခြင်းကို စုံစမ်းနှောက်ယှက်ခြင်းဟု ခေါ်ဆိုနိုင်ပြီး ဘုရားသခင်၏ စုံစမ်းစစ်ကြောခြင်းဟု ခေါ်ဆိုနိုင်သည်။
စုံစမ်းစစ်ကြောခြင်း
ဤနေရာတွင် စုံစမ်းစစ်ကြောခြင်းနှင့် ပက်သက်၍ အနည်းငယ်အကျယ်တဝင့် ဆွေးနွေးလိုပါသည်။ ဘုရားသခင်သည် ယုံကြည်သူများ၏ အသက်တာပိုင်းတွင် ကြီးထွားရင့်ကျက်လာဖို့ အစဥ်အမြဲ စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ စုံစမ်းခြင်းတွင် ဘုရားသခင်က စုံစမ်းစစ်ကြောခြင်း (ဖယ်ရာစမော့စ် - Pheirasmos) နှင့် စုံစမ်းနှောက်ယှက်ခြင်း (ဖယ်ရာဇို - Pheirazo) ဟူ၍ နှစ်ပိုင်းနားလည်နိုင်သည်။ စုံစမ်းစစ်ကြောခြင်းသည် ဘုရားသခင်မှ မိမိ၏အလိုတော်နှင့် အကြံအစည်တော်ပြည့်စုံစေရန်အတွက် မိမိလူများကို လေ့ကျင့်ပေးခြင်းဖြစ်သည်။ ဝိညာဥ်ရေးရာကြီးထွားလာစေရန်နှင့်အတူ ထိုအလွန်တွင် ဆုလာဘ်ကောင်းကြီးများပေးဖို့ရန် ရည်ရွယ်ချက်များလည်း တပါတည်းပါရှိသည်။ စုံစမ်းနှောက်ယှက်ခြင်းတွင်တော့ စာတန်သည် ယုံကြည်သူများအား ဝိညာဥ်ရေးရာအသက်တာကျဆင်းပြီး ဘုရားသခင်အား အယုံအကြည်မဲ့လာစေရန် စာတန်မှ အခွင့်ရခြင်းများနှင့်အတူ ဘုရားသခင်ခွင့်ပြုသည့် အတိုင်းအတာတခုအထိ ယုံကြည်သူများအား နှောက်ယှက်ခွင့်ရရှိခြင်းဖြစ်သည်။ ဘုရားသခင်ခွင့်ပြုသည့် အတိုင်းအတာတခုဆိုသည်မှာ ဘုရားသခင်သည် ယုံကြည်သူများကို ချောင်ပိတ်စစ်ဆေးခြင်းမဟုတ်ဘဲ ထွက်မြောက်ရာလမ်းကို ပြင်ပေးထားသောကြောင့် ဖြစ်သည်။
ဘုရားသခင်သည် ၎င်းအား ကိုးကွယ်ယုံကြည်သူများသည် ဟန်ဆောင်မှုဖြင့်မဟုတ်ဘဲ စိတ်နှလုံးသားအကြွင်းမဲဖြင့် စစ်မှန်သော ယုံကြည်မှုကို လိုချင်သည်။ ကမ္ဘာလူသားအားလုံးအား လက်ခံယုံကြည်ရန် အခွင့်အရေးပေးထားသည်။ ဘုရားသခင်ရှိကြောင်းလက်ခံ၍ ၎င်းအား ကိုးကွယ်မှုပြုခြင်းမပြုခြင်းမှာ လူ့အပိုင်းသာလျှင် ဖြစ်သည်(ကာဣန)။
ဘုရားသခင်အား ယုံကြည်လက်ခံပြီး သူ့နောက်လိုက်လာသူများအားလည်း ပိုမိုရင့်ကျက်သောသူများ ဖြစ်လာစေရန် စုံစမ်းစစ်ကြောခြင်းများနှင့်အတူ ကောင်းကြီးမင်္ဂလာများကို ဘုရားသခင် ပြင်ဆင်ထားသည်။ ယခုအချိန်တွင်လည်း စစ်ဆေးနေခြင်းဖြစ်သည်။ ထိုကဲ့သို့ စစ်ဆေးနေခြင်းကြောင့် လူသားတို့သည် မိမိတို့၏ အတွေးအမြင်များထက် ဘုရားသခင်၏ အလိုတော်သို့ နာခံလိုက်လျှောက်ဖို့ရန်လိုအပ်လာပြီဖြစ်သည်။ ကယ်တင်ခြင်း ဆုံးရှုံးခြင်း၊ မရှုံးခြင်း အတွေးအခေါ်သည်လည်း ဘုရားသခင်စကားတော်ထက် မိမိအသိဉာဏ်ကို အလေးသာအမှီပြုခြင်းကြောင့် ဆုံးရှုံးနိုင်သည်ဟူသော အဆိုများထွက်လာခြင်းဖြစ်သည်။ (ဤအရာသည် ပေါ့ဆရမည့် ကိစ္စတော့မဟုတ်) မိမိ၏သိမြင်မှုသည် ဘုရားသခင်၏စကားတော်ကို "ဆန့်ကျင်၏၊ မဆန့်ကျင်၏" ပြန်လည်ဆန်းစစ်ကြဖို့ရန် အစဥ်အမြဲလိုအပ်ပါသည်။
ကားတိုင်ထက်၌အသေခံပေးခဲ့ရခြင်း၏ ရည်ရွယ်ချက်
ယေရှုခရစ်တော်သည် ဤလောက၌ လူ့ဇာတိခံယူကာ ကားတိုင်ထက်၌အသေခံပေးခဲ့ရခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ ရည်ရွယ်ချက်မှာ မိမိသည် လူသားအားလုံးကိုယ်စား အပြစ်အတွက် အသေခံ ပေးခြင်းအားဖြင့် လူသားအားလုံး ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ခွင့်ကိုရရှိပြီး ထိုအခွင့်ကို လက်ဆုပ်လက်ကိုင်ရယူသူတိုင်းသည် ကောင်းကင်နိုင်ငံတော်ကို ဝင်စားရမည်ဖြစ်သည်။ ယေရှုခရစ်တော် ဟောခဲ့သော တရားသည်လည်း ထိုတရားပင်ဖြစ်ပေသည်။ “ကောင်းကင်နိုင်ငံတည်လုနီးပြီး၊ နောင်တရကြလော့” ဟု လိုက်လံဟောပြောခြင်းသည် ယေရှုခရစ်တော်လူသားများအား ကယ်တင်ခြင်းတရားသို့ လှမ်းလာ ရန်ဖြစ်သည်။
နောဧ
ဤအကြောင်းအရာသည် နောဧအားဖြင့် ဆိုရမည်လားပင်။ နောဧသည်လည်း ဆိုးသွမ်းလှသောလူသားများအကြားမှ ဖြောင့်မတ်သောသူဟု ဘုရားသခင်၏သတ်မှတ်ခြင်းကိုခံရပြီး ဘုရားသခင်သည်လည်း ၄င်းအား အလုပ်ပေးကာ သင်္ဘောဆောက်စေခဲ့သည်။ တချိန်တည်းတွင် မိမိသင်္ဘောဆောက်နေချိန်မှာပဲ အခြားသော သူများအားလည်း ဘုရားသခင်သည် ဤလောကကြီးကို ဖျက်ဆီးတော့မည်။ သို့ပါသောကြောင့် နောင်တရကြဖို့ တိုက်တွန်းဟောပြောခြင်းကိုလည်း နှစ်ကာလကြာရှည် (နှစ်ပေါင်း၁၂၀နီးပါး) လုပ်ဆောင်ခဲ့သည်။ သို့သော် ၄င်းကိုယ်တိုင်သည်လည်း ဘုရားသခင်၏စကားတော်ကို ယုံကြည်စွာပင် နာခံလုပ်ဆောင်ခဲ့သည်။ အခြားသောသူများ ပြောသကဲ့သို့ "မိုးမရွာဘူးဘဲ။ မိုးရွာမယ်လို့ ပြောတဲ့အရူးကြီး"ဟု ကပ်ပွန်းတပ်ခံရချိန်တွင် “ဘုရားသခင် ကိုယ်တော်ပြောတော့ မိုးရွာမယ်ဆို၊ အရင်တုန်းကလည်း မိုးမရွာဖူးဘဲနဲ့ တကယ်ကော ကိုယ်တော့်မိုးက ရွာလာမှာလား” ဟုနောဧမေးခွန်းထုတ်မေးမြန်းခဲ့ခြင်းမရှိသည်မှာ အလွန်တရာ ထူးဆန်းနေပေသည်။ နောဧမေးခွန်းထုတ်ခဲ့ပါက ကျမ်းစာတွင် မထိမ်မဝှက် ရေးသားမည်ဟု စာရေးသူယုံကြည်ပါသည်။ နောဧ၏အသက်တာအားဖြင့် စာရေးသူခိုင်းနှိုင်းပြောရခြင်းမှာ စာရှုသူတို့ ကယ်တင်ခြင်းရမည့်အချိန်တွင်လည်း နောဧလက်ထက်ကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံးကို ဘုရားသခင်က တရားစီရင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ သို့ပါသောကြောင့် ဘုရားသခင်က ကယ်တင်မည်ဟုပြောထားသည့် ဘုရားသခင်၏ စကားတော်ကို သံသယမရှိပဲ မိမိလုပ်စရာရှိသည့် သင်္ဘောဆောက်လုပ်ခြင်းကိုသာ နောဧလုပ်ဆောင်နေခဲ့သကဲ့သို့ပင် စာရှုသူတို့လည်း ယေရှုခရစ်တော်မိန့်မှာခဲ့သည့် မဟာစေခိုင်းချက်ကိုသာ လုပ်ဆောင်နေသင့်သည်ဟု ထင်မြင်မိပါသည်။
အရိပ်ပြလျှင် အကောင်မြင်
အချို့က ကယ်တင်ခြင်းဆုံးရှုုံးနိုင်သည်ဟုလက်ခံကာ “အရိပ်ပြလျှင် အကောင်မြင်ရမည်” ဟု ပြောဆိုမှုများကိုလည်း တွေ့ရပြန်ရာ အလွန်ပင် ဉာဏ်ထက်လေပါတကားဟု တွက်ဆမိသည်။ ကျမ်းစာသည် စာရေးသူတို့ ဦးနှောက်နှင့် လိုက်မှီနိုင်သလောက်ကိုသာ ဖော်ပြထားသည်။ အထူးသဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်ဖြစ်သည့် လူသားများအား ကယ်တင်ခြင်းအကြောင်းအရာကိုမူ အရိပ်သာမဟုတ် အကောင်လိုက်ကို ပြထားသည်။ ယေရှုခရစ်တော်တပါးလုံးလုံးး လောကသို့ကြွလာခြင်းသည် မည်သူမျှ မငြင်းဆန်နိုင်သော ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ပြသခြင်းဖြစ်သည်။ ထိုအရာကို သံသယမရှိ ယုံကြည်ရမည် ဖြစ်သည်။ အကယ်၍ ဆုံးရှုံးနိုင်သည်ဟု ယူဆနေသူများသည် ခရစ်တော်အား လက်မခံသကဲ့သို့ပင် ဖြစ်နေနိုင်သည်ဟု ယူဆရပါမည်။
သွယ်ဝိုက်၊ ကွယ်ဝှက်
မည်သူမဆို အရေးကြီးသောစကားကို သွယ်ဝိုက်၍မပြော။ အလွန်အရေးကြီးသောကိစ္စကို ကွယ်ဝှက်၍မလုပ်။ နားလည်လွယ်စေပြီး ရှင်းလင်းအောင်လုပ်ကြသည်။ ပြောဆိုကြသည်။ လူသားများ ကယ်တင်ခြင်းရရေးကိစ္စသည် ဘုရားသခင်အတွက် အရေးကြီးသော ကိစ္စရပ်တခုဖြစ်ပေသည်။ သို့ပါသောကြောင့် မိမိသားတော်ကိုပင် မနှမြောဘဲ လောကကိုစေလွှတ်ခြင်းဖြစ်သည်။ သားတော်လောကသို့ ကြွလာမည့်အကြောင်းကိုလည်း ကြိုတင်ပရောဖက်ပြုချက်များဖြင့် အသိပေးပြောဆိုရေးသားထားပြီး ကြွလာခဲ့ချိန်တွင်လည်း "ဤသူသည် ဘုရားလော၊လူလော။ အမှန်တကယ် ငါတို့ကို ကယ်တင်နိုင်မည်သူပါလော"ဟု ယုံမှားသံသယမရှိစေရန် အံ့သြမှင်သက်ဖွယ်ရာ ထူးခြားသော နိမိတ် လက္ခဏာများ အမျိုးမျိုးကို ပြသခဲ့သည့်အပြင် မိမိသည် ဘုရားဖြစ်ကြောင်းနှုတ်မှလည်း ကိုယ်တိုင်မြွက်ဆို ပြောကြားခဲ့ပြီး ခမည်းတော်စေလွှတ်ကြောင်းနှင့် မိမိလာရခြင်းအကြောင်းများကိုလည်း ဖော်ပြသည်။ မိမိပြန်သွားသည့်အခါ၌လည်း မိမိဘာလုပ်မည်ဆိုသည့်အရာကို သေသေချာချာပြောသွားခဲ့သည်။
သို့ပါသောကြောင့် ကယ်တင်ခြင်းသည် ဆုံးရှုုံးခြင်း လုံးဝ(လုံးဝ) မရှိပေ။ ဆုံးရှုံးနိုင်သည်ဟု လက်ခံသောသူသည် ယုဒလူများကဲ့သို့ ဘုရားလူမျိုးဖြစ်နေပါလျက်နှင့် ယေရှုခရစ်တော်ကို ငြင်းပယ်သောသူများပင် ဖြစ်သည်။ ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်းရသည်ဟုပြောပြော၊ ကြိုတင်ရွေးကောက်ထားခြင်းကြောင့် ကယ်တင်ခြင်းရသည်ဟုဆိုဆို နှစ်ဦးနှစ်ဘက်စလုံးသည် ယေရှုခရစ်တော်၏ ကယ်တင်ခြင်းဆုကျေးဇူးကို သံသယအလျင်းမရှိပါဘဲ ယုံကြည်ရပါမည်။
ရွေးကောက်ရင်လည်းပဲ ဘုရားသခင်၏စကားတော်ကိုကြားမှသာလျှင် ပြောင်းလဲမှုဖြစ်မှာဖြစ်သည်။
ဧဝံဂေလိတရား
ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်သာလျှင် ဖြစ်နိုင်သောကြောင့် လူ့နှုတ်ကပြောသော ဧဝံဂေလိတရားစကားကိုပဲကြားကြား ဘုရားသခင်ကပဲ တိုက်ရိုက်ခေါ်ခေါ် ဘုရားသခင်၏စကားတော်ကို ကြားပြီး မယုံကြည်သောသူမှာ ကယ်တင်ခြင်းအခွင့်မရရှိနိုင်ပေ။ ယုံလျှင်ရမည်။ ဒါပါပဲ။ ထို့ကြောင့် ကျေးဇူးတော်အားဖြင့်ရသော ကယ်တင်ခြင်းသည် ဘယ်သောအခါမျှ ဆုံးရှုံးလိမ့်မည်ဟု မဟုတ်ဟု စာရေးသူတဦးတည်းအမြင်အား ဖော်ပြလိုက်ရပါသည်။
ဖေတာခင်မြင့်